ဗျာဒိတ် ၂၂:၁-၂၁

  • အသက်ရေ စီးဆင်းတဲ့မြစ် (၁-၅)

  • နိဂုံးစကား (၆-၂၁)

    • ‘လာပါ။ အသက်ရေကို အခမဲ့ယူကြပါ’ (၁၇)

    • “သခင်ယေရှု၊ ကြွလာပါ” (၂၀)

၂၂  အဲဒီနောက် ကောင်းကင်တမန်က ကျွန်တော့်ကို အသက်ရေ စီးဆင်းနေတဲ့ မြစ်တစ်စင်း ပြတယ်။+ သလင်းကျောက်လို ကြည်လင်နေတဲ့ အဲဒီမြစ်ဟာ ဘုရားသခင်ရဲ့ ရာဇပလ္လင်နဲ့ သိုးသငယ်ရဲ့+ ရာဇပလ္လင်ကနေ စီးထွက်လာပြီး၊ ၂  မြို့လယ်က လမ်းမကြီးတစ်လျှောက် စီးဆင်းနေတယ်။ မြစ်ကမ်းနှစ်ဖက်မှာ တစ်လတစ်ကြိမ်၊ တစ်နှစ်ကို ၁၂ ကြိမ် အသီးသီးတဲ့ အသက်ပင်တွေ ပေါက်နေတယ်။ အပင်ရဲ့အရွက်တွေက လူမျိုးတွေကို အနာရောဂါ ပျောက်ကင်းစေတယ်။+ ၃  အဲဒီမြို့ဟာ ဘယ်တော့မှ ကျိန်စာသင့်တော့မှာ မဟုတ်ဘူး။ အဲဒီမြို့မှာ ဘုရားသခင်ရဲ့ ရာဇပလ္လင်နဲ့ သိုးသငယ်ရဲ့ ရာဇပလ္လင်+ ရှိနေလိမ့်မယ်။ ဘုရားရဲ့ကျွန်တွေက ဘုရားကို ဝတ်ပြုကြလိမ့်မယ်။ ၄  ဘုရားသခင်ကို သူတို့ ဖူးမြင်ရလိမ့်မယ်။+ သူတို့ရဲ့နဖူးပေါ်မှာ ဘုရားရဲ့နာမည် ရေးထားလိမ့်မယ်။+ ၅  ညအချိန်လည်း ရှိတော့မှာ မဟုတ်ဘူး။+ ယေဟောဝါ* ဘုရားက သူတို့အပေါ် အလင်းထွန်းလင်းမှာဖြစ်လို့+ မီးခွက်အလင်း၊  နေအလင်း မလိုတော့ဘူး။ သူတို့ဟာ ဘုရင်တွေအဖြစ် အစဉ်ထာဝရ အုပ်စိုးရမယ်။+ ၆  အဲဒီနောက် ကောင်းကင်တမန်က “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကားပဲ။+ ပရောဖက်တွေကို စွမ်းအားတော်နဲ့လမ်းညွှန်တဲ့+ ယေဟောဝါ* ဘုရားက ကောင်းကင်တမန်ကို စေလွှတ်ပြီး မကြာခင်  ဖြစ်ပျက်တော့မယ့်အရာတွေအကြောင်း မိမိကျွန်တွေကို ဖော်ပြတယ်။ ၇  ငါ အမြန်ဆုံး လာမယ်။+  ဒီစာလိပ်မှာပါတဲ့ ပရောဖက်ပြုချက်တွေကို လိုက်နာသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်”+ လို့ ကျွန်တော့်ကို ပြောတယ်။ ၈  ကျွန်တော်ယောဟန်က ဒါတွေကို ကြားရမြင်ရတယ်။ အဲဒီလို ကြားရမြင်ရတဲ့အခါ အဲဒါတွေကိုဖော်ပြတဲ့ ကောင်းကင်တမန်ရဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး ကိုးကွယ်မယ်လုပ်တော့၊ ၉  သူက “သတိထားပါဦး။ အဲဒီလိုမလုပ်ပါနဲ့။ ကျွန်တော်လည်း ခင်ဗျားနဲ့ ခင်ဗျားရဲ့ညီအစ်ကို ပရောဖက်တွေ၊ ဒီစာလိပ်မှာပါတဲ့ စကားတွေကို လိုက်နာသူတွေလိုပဲ ကျွန်တစ်ယောက်ပါ။ ဘုရားသခင်ကိုသာ ကိုးကွယ်ပါ”+ လို့ပြောတယ်။ ၁၀  ပြီးတော့ သူက “သတ်မှတ်ထားချိန် နီးနေပြီဖြစ်လို့ ဒီစာလိပ်မှာပါတဲ့ ပရောဖက်ပြုချက်တွေကို