ဗျာဒိတ် ၂:၁-၂၉
၂ “ဧဖက်အသင်းတော်ရဲ့+ စေတမန်ဆီ+ အခုလိုရေးလိုက်ပါ– ညာလက်မှာ ကြယ်ခုနစ်လုံးကိုကိုင်ပြီး ရွှေဆီမီးတိုင် ခုနစ်ခုအလယ်မှာ သွားလာတဲ့သူ ပြောတာက၊+
၂ ‘မင်းရဲ့အကျင့်၊ ကြိုးစားအားထုတ်မှုနဲ့ ခံနိုင်ရည်ကို ငါသိတယ်။ လူဆိုးတွေကို မင်း သည်းမခံခဲ့တာ၊ တမန်တော်တွေပါလို့ ပြောပေမဲ့ တကယ်မဟုတ်တဲ့သူတွေကို+ စစ်ဆေးပြီး လူလိမ်အဖြစ် ဖော်ထုတ်ခဲ့တာတွေကို ငါသိတယ်။
၃ မင်းက ခံနိုင်ရည်တင်ပြပြီး ငါ့နာမည်အတွက် မဆုတ်မနစ် လုပ်ဆောင်ခဲ့တယ်၊+ စိတ်အားမလျှော့ခဲ့ဘူး။+
၄ ဒါပေမဲ့ ကနဦးမေတ္တာပျက်ပြယ်သွားလို့ မင်းကို အပြစ်ဆိုစရာ ရှိတယ်။
၅ “‘ဒါကြောင့် ဘယ်လိုအခြေအနေကနေ ကျဆင်းသွားတယ်ဆိုတာ သတိရပြီး နောင်တရပါ။+ အရင်အကျင့်တွေကို ပြန်ကျင့်ပါ။ ဒီလိုမကျင့်ရင် မင်းဆီ ငါလာမယ်။ နောင်တမရဘူးဆိုရင်+ မင်းရဲ့ဆီမီးတိုင်ကို ငါဖယ်ရှားမယ်။+
၆ ဒါပေမဲ့ မင်းမှာရှိတဲ့ ကောင်းကွက်တစ်ခုကတော့ ငါမုန်းတဲ့ နိကောလဂိုဏ်းရဲ့+ အကျင့်တွေကို မင်းလည်း မုန်းတယ်။
၇ အောင်မြင်သူကို+ ဘုရားသခင့်ပရဒိသုမှာရှိတဲ့ အသက်ပင်ရဲ့ အသီးကို ငါစားခွင့်ပေးမယ်။+ အသင်းတော်တွေဆီ စွမ်းအားတော် ဆင့်ဆိုတဲ့ အဲဒီစကားကို နားရှိတဲ့သူ ကြားပါစေ။’+
၈ “စမုရနအသင်းတော်ရဲ့ စေတမန်ဆီ အခုလိုရေးလိုက်ပါ– ‘ဦးဆုံးနဲ့နောက်ဆုံး’ ဖြစ်တဲ့သူ၊+ သေဆုံးပြီးနောက် အသက်ပြန်ရှင်လာတဲ့သူ ပြောတာက၊+
၉ ‘မင်း ဆင်းရဲဒုက္ခခံရတာ၊ နွမ်းပါးတာကို ငါသိတယ်။ ဒါပေမဲ့ မင်းဟာ ကြွယ်ဝပါတယ်။+ တချို့က ကိုယ့်ကိုယ်ကိုယ် ဂျူးလူမျိုးပါလို့ ပြောပြီး မင်းတို့ကို စော်ကားတာလည်း ငါသိတယ်။ တကယ်တော့ သူတို့ဟာ ဂျူးတွေမဟုတ်ဘူး။ စာတန်ရဲ့ အဖွဲ့ဝင်တွေပဲ။+
၁၀ ကြုံရတော့မယ့် ဆင်းရဲဒုက္ခတွေကို မကြောက်ပါနဲ့။+ စာတန်က မင်းတို့ထဲက တချို့ကိုအဆက်မပြတ် ထောင်ချလိမ့်မယ်။ မင်းတို့ အပြည့်အဝ စမ်းသပ်ခံရပြီး ဆယ်ရက်တိုင်တိုင် ဆင်းရဲဒုက္ခကြုံရလိမ့်မယ်။ သေတဲ့အထိ သစ္စာရှိပါ။ ဒါဆိုရင် မင်းကို အသက်သရဖူ ငါပေးမယ်။+
