ပညာအလိမ္မာ ၆:၁-၃၅
၆ ငါ့သား၊ တခြားသူအတွက် အာမခံမိရင်၊+
သူစိမ်းကို လက်ဆွဲနှုတ်ဆက်မိရင်၊*+
၂ ကိုယ့်ကတိနဲ့ကိုယ် ထောင်ချောက်မိနေရင်၊ကိုယ့်စကားနဲ့ကိုယ် ပြန်မိနေရင်၊+
၃ မင်းဟာ သူများရဲ့လက်ခုပ်ထဲ ရောက်နေပြီ။
ဒါကြောင့် ငါ့သား၊ လွတ်အောင် ရုန်းထွက်ပါ။
နှိမ့်ချတဲ့စိတ်နဲ့ သူ့ဆီသွားပြီး ချက်ချင်း အသနားခံပါ။+
၄ မင်း အိပ်စက်မနေပါနဲ့။
အိပ်မောကျမနေပါနဲ့။
၅ မုဆိုးလက်ထဲက ဒရယ်လို၊ငှက်ဖမ်းသမားလက်ထဲက ငှက်လို လွတ်အောင် ရုန်းထွက်ပါ။
၆ အို လူပျင်း၊ ပုရွက်ဆိတ်ဆီ သွားပါ။+
သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေကို လေ့လာကြည့်ပြီး ပညာယူပါ။
၇ ပုရွက်ဆိတ်က အမိန့်ပေးသူ၊ ကြီးကြပ်သူ၊ အုပ်ချုပ်သူ မရှိပေမဲ့
၈ နွေရာသီမှာ အစားအစာတွေ ကြိုတင်ပြင်ဆင်တတ်တယ်။+
ရိတ်သိမ်းချိန်မှာ ရိက္ခာတွေ စုဆောင်းတတ်တယ်။
၉ အို လူပျင်း၊ ဘယ်အချိန်ထိ လဲလျောင်းနေမှာလဲ။
ဘယ်အချိန်မှ အိပ်ရာထမှာလဲ။
၁၀ တစ်ရေးအိပ်နေတုန်း၊ ခဏလေးငိုက်နေတုန်း၊လက်ပိုက်ပြီး ခဏတစ်ဖြုတ် နားနေတုန်း၊+
၁၁ ဆင်းရဲခြင်းဟာ ဓားပြလို မင်းဆီ ရောက်လာလိမ့်မယ်။
ချို့တဲ့ခြင်းကလည်း လက်နက်ကိုင်စစ်သည်လို ရောက်လာလိမ့်မယ်။+
၁၂ အသုံးမကျတဲ့လူဆိုးက ကလိမ်ကကျစ် ပြောဆိုပြုမူတတ်တယ်။+
၁၃ မျက်စိမှိတ်ပြလိုက်၊+ ခြေဟန်လက်ဟန်နဲ့ အချက်ပြလိုက် လုပ်တတ်တယ်။
၁၄ ဖောက်ပြန်တဲ့စိတ်နဲ့ အကောက်ကြံတတ်တယ်။+
ခိုက်ရန်ပွားစေတယ်။+
၁၅ ဒါကြောင့် သူ ရုတ်တရက် ဘေးဒုက္ခကြုံရလိမ့်မယ်။
နာလန်မထူနိုင်အောင် တစ်ခဏအတွင်း ပျက်စီးသွားလိမ့်မယ်။+
၁၆ ယေဟောဝါ မုန်းတီးတဲ့အရာက ခြောက်ခုမကဘူး။
ဘုရားရွံ ရှာတဲ့အရာ ခုနစ်ခုရှိတယ်။
၁၇ အဲဒါတွေကတော့ မောက်မာတဲ့မျက်လုံး၊+ လိမ်တတ်တဲ့လျှာ၊+ အပြစ်မဲ့သူကို သတ်တဲ့လက်၊+
၁၈ ဆိုးညစ်တာတွေကို ကြံစည်တဲ့စိတ်နှလုံး၊+ မကောင်းတာလုပ်ဖို့ အမြန်ပြေးတတ်တဲ့ခြေ၊
၁၉ အလိမ်အညာချည်းပဲ ထွက်ဆိုတဲ့ မုသားသက်သေ၊+ညီအစ်ကိုချင်း ခိုက်ရန်ဖြစ်အောင် လုပ်တဲ့သူတွေပဲ။+
