ပညာအလိမ္မာ ၁၄:၁-၃၅

  • ကိုယ့်စိတ်ဒုက္ခ ကိုယ်သာသိ (၁၀)

  • မှန်တယ်ထင်ရပေမဲ့ သေခြင်းဆီ ပို့ဆောင်တဲ့လမ်း (၁၂)

  • ရိုးအတဲ့သူက ပြောသမျှယုံ (၁၅)

  • သူဌေးမှာ မိတ်ဆွေ ပေါများ (၂၀)

  • တည်ငြိမ်တဲ့စိတ်ဟာ ကိုယ်ခန္ဓာကို ကျန်းမာစေ (၃၀)

၁၄  တကယ့်ကို ဉာဏ်ပညာရှိတဲ့မိန်းမက အိမ်ကို တည်ဆောက်တတ်တယ်။+ မိုက်မဲတဲ့မိန်းမကတော့ သူ့လက်နဲ့ပဲ အိမ်ကို ဖြိုဖျက်တတ်တယ်။  ၂  ဖြောင့်မှန်တဲ့လမ်းမှာ လျှောက်လှမ်းသူဟာ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူပဲ။ ကောက်ကျစ်တဲ့လမ်းမှာ လျှောက်လှမ်းသူကတော့ ဘုရားကို မထီလေးစား လုပ်တဲ့သူပဲ။  ၃  လူမိုက်ရဲ့နှုတ်မှာ မောက်မာမှုကြိမ်လုံး ရှိတယ်။ ဉာဏ်ပညာရှိသူတွေရဲ့ နှုတ်ကတော့ ကိုယ်ကို ကာကွယ်လိမ့်မယ်။  ၄  နွားအုပ်မရှိရင် စားခွက် သန့်ရှင်းတယ်။ ဒါပေမဲ့ နွားထီးရဲ့ ခွန်အားကြောင့် သီးနှံတွေ အလျှံပယ်ထွက်တာ။  ၅  သစ္စာရှိတဲ့သက်သေဟာ လိမ်မပြောတတ်ဘူး။ မုသားသက်သေကတော့ အလိမ်အညာချည်းပဲ ပြောတတ်တယ်။+  ၆  မထီလေးစားလုပ်တဲ့သူက ဉာဏ်ပညာကိုရှာပေမဲ့ တွေ့မှာမဟုတ်ဘူး။ သိနားလည်မှုရှိသူအတွက်တော့ အသိပညာရဖို့ လွယ်ကူတယ်။+  ၇  လူမိုက်ကို ဝေးဝေးရှောင်ပါ။ သူ့ဆီမှာ အသိပညာနဲ့ ဆိုင်တဲ့စကားတွေ ကြားရမှာ မဟုတ်ဘူး။+  ၈  အမြော်အမြင်ရှိသူက ဉာဏ်ပညာကြောင့် ကိုယ်သွားနေတဲ့လမ်းအကြောင်း နားလည်တယ်။ လူမိုက်တွေကိုတော့ ကိုယ့်မိုက်မဲမှုကပဲ လှည့်စားတတ်တယ်။*+  ၉  လူမိုက်တွေက အမှားလုပ်ထားတာတောင် အပျော်အပျက်လို့ ထင်ကြတယ်။+ စိတ်ရိုးဖြောင့်သူတွေကတော့ ပြန်သင့်မြတ်ချင်စိတ် ရှိကြတယ်။ ၁၀  ကိုယ့်စိတ်ဒုက္ခကို ကိုယ်ပဲသိတယ်။ ကိုယ်ပျော်နေတာကို သူတစ်ပါး မျှဝေခံစားပေးနိုင်မှာ မဟုတ်ဘူး။ ၁၁  လူဆိုးရဲ့အိမ်ဟာ ဖျက်ဆီးခံရလိမ့်မယ်။+ စိတ်ရိုးဖြောင့်သူရဲ့ တဲကတော့ စည်းစိမ်တိုးလာလိမ့်မယ်။ ၁၂  လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့+ နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုးရှိတယ်။+ ၁၃  ရယ်မောနေပေမဲ့ ရင်ထဲမှာ နာကျင်နေနိုင်တယ်။ ပျော်ရွှင်မှုဟာ ကြေကွဲမှုနဲ့ အဆုံးသတ်နိုင်တယ်။ ၁၄  ထင်ရာစိုင်းတဲ့စိတ်ရှိသူဟာ ကိုယ့်လမ်းစဉ်ရဲ့ အကျိုးဆက်ကို ပြန်ခံရလိမ့်မယ်။+ လူကောင်းကတော့ ကိုယ့်လုပ်ရပ်ရဲ့ ကောင်းကျိုးတွေကို ခံစားရလိမ့်မယ်။+ ၁၅  ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။+ ၁၆  ဉာဏ်ပညာရှိသူက သတိကြီးတယ်။ မကောင်းမှုကို ရှောင်တတ်တယ်။ လူမိုက်ကတော့ တဇောက်ကန်း လုပ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတယ်။ ၁၇  ဒေါသထွက်လွယ်သူက မိုက်မိုက် မဲမဲ ပြုမူတတ်တယ်။+ စဉ်းစားချင့်ချိန်တတ်သူကတော့ အမုန်းခံရတတ်တယ်။ ၁၈  