မာကု ၁၁:၁-၃၃
၁၁ ဂျေရုဆလင်မြို့အနီး၊ သံလွင်တောင်ခြေမှာရှိတဲ့ ဗက်ဖာဂေရွာနဲ့ ဗေသနိရွာကို+ ရောက်လာတဲ့အခါ ယေရှုက တပည့်နှစ်ယောက်ကို လွှတ်ပြီး၊+
၂ “ရှေ့မှာမြင်နေရတဲ့ ရွာကို သွားကြ။ ရွာထဲဝင်တာနဲ့ ဘယ်သူမှ မစီးဖူးသေးတဲ့ မြည်းကလေးတစ်ကောင် ချည်ထားတာကို တွေ့ရလိမ့်မယ်။ ကြိုးဖြေပြီး ဒီကို ဆွဲလာခဲ့။
၃ တစ်ယောက်ယောက်က ‘မြည်းကလေးကို ဘာလို့ ကြိုးဖြေနေတာလဲ” လို့မေးခဲ့ရင် ‘သခင် အသုံးလိုလို့ပါ။ ပြီးတာနဲ့ ပြန်လာပို့ပါ့မယ်’ လို့ပြောလိုက်ပါ” ဆိုပြီး မှာတယ်။
၄ တပည့်တွေ ထွက်သွားတဲ့အခါ လမ်းဘေးက အိမ်တစ်အိမ်ရဲ့ တံခါးပေါက်မှာ မြည်းကလေးတစ်ကောင် ချည်ထားတာတွေ့တော့ ကြိုးဖြေလိုက်တယ်။+
၅ အဲဒီမှာရပ်နေသူတချို့က “ဘာလို့ မြည်းကြိုးကို ဖြေနေတာလဲ” လို့ မေးကြတယ်။
၆ ယေရှု မှာထားတဲ့အတိုင်း သူတို့ပြန်ပြောတော့ ယူသွားခွင့်ပြုကြတယ်။
၇ တပည့်တွေက မြည်းကလေးကို+ ယေရှုဆီ ဆွဲလာပြီး သူတို့ရဲ့ဝတ်ရုံကို မြည်းကျောပေါ် ခင်းပေးကြတယ်။ ယေရှုက မြည်းကလေးကို စီးလာတယ်။+
၈ လူအများကလည်း သူတို့ရဲ့ဝတ်ရုံတွေကို လမ်းပေါ် ဖြန့်ခင်းကြတယ်။ တချို့က လမ်းဘေးက သစ်ခက်တွေကို ခုတ်ပြီး လမ်းပေါ်ခင်းကြတယ်။+
၉ အရှေ့အနောက်လိုက်ပါလာတဲ့ လူအုပ်က “ဘုရားသခင်၊ သူ့ကို ကယ်တင်ပါ။+ ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။+
၁၀ တည်ထောင်တော့မယ့် အဖဒါဝိဒ်ရဲ့နိုင်ငံ+ ကောင်းချီးခံစားရပါစေ။ ကောင်းကင်မှာ စံမြန်းတဲ့အရှင်၊ သူ့ကို ကယ်တင်ပါ” ဆိုပြီး ကြွေးကြော်ကြတယ်။
၁၁ ယေရှုက ဂျေရုဆလင်မြို့ကို ဝင်လာတဲ့အခါ ဗိမာန်တော်ထဲဝင်ပြီး အရာအားလုံးကို လှည့်လည်ကြည့်ရှုတယ်။ ဒါပေမဲ့ မိုးချုပ်ခါနီးပြီဖြစ်လို့ တမန်တော် ၁၂ ယောက်နဲ့အတူ ဗေသနိရွာကို ထွက်သွားတယ်။+
၁၂ နောက်တစ်နေ့ ဗေသနိရွာကနေ ပြန်အထွက်မှာ ယေရှု ဗိုက်ဆာလာတယ်။+
၁၃ အရွက်ဝေဆာနေတဲ့ သဖန်းပင်တစ်ပင်ကို လှမ်းမြင်တဲ့အခါ အသီးများရှိမလားလို့ သွားကြည့်တယ်။ ဒါပေမဲ့ အသီးသီးချိန် မဟုတ်တဲ့အတွက် အရွက်ပဲ တွေ့တယ်။
၁၄ ဒါနဲ့ ယေရှုက “မင်းရဲ့အသီးကို နောက်နောင် ဘယ်သူမှ မစားစေရ”+ လို့ပြောတယ်။ ဒါကို တပည့်တွေလည်း ကြားတယ်။
၁၅ ဂျေရုဆလင်မြို့ကို ရောက်လာတဲ့အခါ ယေရှုက ဗိမာန်တော်ထဲဝင်ပြီး အဲဒီမှာ ရောင်းဝယ်နေတဲ့ လူတွေကို မောင်းထုတ်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲ၊ ချိုးငှက်ရောင်းသူတွေရဲ့ ခုံကို မှောက်လှန်ပစ်တယ်။+
၁၆ ဗိမာန်တော်ကို ဖြတ်သန်းပြီး ပစ္စည်းတွေ သယ်ဆောင်ဖို့ လုံးဝခွင့်မပြုဘူး။
၁၇ “‘ငါ့အိမ်ကို လူမျိုးအားလုံး ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်’+ ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့က အိမ်တော်ကို ဓားပြခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ”+ ဆိုပြီး လူတွေကို ဆုံးမတယ်။
