မာကု ၁၄:၁-၇၂

  • ယေရှုကိုသတ်ဖို့ ပုရောဟိတ်တွေ ကြံစည် (၁၊ ၂)

  • ယေရှုကို ဆီမွှေးလောင်း (၃-၉)

  • ယေရှုကို ယုဒ သစ္စာဖောက် (၁၀၊ ၁၁)

  • နောက်ဆုံးပသခါ (၁၂-၂၁)

  • သခင့်ညစာစားပွဲ စတင်ကျင်းပ (၂၂-၂၆)

  • ပေတရု ငြင်းဆိုမယ့်အကြောင်း ယေရှု ကြိုပြော (၂၇-၃၁)

  • ဂေသရှေမန်ဥယျာဉ်မှာ ယေရှုဆုတောင်း (၃၂-၄၂)

  • ယေရှု အဖမ်းခံရ (၄၃-၅၂)

  • ဂျူးတရားရုံးချုပ်ရှေ့ စစ်ဆေးခံရ (၅၃-၆၅)

  • ယေရှုကို မသိကြောင်း ပေတရု သုံးကြိမ်ငြင်းဆို (၆၆-၇၂)

၁၄  နောက်နှစ်ရက်အကြာမှာ+ ပသခါပွဲနဲ့*+ တဆေးမဲ့မုန့်ပွဲ+ ရှိတယ်။ ပုရောဟိတ်ကြီးတွေနဲ့ ကျမ်းတတ်တွေက ယေရှုကို အကွက်ဆင်ဖမ်းပြီး သတ်ပစ်ဖို့ နည်းလမ်းရှာတယ်။+ ၂  ဒါပေမဲ့ “ပွဲတော်အတွင်းမှာတော့ ဖမ်းလို့မဖြစ်ဘူး။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်တယ်” ဆိုပြီး ပြောကြတယ်။ ၃  ဗေသနိရွာက  အနာကြီးရောဂါသည်  ရှိမုန်ရဲ့အိမ်မှာ  ယေရှုစားသောက်နေတုန်း  အမျိုးသမီးတစ်ယောက်က တန်ဖိုးကြီး နာဒု* ဆီမွှေးစစ်စစ်ပါတဲ့ ကျောက်ဖြူဘူးကို ယူလာတယ်။ ကျောက်ဖြူဘူးကို  ဖွင့်ပြီး ယေရှုရဲ့ခေါင်းပေါ်  လောင်းလိုက်တယ်။+ ၄  အဲဒီအခါ တချို့က စိတ်ဆိုးဆိုးနဲ့ “ဆီမွှေးကို ဖြုန်းတီးနေတာ။ ၅  ဒေနာရိ* ၃၀၀ ကျော်နဲ့ ရောင်းပြီး ဆင်းရဲသားတွေကို ပေးလို့ရတာပဲ” ဆိုပြီး အချင်းချင်းပြောကြတယ်။ အဲဒီအမျိုးသမီးကိုလည်း စိတ်ဆိုးပြီး ဆူကြတယ်။ ၆  ယေရှုက “ထားလိုက်ပါ။ သူ့ကို ဘာလို့ နှောင့်ယှက်နေတာလဲ။ သူက ကျွန်တော့်ကို ကောင်းမှုပြုနေတာ။+ ၇  ဆင်းရဲသားတွေက ခင်ဗျားတို့နဲ့အတူ အမြဲရှိနေမှာပဲ။+ ခင်ဗျားတို့ အလိုရှိတဲ့အခါတိုင်း သူတို့ကို ကောင်းမှုပြုနိုင်တယ်။ ကျွန်တော်ကတော့ ခင်ဗျားတို့နဲ့အတူ  အမြဲရှိနေမှာ  မဟုတ်ဘူး။+ ၈  သူတတ်နိုင်တာကို  သူလုပ်တာပဲ။ ကျွန်တော့်အပေါ် ဆီမွှေးလောင်းတာဟာ ကျွန်တော့်ကို သင်္ဂြိုဟ်ဖို့ ကြိုတင်ပြင်ဆင်နေတာ။+ ၉  ကျွန်တော် မှန်တာကိုပြောမယ်။ သတင်းကောင်း ဟောလေရာ မြေတစ်ပြင်လုံးမှာ+ သူ့ကို အမှတ်ရတဲ့အနေနဲ့ သူလုပ်ခဲ့တာတွေကို ပြောကြလိမ့်မယ်”+  လို့ပြောတယ်။ ၁၀  တမန်တော် ၁၂ ယောက်ထဲက ယုဒရှကာရုတ်က  ယေရှုကို  သစ္စာဖောက်ပြီး အပ်နှံဖို့ ပုရောဟိတ်ကြီးတွေဆီ သွားတယ်။+ ၁၁  ပုရောဟိတ်ကြီးတွေက