ပညာအလိမ္မာ ၃၀:၁-၃၃
၃၀ ယာကေရဲ့သား အာဂုရက အိသေလနဲ့ ဥကလကိုပြောတဲ့ အရေးကြီးစကား။
၂ ငါဟာ လူတကာထက် အသိအမြင်နည်းတဲ့သူ၊+လူမှာရှိသင့်တဲ့ သိနားလည်နိုင်စွမ်း မရှိတဲ့သူပဲ။
၃ ဉာဏ်ပညာ မဆည်းပူးခဲ့တဲ့သူ၊အသန့်ရှင်းဆုံးအရှင် ပိုင်ဆိုင်တဲ့ အသိပညာမျိုး မရှိတဲ့သူပဲ။
၄ ကောင်းကင်ပေါ် တက်ဖူးတဲ့သူ၊ ပြန်ဆင်းလာတဲ့သူ ဘယ်သူရှိသလဲ။+
လေကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်ဖူးတဲ့သူ ဘယ်သူရှိသလဲ။
ရေကို အဝတ်နဲ့ထုပ်ဖူးတဲ့သူ ဘယ်သူရှိသလဲ။+
ကမ္ဘာမြေတစ်ခွင်လုံးကို ဘယ်သူတည်ခဲ့သလဲ။+
သူ့နာမည်၊ သူ့သားရဲ့နာမည်က ဘာလဲ။ သိရဲ့လား။
၅ ဘုရားသခင်ရဲ့ နှုတ်ထွက်စကား မှန်သမျှဟာ သန့်စင်တယ်။+
ဘုရားဟာ ခိုလှုံသူတွေအတွက် ဒိုင်းလွှားပဲ။+
၆ နှုတ်တော်ထွက်စကားတွေမှာ ဘာမှထပ်မဖြည့်နဲ့။+
ထပ်ဖြည့်ရင် ဘုရား ပြစ်တင်ဆုံးမလိမ့်မယ်။
မင်းလည်း လူလိမ်ဖြစ်သွားလိမ့်မယ်။
၇ အို ဘုရားသခင်၊ ဆုနှစ်ခု တောင်းချင်ပါတယ်။
ကျွန်တော် မသေခင် အဲဒီဆုနှစ်ခုကို ပေးသနားပါ။
၈ မမှန်တဲ့စကား၊ မုသာစကားတွေကို ကျွန်တော့်ဆီကနေ ဖယ်ရှားပေးပါ။+
ဆင်းရဲခြင်းကိုဖြစ်စေ၊ ချမ်းသာခြင်းကိုဖြစ်စေ မပေးဘဲလိုအပ်သလောက် အစားအစာကိုပဲ ပေးသနားပါ။+
၉ လိုတရဖြစ်နေရင် “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆိုပြီး ကိုယ်တော့်ကို ငြင်းပယ်မိမှာ စိုးလို့ပါ။+
ဆင်းရဲသွားရင်လည်း ခိုးဝှက်ပြီး နာမတော် ကဲ့ရဲ့စရာဖြစ်အောင် လုပ်မိမှာ စိုးလို့ပါ။
၁၀ သခင့်ဆီမှာ ကျွန်ရဲ့အကြောင်းကို သွားပုပ်လေလွင့် မပြောနဲ့။
အဲဒီလိုပြောရင် ကိုယ်ပဲ ကျိန်ဆဲခံရလိမ့်မယ်။ ကိုယ့်အပြစ်ပဲ ဖြစ်လိမ့်မယ်။+
၁၁ ဖခင်ကို ကျိန်ဆဲပြီးမိခင်ကို မလေးစားတဲ့ လူစားမျိုးရှိတယ်။+
၁၂ ကိုယ့်ကိုယ်ကိုယ် စင်ကြယ်တယ်လို့ ထင်ပေမဲ့+အညစ်အကြေးတောင် မစင်သေးတဲ့ လူစားမျိုးရှိတယ်။
၁၃ မောက်မာလွန်းတဲ့မျက်လုံးနဲ့+အထက်စီးက ကြည့်တတ်တဲ့ လူစားမျိုးရှိတယ်။
၁၄ ဓားနဲ့တူတဲ့ သွားတွေ၊ဓားလိုမျိုး မေးရိုးတွေရှိတဲ့ လူစားမျိုးရှိတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိမ့်ကျသူတွေ၊လူသားထုထဲက ဆင်းရဲသားတွေကို သူတို့ ဝါးမျိုတတ်တယ်။+
၁၅ မျှော့တွေမှာ “ပေးပါ၊ ပေးပါ” လို့အော်နေတဲ့ သမီးနှစ်ကောင်ရှိတယ်။
အလိုမပြည့်ဝနိုင်တဲ့အရာက သုံးခုမကဘူး၊“တော်ပြီ” လို့ ဘယ်တော့မှ မပြောတဲ့အရာ လေးခုရှိတယ်။