၂၀ ငါ့သား၊ ဖခင်ရဲ့ ပညတ်ချက်ကို လိုက်နာပါ။
မိခင်ရဲ့ သွန်သင်ချက်ကို မပစ်ပယ်ပါနဲ့။+
၂၁ နှလုံးသားမှာ အမြဲချည်ထားပါ။
လည်မှာ ဆွဲထားပါ။
၂၂ အဲဒါတွေက မင်း လမ်းသွားတဲ့အခါ လမ်းပြပေးမယ်။
အိပ်တဲ့အခါ စောင့်ရှောက်ပေးမယ်။
နိုးထတဲ့အခါ သွန်သင်ပေးမယ်။
၂၃ အဲဒီပညတ်ချက်ဟာ မီးခွက်၊+အဲဒီသွန်သင်ချက်ဟာ အလင်း၊+ဆုံးမပဲ့ပြင်ခြင်းဟာ အသက်လမ်း ဖြစ်နေလို့ပါ။+
၂၄ အဲဒါတွေက မိန်းမဆိုးရဲ့ ရန်ကနေ၊+မိန်းမပျက်* ပြောတဲ့ မြှူဆွယ်စကားတွေရဲ့ ရန်ကနေ ကာကွယ်ပေးလိမ့်မယ်။+
၂၅ မင်းရဲ့စိတ်ထဲမှာ သူ့အလှကို မမက်မောနဲ့။+
သူ့ရဲ့ညှို့မျက်လုံးတွေက မင်းကို မဖမ်းစားစေနဲ့။
၂၆ ပြည့်တန်ဆာဆီ သွားတဲ့ ယောက်ျားဟာ မုန့်တစ်လုံးပဲ ကျန်တဲ့အဖြစ်ကို ရောက်တတ်တယ်။+
သူတစ်ပါးရဲ့မိန်းမနဲ့ ဖောက်ပြန်ရင်တော့ တန်ဖိုးရှိတဲ့ အသက်ကိုတောင် ဆုံးရှုံးရတတ်တယ်။
၂၇ အဝတ်မလောင်ဘဲ မီးကို ရင်ခွင်ထဲ ပိုက်ထားနိုင်ပါ့မလား။+
၂၈ ခြေမလောင်ဘဲ မီးကျီးခဲပေါ် လျှောက်နိုင်ပါ့မလား။
၂၉ သူတစ်ပါးရဲ့ မိန်းမနဲ့ ဖောက်ပြန်တဲ့သူလည်း အဲဒီလိုပဲ။
အဲဒီမိန်းမနဲ့ပတ်သက်သူဟာ ပြစ်ဒဏ်ကနေလွတ်မှာ မဟုတ်ဘူး။+
၃၀ ဗိုက်ဆာလို့ ခိုးစားတဲ့ သူခိုးကိုလူတွေ အထင်မသေးကြဘူး။
၃၁ ဒါပေမဲ့ မိသွားရင်တော့ သူခိုးက ခုနစ်ဆလျော်ရမယ်။
အိမ်မှာရှိသမျှ အဖိုးတန်ပစ္စည်းတွေနဲ့ ပေးလျော်ရမယ်။+
၃၂ မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ရေးဖောက်ပြန်သူဟာ ဆင်ခြင်ဉာဏ်မရှိသူပဲ။*
အဲဒီလိုလုပ်တဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့သူပဲ။+
၃၃ ဒဏ်ရာတွေပဲရပြီး သိက္ခာကျရလိမ့်မယ်။+
သူခံရတဲ့ အရှက်ကွဲမှုဟာ ပျောက်ပျက်မှာ မဟုတ်ဘူး။+
၃၄ ဘာလို့လဲဆိုတော့ လင်ယောက်ျားက သဝန်တိုစိတ်ကြောင့် ဒေါသူပုန်ထပြီး
လက်စားချေတဲ့အခါ ညှာတာမှာ မဟုတ်လို့ပဲ။+
၃၅ ဘာလျော်ကြေးကိုမှ သူ လက်ခံမှာ မဟုတ်ဘူး။
လက်ဆောင် ဘယ်လောက်ပေးပေး ကျေအေးမှာ မဟုတ်ဘူး။