သူ့ရဲ့စကားကို ကြားတဲ့အခါ ဝမ်းသာအားရဖြစ်ပြီး ငွေပေးမယ်လို့ ကတိပေးကြတယ်။+ ဒါကြောင့် ယုဒက ယေရှုကို သစ္စာဖောက်အပ်နှံဖို့ အခွင့်ကောင်းရှာနေတော့တယ်။ ၁၂  ပသခါပူဇော်သက္ကာကို  ဆက်သလေ့ရှိတဲ့+ တဆေးမဲ့မုန့်ပွဲ+ ပထမနေ့မှာ တပည့်တွေက “ပသခါညစာကို ဘယ်မှာ သွားပြင်ဆင်ရမလဲ” လို့မေးတဲ့အခါ၊+ ၁၃  ယေရှုက  တပည့်နှစ်ယောက်ကို “မြို့ထဲ ဝင်သွားလိုက်။ ရေအိုးထမ်းလာတဲ့  ယောက်ျားတစ်ယောက်ကို တွေ့လိမ့်မယ်။  သူ့နောက်ကို  လိုက်ပြီး၊+ ၁၄  သူဝင်တဲ့အိမ်ထဲ လိုက်ဝင်သွားပါ။ ပြီးတော့ ‘“တပည့်တွေနဲ့အတူ ပသခါ ညစာ စားမယ့်အခန်းက ဘယ်မှာလဲ” လို့ဆရာမေးတယ်’ ဆိုပြီး အိမ်ရှင်ကို ပြောပါ။ ၁၅  အိမ်ရှင်က အပေါ်ထပ်မှာရှိတဲ့ ပြင်ဆင်ပြီးသား အခန်းကြီးတစ်ခုကို ပြလိမ့်မယ်။ အဲဒီအခန်းမှာ ညစာပြင်ဆင်ပါ” လို့မှာပြီး လွှတ်လိုက်တယ်။ ၁၆  တပည့်တွေလည်း ထွက်သွားပြီး မြို့ထဲဝင်တဲ့အခါ ယေရှုမှာတဲ့အတိုင်း တွေ့တော့ ပသခါပွဲအတွက် ပြင်ဆင်ကြတယ်။ ၁၇  ညဦးပိုင်းရောက်တော့ ယေရှုက တမန်တော် ၁၂ ယောက်နဲ့အတူ ရောက်လာတယ်။+ ၁၈  စားပွဲမှာ ထိုင်ပြီး စားသောက်ကြတဲ့အခါ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ အတူစားနေသူတွေထဲက တစ်ယောက် ကျွန်တော့်ကို သစ္စာဖောက်လိမ့်မယ်”+ လို့ပြောတော့၊ ၁၉  တပည့်တွေ ဝမ်းနည်းသွားတဲ့အတွက် “ကျွန်တော် မဟုတ်ပါဘူးနော်” ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် မေးကြတယ်။ ၂၀  ယေရှုက “သူဟာ ခင်ဗျားတို့ ၁၂ ယောက်ထဲကပဲ။ ကျွန်တော်နဲ့အတူ တစ်ပန်းကန်တည်း နှိုက်စားတဲ့သူပေါ့။+ ၂၁  ကျမ်းစောင်မှာ ရေးထားတဲ့အတိုင်း လူသားက သွားရမှာပဲ။ ဒါပေမဲ့  လူသားကို  သစ္စာဖောက်တဲ့သူကတော့ အဖြစ်ဆိုးကြုံရလိမ့်မယ်။+ အဲဒီလူ မမွေးလာခဲ့ရင် ပိုကောင်းဦးမယ်” လို့ပြောတယ်။+ ၂၂  သူတို့စားသောက်နေချိန်မှာ ယေရှုက မုန့်ကိုယူပြီး ဆုတောင်းတယ်။ မုန့်ကိုဖဲ့ပြီးနောက် “ယူပါ။ ဒါဟာ ကျွန်တော့်ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်”+ လို့ပြောပြီး တပည့်တွေကို ဝေပေးတယ်။ ၂၃  အဲဒီနောက် ဝိုင်ခွက်ကိုယူ၊ ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းပြီး ဝေပေးတဲ့အခါ  သူတို့အားလုံး  သောက်ကြတယ်။+ ၂၄  ယေရှုက “ဒါဟာ ကျွန်တော့်ရဲ့သွေးကို+ ကိုယ်စားပြုတယ်။ လူအများအတွက် သွန်းလောင်းမယ့်+ ‘ပဋိညာဉ်နဲ့ဆိုင်တဲ့ သွေးပဲ။’+ ၂၅  ကျွန်တော် မှန်တာကိုပြောမယ်။ ဘုရားသခင့် နိုင်ငံတော်မှာ စပျစ်ဝိုင်အသစ် သောက်ရမယ့်နေ့ မရောက်မချင်း အခုကစပြီး စပျစ်ဝိုင်ကို ကျွန်တော် လုံးဝမသောက်တော့ဘူး” လို့ပြောတယ်။ ၂၆  နောက်ဆုံးမှာ သူတို့ ချီးမွမ်းသီချင်းဆိုပြီးနောက် သံလွင်တောင်ပေါ်  တက်သွားကြတယ်။+ ၂၇  ယေရှုက “‘သိုးထိန်းကို ငါရိုက်သတ်မှာဖြစ်လို့+ သိုးတွေ ကွဲလွင့်သွားလိမ့်မယ်’+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ခင်ဗျားတို့အားလုံး ကျွန်တော့်ကို စွန့်ပြီး ပြေးကြလိမ့်မယ်။ ၂၈  ဒါပေမဲ့ ကျွန်တော် သေရာကနေ အသက်ပြန်ရှင်လာတဲ့အခါ ဂါလိလဲနယ်ကို ခင်ဗျားတို့ထက်အရင် သွားနှင့်မယ်”+ လို့ပြောတယ်။ ၂၉  ပေတရုက “တခြားသူတွေ သခင့်ကို စွန့်ခွာသွားရင်တောင် ကျွန်တော်ကတော့ မစွန့်ဘူး”+ လို့ပြောတော့၊ ၃၀  ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ ဒီနေ့ညမှာပဲ ကြက်နှစ်ကြိမ်မတွန်ခင် ကျွန်တော့်ကို မသိပါဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်”+ လို့ပြောတယ်။ ၃၁  ဒါပေမဲ့ ပေတရုက “အတူသေရင် သေပါစေ။ သခင့်ကို မသိဘူးလို့ ဘယ်တော့မှ မငြင်းဘူး” ဆိုပြီး အခိုင်အမာ ပြောတယ်။ ကျန်တဲ့တပည့်တွေလည်း  အဲဒီအတိုင်း  လိုက်ပြောကြတယ်။+ ၃၂  ဂေသရှေမန်ဆိုတဲ့  နေရာကို ရောက်လာတဲ့အခါ ယေရှုက “ကျွန်တော် ဆုတောင်းနေတုန်း ဒီမှာ ထိုင်နေကြပါ”+ လို့ တပည့်တွေကို မှာခဲ့ပြီးနောက်၊ ၃၃  ပေတရု၊ ယာကုပ်နဲ့ ယောဟန်ကို ခေါ်သွားတယ်။+ ယေရှုဟာ အကြီးအကျယ် စိတ်ဒုက္ခရောက်ပြီး သောကဖိစီးနေတယ်။ ၃၄  ဒါနဲ့ ယေရှုက “ကျွန်တော် ဝမ်းနည်းလွန်းလို့+ သေလုမတတ်ပဲ။ ဒီမှာ နေခဲ့ကြဦး။ သတိနဲ့စောင့်နေကြပါ”+  လို့ပြောတယ်။ ၃၅  အဲဒီနောက် ရှေ့နားလေးကို သွားပြီး မြေပေါ်ပျပ်ဝပ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီအချိန်ကို မကြုံပါရစေနဲ့လို့ ဆုတောင်းတယ်။ ၃၆  “အဗ္ဗ၊* အဖဟာ+  အရာအားလုံးကို  လုပ်နိုင်ပါတယ်။ ဒီခွက်ကို* လွှဲဖယ်ပေးပါ။ ဒါပေမဲ့ ကျွန်တော့် ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” လို့ဆုတောင်းပြီးနောက်၊+ ၃၇  သူတို့ဆီ ပြန်လာတဲ့အခါ  အိပ်ပျော်နေတာကိုတွေ့တော့ ပေတရုကို “ရှိမုန်၊ ဘာလို့ အိပ်ပျော်နေတာလဲ။  တစ်နာရီလေးတောင် သတိနဲ့  မစောင့်နိုင်ဘူးလား။+ ၃၈  သွေးဆောင်မှုနောက်  ပါမသွားအောင် သတိနဲ့စောင့်ပြီး အမြဲဆုတောင်းနေကြပါ။+ စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်”+ လို့ပြောတယ်။ ၃၉  အဲဒီနောက် ပြန်ထွက်သွားပြီး အရင်အတိုင်းပဲ ဆုတောင်းတယ်။+ ၄၀  ပြန်လာတဲ့အခါ သူတို့တွေ မျက်စိလေးပြီး အိပ်ပျော်နေတာကို တွေ့တယ်။ ယေရှုကို ဘာပြန်ပြောရမှန်းမသိ ဖြစ်နေကြတယ်။ ၄၁  အဲဒီနောက်  တတိယအကြိမ် ပြန်လာပြီး “ဒီလိုအချိန်မျိုးမှာတောင် အေးအေးဆေးဆေး အိပ်နေကြပါလား။ တော်ပြီ၊ မအိပ်ကြနဲ့တော့။  လူသားကို  သစ္စာဖောက်ပြီး အပြစ်သားတွေလက်ထဲ အပ်မယ့်အချိန် ရောက်ပြီ။+ ၄၂  ထကြ၊ သွားကြစို့။ ကျွန်တော့်ကို သစ္စာဖောက်တဲ့သူ ရောက်လာတော့မယ်”+ လို့ပြောတယ်။ ၄၃  အဲဒီလိုပြောနေတုန်းမှာပဲ တမန်တော် ၁၂ ယောက်ထဲက ယုဒက ဓားတွေ၊ တုတ်တွေကိုင်ထားတဲ့ လူတွေနဲ့အတူ ရောက်လာတယ်။ အဲဒီလူတွေကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေ  လွှတ်လိုက်တာ။+ ၄၄  သစ္စာဖောက်ယုဒက “ငါနမ်းတဲ့သူဟာ ယေရှုပဲ။ သူ့ကိုဖမ်းပြီး စောင့်ကြပ်ခေါ်သွားကြ” လို့အချက်ပေးထားပြီးပြီ။ ၄၅  သူရောက်လာတာနဲ့ ယေရှုဆီ တန်းသွားပြီး “ဆရာ” လို့ခေါ်ပြီး နမ်းတယ်။ ၄၆  လူတွေလည်း ယေရှုကို ဖမ်းဆီးလိုက်ကြတယ်။ ၄၇  အနားမှာရပ်နေတဲ့ လူတစ်ယောက်က ဓားကိုဆွဲထုတ်ပြီး ပုရောဟိတ်မင်းရဲ့ ကျွန်ကို ခုတ်လိုက်တာ နားရွက်ပြတ်သွားတယ်။+ ၄၈  အဲဒီအခါ ယေရှုက “ဓားပြကိုဖမ်းသလို ကျွန်တော့်ကိုဖမ်းဖို့ ဓားတွေ၊ တုတ်တွေကိုင်ပြီး လာရသလား။+ ၄၉  ကျွန်တော် ဗိမာန်တော်မှာ နေ့တိုင်း သွန်သင်တုန်းက ခင်ဗျားတို့ ရှိနေတာပဲ။+ အဲဒီတုန်းက မဖမ်းကြပါလား။ ဒါပေမဲ့ ဒါဟာ ကျမ်းစာပြည့်စုံဖို့ပဲ”+ လို့ပြောတယ်။ ၅၀  တပည့်အားလုံးက  ယေရှုကိုထားခဲ့ပြီး  ထွက်ပြေးကုန်တယ်။+ ၅၁  ဒါပေမဲ့  လူရွယ်တစ်ယောက်က ဝတ်ရုံတစ်ထည်ကိုပဲခြုံပြီး နောက်ကနေ လိုက်လာတယ်။ လူတွေ လိုက်ဖမ်းတော့၊ ၅၂  သူလည်း ဝတ်ရုံကိုစွန့်ပြီး  အတွင်းအင်္ကျီနဲ့ပဲ  ထွက်ပြေးသွားတယ်။ ၅၃  လူတွေက   ယေရှုကို   ပုရောဟိတ်မင်းဆီ ခေါ်သွားတယ်။+ အဲဒီမှာ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ၊ ကျမ်းတတ်တွေ  