ဗျာဒိတ် ၁:၁-၂၀
၁ ဘုရားသခင်က မိမိရဲ့ကျွန်တွေကို+ မကြာမီ ဖြစ်ပျက်မယ့်အရာတွေ ဖော်ပြဖို့ ယေရှုခရစ်ကို ဗျာဒိတ်တော်* ပေးတယ်။+ ယေရှုက ဘုရားရဲ့ကျွန် ယောဟန်ဆီ+ ကောင်းကင်တမန်ကို စေလွှတ်ပြီး ဗျာဒိတ်တော်အကြောင်း အမှတ်သင်္ကေတတွေနဲ့ ဖော်ပြတယ်။
၂ ယောဟန်က ဘုရားပေးတဲ့ တရားစကားနဲ့ ယေရှုခရစ်ပေးတဲ့ သက်သေခံချက်အပြင် တွေ့မြင်ကြားသိရသမျှကို ရေးထားတယ်။
၃ သတ်မှတ်ထားချိန် နီးနေပြီဖြစ်လို့ ဒီပရောဖက်ပြုချက်တွေကို ဖတ်ရွတ်တဲ့သူ၊ ကြားနာတဲ့သူ၊ ရေးထားသမျှကို လိုက်နာတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။+
၄ အာရှနယ်မှာရှိတဲ့ အသင်းတော်ခုနစ်ခုဆီ+ ကျွန်တော် ယောဟန် စာရေးလိုက်တယ်။
“အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အစဉ်တည်ရှိတဲ့အရှင်”နဲ့+ ရာဇပလ္လင်ရှေ့မှာရှိတဲ့ စွမ်းအားတော်ခုနစ်ခုဆီက+ မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။
၅ “သစ္စာရှိတဲ့သက်သေ၊”+ “သေရာကနေ ဦးဆုံးထမြောက်လာတဲ့ သားဦး၊”+ “ကမ္ဘာမြေပေါ်ကဘုရင်တွေကို အုပ်စိုးတဲ့အရှင်”+ ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကိုလည်း ခင်ဗျားတို့ ခံစားရပါစေ။
ကျွန်တော်တို့ကို ချစ်မြတ်နိုးသူ၊+ အပြစ်ရဲ့လက်အောက်ကနေ မိမိရဲ့သွေးနဲ့ လွတ်မြောက်စေသူ၊+
၆ ကျွန်တော်တို့ကို ဘုရင်တွေ၊+ အဖဘုရားသခင်ရဲ့ ပုရောဟိတ်တွေ+ ဖြစ်စေသူ ယေရှုရဲ့ ဘုန်းအသရေနဲ့ တန်ခိုးဟာ ထာဝစဉ်တည်တံ့ပါစေ။ အာမင်။*
၇ ယေရှုက မိုးတိမ်ခြံရံပြီး လာလိမ့်မယ်။+ သူ့ကို ထိုးဖောက်ခဲ့သူတွေပါမကျန် လူတိုင်း သူ့ကို မြင်ရလိမ့်မယ်။ ကမ္ဘာမြေပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ သူ့ကြောင့် ရင်ဘတ်ထုပြီး ငိုကြွေးကြလိမ့်မယ်။+ အာမင်။
၈ ယေဟောဝါ* ဘုရားက “ငါဟာ အာလဖနဲ့ သြမေဃဖြစ်တယ်။*+ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အစဉ်တည်ရှိတဲ့ အနန္တတန်ခိုးရှင်ဖြစ်တယ်”+ လို့မိန့်ဆိုတယ်။
၉ ယေရှုရဲ့နောက်လိုက်အဖြစ်+ ခင်ဗျားတို့လိုပဲ ဆင်းရဲဒုက္ခခံရတဲ့သူ၊+ ဘုရင်ဖြစ်မယ့်သူ၊+ ခံနိုင်ရည်ရှိတဲ့သူ+ ကျွန်တော် ညီအစ်ကိုယောဟန်က ဘုရားသခင်အကြောင်း ဟောပြောလို့၊ ယေရှုအကြောင်း သက်သေခံလို့ ပတ်မုကျွန်းကို ရောက်နေတယ်။
