ပညာအလိမ္မာ ၁၁:၁-၃၁

  • ဉာဏ်ပညာက ကျိုးနွံသူတွေနဲ့အတူ ရှိနေ ()

  • အယူဖောက်ပြန်သူက တခြားသူကို ပျက်စီးစေ ()

  • “အကြံပေးသူ များရင် အောင်မြင်” (၁၄)

  • ရက်ရောတဲ့သူ ကြီးပွား (၂၅)

  • ကိုယ့်စည်းစိမ်ကို ကိုးစားသူ ရှုံးနိမ့် (၂၈)

၁၁  ယေဟောဝါက မမှန်တဲ့ချိန်ခွင်ကို ရွံရှာတယ်။ မှန်တဲ့အလေးကိုတော့ နှစ်သက်တယ်။+  ၂  ရောင့်တက်ခြင်းရဲ့နောက်မှာ အရှက်ကွဲခြင်း လိုက်လာလိမ့်မယ်။+ ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်။+  ၃  စိတ်ရိုးဖြောင့်သူတွေကို သမာဓိက လမ်းပြတယ်။+ သစ္စာဖောက်သူတွေကိုတော့ စဉ်းလဲမှုက ဖျက်ဆီးလိမ့်မယ်။+  ၄  အမျက်တော်ထွက်တဲ့နေ့မှာ စည်းစိမ်ဥစ္စာတွေက အကျိုးပြုမှာ မဟုတ်ဘူး။+ ဖြောင့်မတ်ခြင်းကတော့ သေခြင်းကနေ ကယ်တင်လိမ့်မယ်။+  ၅  ဖြောင့်မတ်ခြင်းက အပြစ်ပြောစရာမရှိသူရဲ့ လမ်းခရီးကို ဖြောင့်ဖြူးစေတယ်။ လူဆိုးကတော့ သူ့ဆိုးညစ်မှုကြောင့်ပဲ ပြိုလဲရလိမ့်မယ်။+  ၆  စိတ်ရိုးဖြောင့်သူတွေကို ဖြောင့်မတ်ခြင်းက ကယ်တင်လိမ့်မယ်။+ သစ္စာဖောက်သူတွေကတော့ သူတို့ရဲ့ လိုအင်ဆန္ဒတွေကြောင့်ပဲ ထောင်ချောက်မိလိမ့်မယ်။+  ၇  လူဆိုးသေတဲ့အခါ သူ့မျှော်လင့်ချက် ပျက်စီးသွားတယ်။ သူ့အစွမ်းအစကို အခြေခံတဲ့ မျှော်လင့်ချက်တွေလည်း ပျက်စီးသွားတယ်။+  ၈  ဖြောင့်မတ်သူဟာ ဒုက္ခကနေ ကယ်တင်ခံရတယ်။ သူ့အစား လူဆိုးက ဒုက္ခခံရတယ်။+  ၉  အယူဖောက်ပြန်သူရဲ့* စကားက တခြားသူကို ပျက်စီးစေတယ်။ ဖြောင့်မတ်သူကတော့ အသိပညာကြောင့် ကယ်တင်ခံရတယ်။+ ၁၀  ဖြောင့်မတ်သူရဲ့ ကောင်းမြတ်မှုက မြို့ကို ဝမ်းမြောက်စေတယ်။ လူဆိုးပျက်စီးတဲ့အခါမှာတော့ ရွှင်လန်းစွာ ကြွေးကြော်ကြတယ်။+ ၁၁  ရိုးဖြောင့်သူရဲ့ ကောင်းချီးကြောင့် မြို့က ကြီးပွားတိုးတက်တယ်။+ လူဆိုးရဲ့ နှုတ်ကြောင့် မြို့က ပြိုလဲတတ်တယ်။+ ၁၂  ဆင်ခြင်ဉာဏ်မရှိသူက* သူတစ်ပါးကို အထင်သေးတတ်တယ်။ စစ်မှန်တဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပိုင်ဆိုင်တဲ့သူကတော့ နှုတ်ဆိတ်နေတတ်တယ်။+ ၁၃  အသရေဖျက်သူက အတွင်းရေးတွေကို ပေါက်ကြားစေတတ်တယ်။+ ယုံကြည်စိတ်ချထိုက်သူကတော့ လျှို့ဝှက်ထားတတ်တယ်။ ၁၄  ကျွမ်းကျင်စွာ လမ်းညွှန်ပေးသူမရှိရင် လူတွေ ကျရှုံးတတ်တယ်။ အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်။+ ၁၅  သူစိမ်းအတွက် ချေးငှားပေးဖို့ အာမခံတဲ့သူဟာ ဒုက္ခရောက်မှာ သေချာတယ်။+ အာမခံတဲ့အနေနဲ့ လက်ဆွဲနှုတ်ဆက်တာကို ရှောင်တဲ့သူကတော့ ဘေးကင်းလုံခြုံလိမ့်မယ်။ ၁၆  ကျက်သရေရှိတဲ့ အမျိုးသမီးဟာ ဂုဏ်သရေကို ရယူတတ်တယ်။+ ကြမ်းကြုတ်သူတွေကတော့ စည်းစိမ်ကို လုယူတတ်တယ်။ ၁၇  သနားကြင်နာတတ်သူဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုး ပြုတယ်။+ ရက်စက်သူကတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်စေတယ်။+ ၁၈  လူဆိုးက လှည့်စားတတ်တဲ့လုပ်ခတွေကို ရတတ်တယ်။+ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲတဲ့သူကတော့ စစ်မှန်တဲ့ဆုကျေးဇူးကို ရတတ်တယ်။+ ၁၉  ဖြောင့်မတ်မှုဘက် အခိုင်အမာရပ်တည်သူဟာ အသက်ရှင်လိမ့်မယ်။+ ယုတ်မာမှုနောက် တကောက်ကောက်လိုက်သူကတော့ သေဆုံးရလိမ့်မယ်။ ၂၀  ယေဟောဝါက ကောက်ကျစ်သူတွေကို ရွံရှာတယ်။+ အပြစ်ကင်းတဲ့လမ်းစဉ် လိုက်သူတွေကိုတော့ နှစ်သက်တယ်။+ ၂၁  ယုတ်မာသူဟာ ပြစ်ဒဏ် ခံကိုခံရလိမ့်မယ်၊+ဖြောင့်မတ်သူရဲ့ သားသမီးတွေကတော့ လွတ်မြောက်လိမ့်မယ်ဆိုတာကို စိတ်ချပါ။ ၂၂  ဆင်ခြင်ဉာဏ်မဲ့တဲ့ မိန်းမချောဟာဝက်နှာခေါင်းမှာ တပ်ထားတဲ့ ရွှေကွင်းနဲ့တူတယ်။ ၂၃  ဖြောင့်မတ်သူရဲ့ လိုအင်ဆန္ဒဟာ ကောင်းကျိုးကို ဖြစ်စေတယ်။+ လူဆိုးရဲ့ မျှော်လင့်ချက်ကတော့ အမျက်တော်သင့်စေတယ်။ ၂၄  ရက်ရက်ရောရော ပေးကမ်းသူဟာ ရပြီးရင်းရတတ်တယ်။+ ပေးသင့်တာကိုမပေးဘဲ တွန့်တိုနေသူကတော့ ဆင်းရဲတတ်တယ်။+ ၂၅  ရက်ရောတဲ့သူဟာ ကြီးပွားလိမ့်မယ်။+ သူတစ်ပါးကို လန်းဆန်းစေတဲ့သူဟာ ကိုယ်တိုင် လန်းဆန်းရလိမ့်မယ်။+ ၂၆  ကောက်နှံတွေ ထုတ်မပေးတဲ့သူကို လူတွေကျိန်ဆဲလိမ့်မယ်။ ထုတ်ရောင်းသူကိုတော့ ဆုမွန်ကောင်းတောင်းပေးလိမ့်မယ်။ ၂၇  ကောင်းမှုပြုဖို့ ဝီရိယရှိရှိ ကြိုးစားသူဟာ မျက်နှာသာရဖို့ ကြိုးစားတဲ့သူပဲ။+ မကောင်းတာလုပ်ဖို့ ရှာကြံသူကတော့ မကောင်းတာတွေကိုပဲ ကြုံတွေ့ရလိမ့်မယ်။+ ၂၈  ကိုယ့်စည်းစိမ်ကို ကိုးစားတဲ့သူဟာ ရှုံးနိမ့်ရလိမ့်မယ်။+ ဖြောင့်မတ်သူကတော့ သစ်ရွက်တွေလို ဝေဆာလိမ့်မယ်။+ ၂၉  ကိုယ့်မိသားစုကို ဒုက္ခပေးတဲ့သူဟာ လေကိုပဲ အမွေရလိမ့်မယ်။+ လူမိုက်ဟာ ဉာဏ်ပညာရှိသူဆီမှာ ကျွန်ခံရလိမ့်မယ်။ ၃၀  ဖြောင့်မတ်သူရဲ့ လုပ်ရပ်ဟာ အသက်ပင်နဲ့ တူတယ်။+ မှန်ရာလုပ်ဖို့ သူတစ်ပါးကို ဖျောင်းဖျနိုင်သူဟာ ဉာဏ်ပညာရှိသူပဲ။+ ၃၁  ကမ္ဘာပေါ်မှာ ဖြောင့်မတ်သူတောင် ထိုက်သင့်သလို ခံရတယ်ဆိုရင်လူဆိုးတွေ၊ အပြစ်လုပ်သူတွေဟာ ပိုလို့တောင် ခံရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ဘုရားတရားမဲ့သူရဲ့။”
မူရင်း၊ “စိတ်နှလုံးမရှိသူက။”