မာကု ၁၃:၁-၃၇

  • လောကစနစ်နိဂုံးပိုင်း (၁-၃၇)

    • စစ်၊ မြေငလျင်၊ အစာခေါင်းပါးမှု ()

    • သတင်းကောင်း ဟောရလိမ့်မယ် (၁၀)

    • ကြီးစွာသောဒုက္ခ (၁၉)

    • လူသား ကြွလာခြင်း (၂၆)

    • သဖန်းပင် ပုံဥပမာ (၂၈-၃၁)

    • သတိနဲ့ စောင့်နေကြပါ (၃၂-၃၇)

၁၃  ဗိမာန်တော်ကနေ ယေရှုထွက်လာတဲ့အခါ  တပည့်တစ်ယောက်က “ဆရာ၊ ဟောဒီကျောက်တုံးတွေ၊ အဆောက်အအုံတွေကို ကြည့်လိုက်ပါဦး”+ လို့ပြောတော့၊ ၂  ယေရှုက  “ဒီအဆောက်အအုံကြီးတွေကို ခင်ဗျားတို့ မြင်နေရတယ် မဟုတ်လား။ ဒါပေမဲ့ ဟောဒီကျောက်တုံးတွေ ကျိန်းသေ ဖြိုချခံရလိမ့်မယ်။ ကျောက်တစ်တုံးပေါ် တစ်တုံးဆင့်ပြီး ကျန်နေမှာ မဟုတ်ဘူး”+ လို့ပြောတယ်။ ၃  ဗိမာန်တော်ကို  လှမ်းမြင်ရတဲ့ သံလွင်တောင်ပေါ် ယေရှုထိုင်နေချိန်မှာ ပေတရု၊ ယာကုပ်၊ ယောဟန်နဲ့ အန္ဒြေတို့ချည်းပဲ  ရောက်လာပြီး၊ ၄  “ဆရာ၊ ကျွန်တော်တို့ကို ပြောပြပါ။ အဲဒါတွေ ဘယ်တော့  ဖြစ်လာမှာလဲ။  ဒါတွေအားလုံးရဲ့ နိဂုံးပိုင်း ရောက်နေပြီဆိုရင် ဘာနိမိတ်တွေ မြင်ရမလဲ”+ လို့မေးကြတယ်။ ၅  အဲဒီအခါ ယေရှုပြောတာက– “ဘယ်သူ့ကြောင့်မှ လမ်းမလွဲသွားရအောင် ခင်ဗျားတို့ သတိထားကြပါ။+ ၆  ‘ကျုပ်ဟာ ခရစ်တော်ပဲ’ လို့ပြောပြီး ကျွန်တော့်နာမည်နဲ့ လူတွေကို လမ်းလွဲစေမယ့်သူတွေ အများကြီး ပေါ်လာမယ်။ ၇  ဒါ့အပြင် ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ အဲဒီအခါ ထိတ်ထိတ်ပျာပျာ မဖြစ်ကြပါနဲ့။ အဲဒါတွေ ဖြစ်ကိုဖြစ်လာမယ်။ ဒါပေမဲ့ အဆုံးတော့ မရောက်သေးဘူး။+ ၈  “လူတစ်မျိုးနဲ့တစ်မျိုး၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။+ တစ်နေရာပြီး တစ်နေရာ မြေငလျင် လှုပ်လိမ့်မယ်။ အစာခေါင်းပါးတာလည်း ဖြစ်လိမ့်မယ်။+ ဒါတွေဟာ ဆင်းရဲဒုက္ခရဲ့* အစပဲ။+ ၉  “ခင်ဗျားတို့ သတိရှိကြပါ။ လူတွေက ခင်ဗျားတို့ကို တရားရုံးပို့လိမ့်မယ်။+ ကျွန်တော့်ကြောင့် ခင်ဗျားတို့ကို တရားဇရပ်တွေမှာ ရိုက်နှက်ပြီး+ ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့လိမ့်မယ်။ ဒီနည်းနဲ့  သူတို့ကို  သက်သေခံခွင့်ရလိမ့်မယ်။+ ၁၀  အရင်ဆုံး၊ လူမျိုးအားလုံးကို သတင်းကောင်း ဟောရလိမ့်မယ်။+ ၁၁  