၁၈ ဒါကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ ကြားတာနဲ့ ယေရှုကိုသတ်ဖို့ နည်းလမ်းရှာကြတယ်။+ ဒါပေမဲ့ ယေရှုကို သူတို့ ကြောက်တယ်။ ဘာလို့လဲဆိုတော့ လူတွေက ယေရှုသွန်သင်တာကို တအံ့တသြ ဖြစ်နေကြလို့ပဲ။+
၁၉ နေဝင်ခါနီးအချိန်လောက်မှာ ယေရှုနဲ့တပည့်တွေက ဂျေရုဆလင်မြို့ကနေ ထွက်သွားကြတယ်။
၂၀ နောက်တစ်နေ့ မနက်စောစော လမ်းမှာသွားနေတုန်း သဖန်းပင်ဟာ အမြစ်ပါမကျန် ခြောက်သွေ့နေတာကို သူတို့တွေ့လိုက်ရတယ်။+
၂၁ ပေတရုက ယေရှုပြောခဲ့တဲ့စကားကို သတိရပြီး “ဆရာ၊ ကြည့်ပါဦး။ ဆရာကျိန်လိုက်တဲ့ သဖန်းပင်ဟာ ခြောက်နေပြီ”+ လို့ပြောတယ်။
၂၂ ယေရှုက “ဘုရားသခင်ကို ယုံကြည်ပါ။
၂၃ ကျွန်တော် မှန်တာကိုပြောမယ်။ သံသယစိတ် မရှိဘဲ ကိုယ်ပြောတဲ့အတိုင်း ဖြစ်မယ်လို့ ယုံကြည်ပြီး ဒီတောင်ကို ‘နေရာကနေ ရွေ့ပြီး ပင်လယ်ထဲ ကျစေ’ လို့ပြောရင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။+
၂၄ ဒါကြောင့် ကျွန်တော်ပြောမယ်။ ရကိုရမယ်လို့ ယုံကြည်ပြီး ခင်ဗျားတို့ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်။+
၂၅ ခင်ဗျားတို့ မတ်တတ်ရပ်ပြီး ဆုတောင်းတဲ့အခါ တစ်ယောက်ယောက်ကို မကျေနပ်စရာ အကြောင်းရှိရင် ခွင့်လွှတ်လိုက်ပါ။ ဒါဆိုရင် ကောင်းကင်အဖက ခင်ဗျားတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်လိမ့်မယ်”+ လို့ပြောတယ်။
၂၆ *—
၂၇ အဲဒီနောက် ယေရှုနဲ့ တပည့်တွေ ဂျေရုဆလင်မြို့ကို ပြန်လာတယ်။ ယေရှုက ဗိမာန်တော်ဝင်းထဲမှာ လမ်းလျှောက်နေတုန်း ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေ ရောက်လာပြီး၊
၂၈ “ခင်ဗျားက ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်နေတာလဲ။ ဘယ်သူက ဒီအခွင့်အာဏာ ပေးထားလို့လဲ”+ ဆိုပြီး မေးတယ်။
၂၉ ယေရှုက “ကျွန်တော် တစ်ခုမေးမယ်။ ဖြေကြပါ။ ဒါဆိုရင် ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ ပြောပြမယ်။
၃၀ ယောဟန်က ဘယ်သူ့ဆီက အခွင့်အာဏာနဲ့ နှစ်ခြင်းပေးတာလဲ။+ ဘုရားဆီကလား။* လူတွေဆီကလား” ဆိုပြီး မေးတယ်။+
၃၁ အဲဒီအခါ သူတို့က “‘ဘုရားဆီက’ လို့ ဖြေလိုက်ရင် ‘ဒါဆို ယောဟန်ကို ဘာလို့မယုံတာလဲ’ ဆိုပြီး မေးနေဦးမယ်။
၃၂ ‘လူတွေဆီက’ လို့လည်း ငါတို့မဖြေရဲဘူး” လို့ အချင်းချင်း တိုင်ပင်ကြတယ်။ လူအားလုံးက ယောဟန်ကို ပရောဖက်အစစ်လို့ ယူမှတ်ထားတဲ့အတွက် လူအုပ်ကို သူတို့ကြောက်နေတယ်။+
၃၃ ဒါကြောင့် “မသိဘူး” လို့ဖြေတော့ ယေရှုက “ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ မပြောပြဘူး” လို့ဖြေလိုက်တယ်။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။
^ နောက်ဆက်တွဲ က၃ ကိုကြည့်။
^ မူရင်း၊ “ကောင်းကင်ကလား။”