နုံအတဲ့သူက မိုက်မဲခြင်းကို အမွေရလိမ့်မယ်။ အမြော်အမြင်ရှိသူကတော့ အသိပညာကို သရဖူဆောင်းရလိမ့်မယ်။+ ၁၉  မကောင်းတဲ့လူတွေက လူကောင်းတွေကို ဦးညွှတ်ရလိမ့်မယ်။ လူဆိုးတွေကလည်း ဖြောင့်မတ်သူတွေရဲ့ တံခါးဝမှာ ဦးညွှတ်ရလိမ့်မယ်။ ၂၀  ဆင်းရဲသားကို အိမ်နီးချင်းတွေကတောင် မုန်းတတ်တယ်။+ သူဌေးမှာတော့ မိတ်ဆွေ ပေါများတတ်တယ်။+ ၂၁  မိတ်ဆွေအပေါင်းအသင်းကို အထင်သေးတာဟာ အပြစ်ကျူးလွန်တာပဲ။ နိမ့်ကျသူကို သနားစာနာမှု ပြတဲ့သူကတော့ ပျော်ရွှင်ချမ်းမြေ့တယ်။+ ၂၂  အကောက်ကြံတဲ့သူတွေဟာ လမ်းလွဲသွားတတ်တယ်။ ကောင်းတာလုပ်ဖို့ ကြိုးစားတဲ့သူတွေကတော့ လူတွေရဲ့ချစ်ခင်မှု၊ ယုံကြည်မှုကို ရတတ်တယ်။+ ၂၃  ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။ အပြောချည်းသက်သက်ကတော့ ဆင်းရဲချို့တဲ့စေတယ်။+ ၂၄  ဉာဏ်ပညာရှိသူတွေရဲ့ သရဖူဟာ စည်းစိမ်ပဲ။ လူမိုက်တွေရဲ့ လုပ်ရပ်ကတော့ မိုက်မဲတာတွေချည်းပဲ။+ ၂၅  မှန်တဲ့သက်သေက သူတစ်ပါးရဲ့အသက်ကို ကယ်တင်တတ်တယ်။ လှည့်စားတဲ့သူကတော့ အလိမ်အညာချည်းပဲ ပြောတတ်တယ်။ ၂၆  ယေဟောဝါကို ကြောက်ရွံ့ ရိုသေသူဟာ အရာရာတိုင်းမှာ ဘုရားကို ကိုးစားတယ်။+ သူ့သားသမီးတွေဟာ ခိုလှုံရာကို တွေ့လိမ့်မယ်။+ ၂၇  ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ အသက်စမ်းရေတွင်း ဖြစ်တယ်။ သေခြင်းရဲ့ ကျော့ကွင်းတွေကို ရှောင်ရှားစေနိုင်တယ်။ ၂၈  လူဦးရေများတာဟာ ဘုရင်ရဲ့ခံ့ညားထည်ဝါမှုပဲ။+ လက်အောက်ခံပြည်သူမရှိတဲ့ အုပ်စိုးရှင်ကတော့ ပျက်စီးသွားလိမ့်မယ်။ ၂၉  လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ပိုင်းခြားသိမြင်နိုင်စွမ်း ကြီးမားတဲ့သူပဲ။+ စိတ်မရှည်တဲ့သူကတော့ မိုက်မဲမှုကို ဖော်ပြတတ်တယ်။+ ၃၀  တည်ငြိမ်တဲ့စိတ်ဟာ ကိုယ်ခန္ဓာကို ကျန်းမာစေတယ်။ မနာလိုစိတ်ကတော့ အရိုးတွေကို ဆွေးမြေ့စေတယ်။+ ၃၁  နိမ့်ကျသူတွေကို ဖြတ်စားလျှပ်စား လုပ်တဲ့သူဟာ ဖန်ဆင်းရှင်ကို စော်ကားတဲ့သူပဲ။+ နွမ်းပါးသူတွေကို သနားစာနာမှု ပြတဲ့သူကတော့ ဘုရားကို ဂုဏ်တင်တဲ့သူပဲ။+ ၃၂  လူဆိုးက မိမိရဲ့ ယုတ်မာမှုကြောင့်ပဲ ပြိုလဲလိမ့်မယ်။ ဖြောင့်မတ်သူကတော့ မိမိရဲ့ သမာဓိကို ခိုလှုံလိမ့်မယ်။+ ၃၃  ဉာဏ်ပညာဟာ သိနားလည်မှုရှိသူရဲ့ စိတ်ထဲမှာ တိတ်ဆိတ်စွာ နေတတ်တယ်။+ လူမိုက်တွေဆီမှာတော့ ထင်ရှားပြတတ်တယ်။ ၃၄  ဖြောင့်မတ်ခြင်းက လူမျိုးတစ်မျိုးကို ချီးမြှောက်နိုင်တယ်။+ အပြစ်ကတော့ လူမျိုးတစ်မျိုးကို အသရေပျက်စေနိုင်တယ်။ ၃၅  ဘုရင်က ထိုးထွင်းဉာဏ်ရှိရှိလုပ်တတ်တဲ့ ကျွန်ကို နှစ်သက်တယ်။+ အရှက်မရှိပြုမူတဲ့ ကျွန်ကိုတော့ အမျက်ထွက်တယ်။+

အောက်ခြေမှတ်ချက်များ

“လူမိုက်တွေရဲ့မိုက်မဲမှုက သူတစ်ပါးကို လှည့်စားတတ်တယ်” လည်းဖြစ်နိုင်။