ခင်ဗျားတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အခါ ဘာပြောရမလဲဆိုပြီး ကြိုတင်တွေးပူမနေပါနဲ့။ အဲဒီအချိန်မှာ သိလာတဲ့အရာကိုသာ ပြောလိုက်ပါ။ ဘာလို့လဲဆိုတော့ ပြောတဲ့သူဟာ ခင်ဗျားတို့ မဟုတ်ဘူး။ သန့်ရှင်းသောစွမ်းအားတော်ပဲ။+ ၁၂  ဒါ့အပြင် ညီအစ်ကိုတွေ အသတ်ခံရအောင် အချင်းချင်း အပ်နှံကြလိမ့်မယ်။ ဖခင်က သားသမီးကို အပ်လိမ့်မယ်။ သားသမီးတွေကလည်း မိဘကို ဆန့်ကျင်ပြီး အသတ်ခံရအောင် လုပ်လိမ့်မယ်။+ ၁၃  ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို လူတွေ မုန်းကြလိမ့်မယ်။+ ဒါပေမဲ့ အဆုံးထိ ခံနိုင်ရည်ရှိသူဟာ+  ကယ်တင်ခံရမယ်။+ ၁၄  “ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာက+ မရှိသင့်တဲ့နေရာမှာ ရှိနေတာကို  ခင်ဗျားတို့မြင်ရရင်  (စာဖတ်သူ ပိုင်းခြားသိမြင်ပါစေ) ယုဒနယ်မှာနေတဲ့သူတွေ  တောင်ပေါ်ကို  ပြေးကြ။+ ၁၅  အိမ်မိုးပေါ်မှာရှိတဲ့သူက မဆင်းလာနဲ့တော့၊ ပစ္စည်းတွေယူဖို့ အိမ်ထဲ မဝင်နဲ့တော့။ ၁၆  လယ်ထဲရောက်နေတဲ့သူကလည်း အိမ်ပြန်ပြီး အဝတ်ကို ယူမနေနဲ့တော့။ ၁၇  အဲဒီအချိန်ကာလမှာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ ပိုဒုက္ခရောက်လိမ့်မယ်။+ ၁၈  ခင်ဗျားတို့ ထွက်ပြေးရမယ့်အချိန်ဟာ ဆောင်းရာသီ မကျဖို့ ဆုတောင်းနေကြပါ။ ၁၉  ဘာလို့လဲဆိုတော့ ဘုရားသခင် စတင်ဖန်ဆင်းချိန်ကနေ အခုချိန်အထိ မဖြစ်ဖူးသေးတဲ့၊ နောင်လည်း ဖြစ်မှာမဟုတ်တဲ့ ဒုက္ခဟာ+ အဲဒီကာလမှာ ဖြစ်လာမှာမို့လို့ပဲ။+ ၂၀  အဲဒီကာလ တိုတောင်းအောင် ယေဟောဝါ* ဘုရားသာ မလုပ်ပေးရင် ဘယ်သူမှ ဘေးလွတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရွေးချယ်ခံရသူတွေအတွက် ဘုရားက အဲဒီကာလကို တိုစေမယ်။+ ၂၁  “တစ်ယောက်ယောက်က ခင်ဗျားတို့ကို ‘ခရစ်တော် ဒီမှာရှိတယ်၊’ ‘ဟိုမှာရှိတယ်’  လို့ပြောရင် မယုံကြနဲ့။+ ၂၂  ခရစ်တော် အတုအယောင်တွေ၊ ပရောဖက် အတုအယောင်တွေ ပေါ်လာမယ်။+ သူတို့က ဖြစ်နိုင်ရင် ရွေးချယ်ခံရသူတွေကို လမ်းလွဲသွားအောင် အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြလိမ့်မယ်။ ၂၃  ဒါကြောင့် သတိထားကြပါ။+ ဒါတွေအားလုံး ကျွန်တော် ကြိုပြောထားပြီးပြီ။ ၂၄  “အဲဒီဒုက္ခကာလ ကျရောက်ပြီးတဲ့နောက် နေဟာ မှောင်မိုက်သွားမယ်။ လက အလင်းရောင်ပေးမှာ မဟုတ်ဘူး။+ ၂၅  ကြယ်တွေ ကောင်းကင်ကနေ ကြွေကျလိမ့်မယ်။ ကောင်းကင်တန်ခိုးတွေ တုန်လှုပ်လိမ့်မယ်။ ၂၆  အဲဒီနောက် လူသားဟာ+ မိုးတိမ်ခြံရံပြီး မဟာဘုန်းတန်ခိုးနဲ့ လာတာကို လူတွေ မြင်ရလိမ့်မယ်။+ ၂၇  အဲဒီနောက် လူသားက ကောင်းကင်တမန်တွေကို စေလွှတ်လိမ့်မယ်။ သူတို့က ရွေးချယ်ခံရသူတွေကို မြေကြီးစွန်းကနေ ကောင်းကင်စွန်းအထိ အရပ်လေးမျက်နှာကနေ စုသိမ်းလိမ့်မယ်။+ ၂၈  “သဖန်းပင်ပုံဥပမာကနေ သင်ယူကြပါ။ သဖန်းပင် အတက်ထွက်ပြီး ရွက်နုပေါက်လာရင် နွေရာသီ ရောက်တော့မယ်ဆိုတာ ခင်ဗျားတို့အသိပဲ။+ ၂၉  အလားတူ၊ အဲဒီအရာတွေ ဖြစ်ပျက်နေတာကို ခင်ဗျားတို့ မြင်ရရင် လူသားဟာ တံခါးဝနား ရောက်နေပြီဆိုတာ သိမှတ်ကြပါ။+ ၃၀  ကျွန်တော် မှန်တာကို ပြောမယ်။ ဒါတွေအားလုံး မဖြစ်ခင် ဒီလူမျိုးဆက်ဟာ* လုံးဝ ကွယ်ပျောက်မှာ မဟုတ်ဘူး။+ ၃၁  ကောင်းကင်နဲ့မြေကြီး ကွယ်ပျောက်လိမ့်မယ်။+ ဒါပေမဲ့ ကျွန်တော့်စကားတွေ ဘယ်တော့မှ ကွယ်ပျောက်မှာ မဟုတ်ဘူး။+ ၃၂  “အဲဒီနေ့၊ အဲဒီအချိန်ကို ဘယ်သူမှ မသိဘူး။ ကောင်းကင်တမန်တွေ မသိဘူး။  သားဖြစ်သူ  ကျွန်တော်လည်း မသိဘူး။  အဖဘုရားပဲ  သိတယ်။+ ၃၃  အဖဘုရား သတ်မှတ်ထားတဲ့အချိန်ကို ခင်ဗျားတို့ မသိတဲ့အတွက်+ သတိနဲ့စောင့်နေကြပါ။ နိုးနိုးကြားကြား ရှိနေကြပါ။+ ၃၄  ဘာနဲ့တူသလဲဆိုတော့ ကိုယ့်အိမ်ကိုထားခဲ့ပြီး တိုင်းတစ်ပါးကို ထွက်သွားတဲ့ လူတစ်ယောက်ရဲ့အဖြစ်နဲ့ တူတယ်။ သူက ကျွန်တွေကို အခွင့်အာဏာကိုယ်စီ၊  အလုပ်ကိုယ်စီ ပေးခဲ့တယ်။+ တံခါးစောင့်ကိုလည်း သတိနဲ့စောင့်နေဖို့ မှာခဲ့တယ်။+ ၃၅  အိမ်ရှင် ဘယ်အချိန်မှာ ပြန်လာမလဲ၊ ညဦးပိုင်းလား၊ သန်းခေါင်ယံလား၊ အရုဏ်တက်ခါနီးအချိန်လား၊ မိုးလင်းချိန်လားဆိုတာ ခင်ဗျားတို့ မသိတဲ့အတွက် သတိနဲ့စောင့်နေကြပါ။+ ၃၆  အဲဒီလိုမှမဟုတ်ရင် ရုတ်တရက်  အိမ်ရှင် ပြန်လာတဲ့အခါ ခင်ဗျားတို့ အိပ်ပျော်နေတာကို  တွေ့သွားလိမ့်မယ်။+ ၃၇  သတိနဲ့စောင့်နေပါလို့ ခင်ဗျားတို့ကို ကျွန်တော်ပြောသလို လူအားလုံးကိုလည်း ပြောတယ်။”+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “သားဖွားဝေဒနာရဲ့။”
ခက်ဆစ်ကိုကြည့်။