၁၁ အောင်မြင်သူဟာ+ ဒုတိယသေခြင်းကို လုံးဝ ကြုံရမှာမဟုတ်ဘူး။+ အသင်းတော်တွေဆီ စွမ်းအားတော်ဆင့်ဆိုတဲ့ အဲဒီစကားကို နားရှိတဲ့သူ ကြားပါစေ။’+
၁၂ “ပေရဂံအသင်းတော်ရဲ့ စေတမန်ဆီ အခုလိုရေးလိုက်ပါ– အသွားနှစ်ဖက်ထက်တဲ့ ဓားရှည်ရဲ့ ပိုင်ရှင်ပြောတာက၊+
၁၃ ‘မင်း ဘယ်မှာနေထိုင်ရမှန်း ငါသိတယ်။ စာတန့်ပလ္လင် တည်ရှိတဲ့နေရာပဲ။ ဒါပေမဲ့ မင်းက ငါ့နာမည်ကို မြဲမြဲကိုင်စွဲထားတယ်။+ စာတန်နေထိုင်တဲ့ မင်းရဲ့နေရာမှာတင် ကွပ်မျက်ခံခဲ့ရတဲ့+ ငါ့ရဲ့သစ္စာရှိသက်သေ+ အန္တိပလက်ထက်မှာတောင် မင်းက ငါ့အပေါ်ထားတဲ့ ယုံကြည်ခြင်းကို မစွန့်လွှတ်ခဲ့ဘူးဆိုတာကိုလည်း+ ငါသိတယ်။
၁၄ “‘ဒါပေမဲ့ မင်းကို အပြစ်ဆိုစရာ နည်းနည်းရှိတယ်။ ဗာလမ်ရဲ့ အယူအဆကို လိုက်လျှောက်သူတွေ မင်းတို့ထဲမှာ ရှိတယ်။+ ရုပ်တုရှေ့ ပူဇော်ထားတာတွေကို စားပြီး လိင်အကျင့်ယိုယွင်းအောင်*+ အစ္စရေးတွေကို ဖြားယောင်းဖို့ ဗာလက်ကို+ သူသင်ပေးခဲ့တယ်။
၁၅ အလားတူ၊ မင်းဆီမှာလည်း နိကောလဂိုဏ်းရဲ့ အယူအဆကို လိုက်လျှောက်သူတွေ ရှိနေတယ်။+
၁၆ ဒါကြောင့် နောင်တရပါ။ နောင်တမရရင် မင်းဆီ ငါအမြန်လာမယ်။ သူတို့ကို ငါ့ခံတွင်းကထွက်နေတဲ့ ဓားရှည်နဲ့ တိုက်ခိုက်မယ်။+
၁၇ “‘အောင်မြင်သူကို+ ဝှက်ထားတဲ့ မန္နမုန့်တချို့ ငါပေးမယ်။+ ကျောက်စရစ်ဖြူလည်း ပေးမယ်။ ကျောက်စရစ်ဖြူပေါ်မှာ နာမည်သစ် ရေးထားတယ်။ လက်ခံရရှိသူကလွဲလို့ အဲဒီနာမည်သစ်ကို ဘယ်သူမှ မသိဘူး။ အသင်းတော်တွေဆီ စွမ်းအားတော်ဆင့်ဆိုတဲ့ အဲဒီစကားကို နားရှိတဲ့သူ ကြားပါစေ။’+
၁၈ “သွာတိရအသင်းတော်ရဲ့+ စေတမန်ဆီ အခုလိုရေးလိုက်ပါ– မီးလျှံနဲ့တူတဲ့ မျက်စိ၊+ ပြောင်လက်တောက်ပတဲ့ ကြေးနီလို ခြေထောက်ရှိတဲ့+ ဘုရားသခင့်သားတော် ပြောတာက၊
၁၉ ‘မင်းရဲ့ အကျင့်၊ မေတ္တာ၊ ယုံကြည်ခြင်း၊ ဘုရားအတွက် အမှုဆောင်ခြင်း၊ ခံနိုင်ရည်ကို ငါသိတယ်။ မင်းရဲ့ အကျင့်တွေဟာ အစောပိုင်းကထက် နောက်ပိုင်းမှာ ပိုကောင်းလာမှန်းကိုလည်း ငါသိတယ်။