၁၆ အဲဒါတွေကတော့ သင်္ချိုင်း၊+ မြုံနေတဲ့မိန်းမ၊မိုးရေငတ်နေတဲ့မြေ၊“တော်ပြီ” လို့ မပြောတတ်တဲ့မီးပဲ။
၁၇ ဖခင်ကို လှောင်ပြောင်တဲ့သူ၊ မိခင်ကို မနာခံဘဲ မထီလေးစား လုပ်တဲ့သူရဲ့ မျက်စိကို+ချိုင့်ဝှမ်းထဲက ကျီးနက်ကြီးတွေ ဖောက်ထုတ်ပစ်လိမ့်မယ်။
လင်းယုန်ပေါက်လေးတွေ စားပစ်လိမ့်မယ်။+
၁၈ ငါ ဉာဏ်မမီတဲ့အရာ သုံးခုမက၊ငါနားမလည်တဲ့အရာ လေးခု ကတော့–
၁၉ ကောင်းကင်မှာ လင်းယုန်ပျံသန်းရာ လမ်းကြောင်း၊ကျောက်ပေါ်မှာ မြွေသွားရာ လမ်းကြောင်း၊ပင်လယ်ပြင်မှာ သင်္ဘောသွားရာ လမ်းကြောင်း၊မိန်းကလေးရဲ့ နှလုံးသားဆီ သွားတဲ့ ယောက်ျားလေးရဲ့ လမ်းကြောင်းတွေပဲ။
၂၀ အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိန်းမရဲ့ လုပ်ပုံကတော့–
အစာစားတယ်။ ပါးစပ်ကို သုတ်တယ်။
ပြီးတော့ “ငါ ဘာအမှားမှ မလုပ်ပါဘူး” လို့ပြောတတ်တယ်။+
၂၁ ကမ္ဘာမြေကို သိမ့်သိမ့်တုန်စေတဲ့အရာ သုံးခုမက၊ကမ္ဘာမြေ သည်းမခံနိုင်တဲ့အရာ လေးခုကတော့–
၂၂ ဘုရင်ဖြစ်သွားတဲ့ ကျွန်၊+စားပိုးနင့်အောင်စားတဲ့ လူမိုက်၊
၂၃ အမြင်ကတ်ဖို့ကောင်းပေမဲ့ လင်ရတဲ့မိန်းမ၊သခင်မနေရာကိုယူတဲ့ ကျွန်မပဲ။+
၂၄ ကမ္ဘာမြေပေါ်မှာ အသေးငယ်ဆုံးဖြစ်ပေမဲ့ပင်ကိုအသိဉာဏ်ရှိတဲ့ တိရစ္ဆာန်လေးမျိုးကတော့–+
၂၅ မသန်စွမ်းပေမဲ့နွေရာသီမှာ စားစရာစုဆောင်းတတ်တဲ့ ပုရွက်ဆိတ်၊+
၂၆ ခွန်အားမကြီးပေမဲ့ကျောက်ဆောင်ထဲမှာ အိမ်လုပ်ပြီးနေတတ်တဲ့+ ယုန်၊*+
၂၇ ဘုရင် မရှိပေမဲ့သူ့အုပ်စုနဲ့သူ ချီတက်တတ်တဲ့+ ကျိုင်းကောင်၊+
၂၈ ခြေလက်တွေနဲ့ တွယ်ကပ်ပြီး နန်းတော်ထဲဝင်နေတဲ့ တောက်တဲ့ပဲ။+
၂၉ ဣန္ဒြေအပြည့်နဲ့ လျှောက်တတ်တဲ့သတ္တဝါ သုံးမျိုးမက၊ဣန္ဒြေအပြည့်နဲ့ သွားလာတတ်တဲ့သတ္တဝါ လေးမျိုးကတော့–
၃၀ သားရဲတွေထဲမှာ ခွန်အားအကြီးဆုံးဖြစ်ပြီးဘယ်သူနဲ့တွေ့တွေ့ နောက်မဆုတ်တတ်တဲ့ ခြင်္သေ့၊+
၃၁ အမဲလိုက်ခွေး၊ ဆိတ်ထီး၊တပ်မကြီးကို ဦးဆောင်လာတဲ့ ရှင်ဘုရင်ပဲ။
၃၂ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး မိုက်မိုက်မဲမဲ လုပ်မိရင်+ဒါမှမဟုတ် အဲဒီလိုလုပ်ဖို့ ကြံစည်နေရင်ပါးစပ်ကို လက်နဲ့ပိတ်ထား လိုက်ပါ။+
၃၃ နို့ကိုမွှေရင် ထောပတ်ထွက်လာသလို၊နှာခေါင်းကိုညှစ်ရင် သွေးထွက်လာသလို၊ဒေါသကိုဆွရင် ငြင်းခုံရန်တွေ့မှုတွေ ဖြစ်တတ်တယ်။+
အောက်ခြေမှတ်ချက်များ
^ ကျောက်ဆောင်မှာနေတဲ့ ယုန်နဲ့တူတဲ့ အကောင်တစ်မျိုး။