၁၀ ကျွန်တော်ဟာ စွမ်းအားတော်နဲ့ပြည့်ပြီး သခင့်နေ့တော်ကို ရောက်သွားတယ်။ ကျွန်တော့်နောက်မှာ ခရာမှုတ်သံလို ကျယ်လောင်တဲ့အသံ ကြားရတယ်။
၁၁ “မြင်ရတဲ့အရာတွေကို စာလိပ်မှာ ရေးပြီး ဧဖက်၊+ စမုရန၊+ ပေရဂံ၊+ သွာတိရ၊+ သာဒိ၊+ ဖိလဒေလဖိ၊+ လောဒိကိဆိုတဲ့+ အသင်းတော်ခုနစ်ခုဆီ ပေးပို့ပါ” ဆိုတဲ့အသံပဲ။
၁၂ အသံရှင်ကို ကျွန်တော် လှည့်ကြည့်လိုက်တဲ့အခါ ရွှေဆီမီးတိုင် ခုနစ်ခုကို တွေ့တယ်။+
၁၃ ဆီမီးတိုင်တွေအလယ်မှာ လူသားနဲ့တူတဲ့သူတစ်ယောက် ရှိနေတယ်။+ သူက ဝတ်ရုံရှည် ဝတ်ထားပြီး ရင်ဘတ်မှာ ရွှေရင်စည်း စည်းထားတယ်။
၁၄ သူ့ဆံပင်က သိုးမွေးလို၊ နှင်းလို ဖြူဖွေးနေတယ်။ မျက်စိက မီးလျှံနဲ့တူတယ်။+
၁၅ ခြေထောက်ဟာ မီးဖိုထဲက ပြောင်လက်တောက်ပနေတဲ့ ကြေးနီနဲ့တူတယ်။+ အသံက စီးဆင်းနေတဲ့ရေထုရဲ့ အသံလိုပဲ။
၁၆ ညာလက်မှာ ကြယ်ခုနစ်လုံးရှိတယ်။+ ခံတွင်းကနေ အသွားနှစ်ဖက်ထက်တဲ့ ဓားရှည်တစ်လက်+ ထွက်နေတယ်။ မျက်နှာဟာ မွန်းတည့်နေလို တောက်ပနေတယ်။+
၁၇ သူ့ကိုလည်း မြင်လိုက်ရော သူ့ခြေရင်းမှာ လူသေတစ်ယောက်လို ကျွန်တော်လဲကျသွားတယ်။
သူက ကျွန်တော့်အပေါ် ညာလက်ကိုတင်ပြီး “မကြောက်ပါနဲ့။ ငါဟာ ဦးဆုံးနဲ့+ နောက်ဆုံးဖြစ်တယ်။+
၁၈ အသက်ရှင်တဲ့သူလည်း ဖြစ်တယ်။+ ငါ သေဆုံးခဲ့ပေမဲ့+ အခု အစဉ်ထာဝရ အသက်ရှင်နေတယ်။+ သေခြင်းရဲ့သော့နဲ့ သင်္ချိုင်းရဲ့သော့တွေကို ငါပိုင်တယ်။+
၁၉ ဒါကြောင့် မင်းမြင်ခဲ့တဲ့အရာတွေ၊ အခု မြင်နေတဲ့အရာတွေ၊ နောင်မြင်ရဦးမယ့်အရာတွေ အားလုံးကို ရေးမှတ်ထားပါ။
၂၀ မင်းမြင်ရတဲ့ ငါ့ညာလက်ထဲက ကြယ်ခုနစ်လုံးနဲ့ ရွှေဆီမီးတိုင်ခုနစ်ခုမှာ မြင့်မြတ်တဲ့ လျှို့ဝှက်ချက် ရှိတယ်။ ကြယ်ခုနစ်လုံးက အသင်းတော်ခုနစ်ခုရဲ့ စေတမန်တွေကို ဆိုလိုတယ်။ ဆီမီးတိုင်ခုနစ်ခုက အသင်းတော်ခုနစ်ခုကို ဆိုလိုတယ်။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ဖွင့်ဟဖော်ပြချက်။”
^ ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ ဂရိအက္ခရာမှာ ‘အာလဖ’ က ပထမဆုံးတစ်လုံး၊ ‘ဩမေဃ’ က နောက်ဆုံးတစ်လုံး။