၂၀ “‘ဒါပေမဲ့ မင်းကို အပြစ်ဆိုစရာတစ်ခု ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ပရောဖက်မလို့ ပြောနေတဲ့ ယေဇဗေလကို+ မင်း သည်းခံထားတယ်။ အဲဒီမိန်းမက ငါ့ကျွန်တွေကို လိင်အကျင့်ယိုယွင်းအောင်၊*+ ရုပ်တုရှေ့ ပူဇော်ထားတာတွေ စားအောင် သွန်သင်ပေးပြီး လမ်းလွဲစေတယ်။
၂၁ နောင်တရဖို့ ငါအချိန်ပေးပေမဲ့ သူက လိင်အကျင့်ယိုယွင်းတာကို* နောင်တရချင်တဲ့စိတ် မရှိဘူး။
၂၂ သူ့ကို ဖျားနာပြီး အိပ်ရာထဲလဲအောင် ငါလုပ်တော့မယ်။ သူနဲ့ဖောက်ပြန်တဲ့သူတွေလည်း သူ့လိုအကျင့်မျိုး ကျင့်နေတာကို နောင်တမရဘူးဆိုရင် သူတို့ကို ငါအကြီးအကျယ် ဒုက္ခရောက်စေမယ်။
၂၃ သူ့သားသမီးတွေကိုလည်း သေနိုင်တဲ့ကပ်ရောဂါနဲ့ ငါကွပ်မျက်မယ်။ ငါဟာ အနက်ရှိုင်းဆုံးခံစားချက်နဲ့* နှလုံးသားကို စစ်ဆေးသူဖြစ်မှန်း အသင်းတော်အားလုံး သိရလိမ့်မယ်။ မင်းတို့ယောက်တိုင်းကို လုပ်ခဲ့တဲ့အကျင့်တွေအတိုင်း ငါဆပ်ပေးမယ်။+
၂၄ “‘ဒါပေမဲ့ သွာတိရမြို့ထဲက ကျန်တဲ့သူတချို့ဟာ ယေဇဗေလရဲ့ သွန်သင်ချက်နောက်ကို မပါသွားတဲ့အပြင် လူတွေပြောနေကြတဲ့ “စာတန်ရဲ့နက်နဲရာတွေ”+ ကိုမသိကြဘူး။ သူတို့ကို ငါပြောတာက– မင်းတို့အပေါ် တခြားဝန်ကို ငါမတင်ပါဘူး။
၂၅ ငါလာတဲ့အထိ မင်းတို့လျှောက်နေတဲ့ လမ်းမှန်မှာ ဆက်ပြီးလျှောက်နေပါ။+
၂၆ ငါ့လမ်းစဉ်အတိုင်း အဆုံးအထိ လျှောက်လှမ်းပြီး အောင်မြင်သူကို လူမျိုးတွေအပေါ် အုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာ ငါပေးမယ်။+
၂၇ အဖဘုရားဆီက အခွင့်အာဏာကို ငါရရှိသလိုမျိုးပေါ့။ သူက လူတွေကို သံလှံတံနဲ့ အုပ်ချုပ်လိမ့်မယ်။+ လူတွေဟာ မြေအိုးတွေလို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မယ်။
၂၈ သူ့ကို မိုးသောက်ကြယ်+ ငါပေးမယ်။
၂၉ အသင်းတော်တွေဆီ စွမ်းအားတော်ဆင့်ဆိုတဲ့ အဲဒီစကားကို နားရှိတဲ့သူ ကြားပါစေ။’