တံဆိပ် မခတ်ပါနဲ့။ ၁၁  မဖြောင့်မတ်တဲ့သူဟာ မဖြောင့်မတ်ဘဲ နေပါစေ။ ညစ်ညူးတဲ့သူဟာ ဆက်ပြီးညစ်ညူးနေပါစေ။ ဖြောင့်မတ်တဲ့သူကတော့ ဆက်ပြီးဖြောင့်မတ်နေပါစေ။ သန့်ရှင်းသူကလည်း ဆက်ပြီးသန့်ရှင်းနေပါစေ” လို့ ပြောတယ်။ ၁၂  “‘ငါ အမြန်ဆုံး လာမယ်။ လူတိုင်းကို သူတို့ရဲ့အကျင့်အတိုင်း အကျိုးအပြစ်ကို ပြန်ဆပ်ပေးမယ်။+ ၁၃  ငါဟာ အာလဖနဲ့ သြမေဃဖြစ်တယ်။*+ ဦးဆုံးနဲ့ နောက်ဆုံး၊ အစနဲ့ အဆုံး ဖြစ်တယ်။ ၁၄  မိမိတို့ရဲ့ဝတ်လုံကို လျှော်ဖွပ်တဲ့သူတွေဟာ+  ပျော်ရွှင်ချမ်းမြေ့တယ်။ အသက်ပင်ရဲ့အသီးကို စားရတဲ့အခွင့်၊+ မြို့တော်ထဲ မြို့တံခါးကနေ ဝင်ရတဲ့အခွင့်ကို ရလိမ့်မယ်။+ ၁၅  မြို့ပြင်မှာတော့ ခွေးတွေ၊* နတ်ဆိုးပညာ လိုက်စားသူတွေ၊ လိင်အကျင့်ယိုယွင်းသူတွေ၊* လူသတ်သမားတွေ၊ ရုပ်တုကိုးကွယ်သူတွေ၊ လိမ်ညာပြီး လှည့်စားရတာကို နှစ်သက်သူတွေ ရှိနေတယ်။’+ ၁၆  “‘ငါယေရှုက အသင်းတော်တွေရဲ့ အကျိုးအတွက် မင်းကို ဒီအကြောင်းတွေ သက်သေခံဖို့ ငါ့ရဲ့ကောင်းကင်တမန်ကို လွှတ်လိုက်တယ်။ ငါဟာ ဒါဝိဒ်ရဲ့အမြစ်၊ ဒါဝိဒ်ရဲ့မျိုးနွယ်၊+ ထွန်းတောက်တဲ့ မိုးသောက်ကြယ်ပဲ။”+ ၁၇  စွမ်းအားတော်နဲ့ သတို့သမီးက+ “လာကြ” လို့ အဆက်မပြတ် ဖိတ်ခေါ်နေတယ်။ ကြားတဲ့သူတွေကလည်း “လာကြ” လို့ တစ်ဆင့်ပြန်ဖိတ်ခေါ်ကြပါ။ ရေငတ်သူတိုင်း လာကြပါ။+ ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ ယူကြပါ။+ ၁၈  “ဒီစာလိပ်မှာပါတဲ့ ပရောဖက်ပြုချက်တွေအကြောင်း ကြားသိသူတိုင်းကို ငါပြောမယ်– ဒီစကားတွေထဲ တစ်စုံတစ်ရာ ထပ်ဖြည့်တဲ့သူကို+ ဘုရားသခင်က ဒီစာလိပ်မှာ ရေးထားတဲ့ ကပ်ဘေးတွေနဲ့ ဒဏ်ခတ်လိမ့်မယ်။+ ၁၉  ဒီပရောဖက်ပြုချက် စကားတွေထဲက တစ်စုံတစ်ရာကို ဖယ်ရှားရင် ဘုရားသခင်က ဒီစာလိပ်မှာ ရေးထားတဲ့ သူ့ဝေစုကို ဖယ်ရှားလိမ့်မယ်။ သူက အသက်ပင်ရဲ့အသီးကို+ စားရမှာ မဟုတ်ဘူး။ သန့်ရှင်းတဲ့မြို့တော်ထဲ ဝင်ရမှာ မဟုတ်ဘူး။+ ၂၀  “ဒီအကြောင်းတွေကို ပြောတဲ့သူက ‘သေချာတယ်၊ ငါ အမြန်ဆုံး လာမယ်’+ လို့ပြောတယ်။” “အာမင်။* သခင်ယေရှု၊ ကြွလာပါ။” ၂၁  သခင်ယေရှုရဲ့ မဟာကရုဏာကို သန့်ရှင်းသူတွေ ခံစားရပါစေ။

အောက်ခြေမှတ်ချက်များ

ဂရိအက္ခရာမှာ ‘အာလဖ’ က ပထမဆုံးတစ်လုံး၊ ‘ဩမေဃ’ က နောက်ဆုံးတစ်လုံး။
ဘုရားရဲ့အမြင်မှာ ရွံမုန်းစရာအကျင့် ကျင့်သူတွေကို ဆိုလို။
ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”