စုဝေးနေတယ်။+ ၅၄  ပေတရုက ပုရောဟိတ်မင်းရဲ့ ခြံဝင်းထဲအထိ ခပ်လှမ်းလှမ်းကနေ လိုက်လာတယ်။ အိမ်စေတွေနဲ့အတူ ထိုင်ပြီး မီးလှုံနေတယ်။+ ၅၅  ပုရောဟိတ်ကြီးတွေနဲ့ ဂျူးတရားရုံးချုပ်* အဖွဲ့ဝင်အားလုံးက ယေရှုကို သေဒဏ်စီရင်နိုင်ဖို့ သက်သေရှာပေမဲ့ မတွေ့ဘူး။+ ၅၆  လူအတော်များများက မဟုတ်မမှန်သက်သေထွက်ဆိုပေမဲ့+  သူတို့စကားက  တစ်ယောက်တစ်မျိုးစီ  ဖြစ်နေတယ်။ ၅၇  တချို့ကလည်း ရှေ့ကိုထွက်လာပြီး မမှန်မကန် သက်သေထွက်ဆိုကြတယ်– ၅၈  “‘လူတွေတည်ဆောက်တဲ့ ဒီဗိမာန်တော်ကို ဖြိုဖျက်ပြီး လူတွေ မတည်ဆောက်တဲ့ ဗိမာန်တော်ကို သုံးရက်တည်းနဲ့ တည်ဆောက်ပြမယ်’ လို့ သူပြောခဲ့တာကို ကျုပ်တို့ကြားတယ်”+ ဆိုပြီး ပြောကြတယ်။ ၅၉  ဒါပေမဲ့ ဒီစွဲချက်မှာလည်း  သူတို့ရဲ့စကားတွေက တစ်ယောက်တစ်မျိုးစီ ဖြစ်နေတယ်။ ၆၀  ဒါနဲ့ ပုရောဟိတ်မင်းက ထရပ်ပြီး “မင်း ဘာမှ ပြန်မပြောတော့ဘူးလား။ သူတို့ရဲ့ ထွက်ဆိုချက်ကို မင်း ဘာပြောမလဲ”+ လို့မေးပေမဲ့၊ ၆၁  ယေရှုက တစ်ခွန်းမှ ပြန်မဖြေဘဲ နှုတ်ဆိတ်နေတယ်။+ ပုရောဟိတ်မင်းက “မင်းဟာ ခရစ်တော် ဟုတ်သလား၊ အမြင့်မြတ်ဆုံးအရှင်ရဲ့သား ဟုတ်သလား” လို့မေးတော့မှ၊ ၆၂  ယေရှုက “ဟုတ်တယ်။ လူသားဟာ+ တန်ခိုးကြီးတဲ့အရှင်ရဲ့ ညာဘက်မှာ ထိုင်နေတာ၊+ မိုးတိမ်ခြံရံပြီး လာနေတာကို ခင်ဗျားတို့ မြင်ရလိမ့်မယ်”+ လို့ဖြေတယ်။ ၆၃  အဲဒီအခါ ပုရောဟိတ်မင်းက ကိုယ့်အဝတ်ကို ဆွဲဆုတ်ပြီး “ဘာသက်သေ လိုသေးလို့လဲ။+ ၆၄  ဘုရားကို  သူစော်ကားပြောဆိုလိုက်တာ ခင်ဗျားတို့ ကြားတယ်နော်။ ခင်ဗျားတို့ ဘယ်လို ဆုံးဖြတ်မလဲ” လို့မေးတယ်။ သူတို့အားလုံးက ယေရှုကို သေဒဏ်ခံထိုက်တယ်လို့ စီရင်ချက်ချကြတယ်။+ ၆၅  အဲဒီနောက် တချို့က ယေရှုကို တံတွေးထွေးတယ်။+ မျက်နှာကိုဖုံး၊ လက်သီးနဲ့ထိုးပြီး “မင်းကို ဘယ်သူထိုးတာလဲ ဟောစမ်းပါဦး” လို့ ပြောကြတယ်။ ပါးကိုလည်း ရိုက်ကြတယ်။ အဲဒီနောက် အစောင့်တပ်သားတွေက ယေရှုကို ခေါ်သွားတယ်။+ ၆၆  ပေတရုက ခြံဝင်းထဲမှာပဲ ရှိနေတုန်း  ပုရောဟိတ်မင်းရဲ့  အစေခံမလေးတစ်ယောက် ရောက်လာတယ်။+ ၆၇  မီးလှုံနေတဲ့ ပေတရုကို တွေ့တဲ့အခါ အသေအချာ ကြည့်ပြီး “ရှင်လည်း နာဇရက်မြို့သား ယေရှုနဲ့တစ်ဖွဲ့တည်း မဟုတ်လား” လို့ပြောတယ်။ ၆၈  ပေတရုက “သူ့ကို ကျွန်တော် မသိဘူး။ ခင်ဗျား ဘာတွေပြောနေမှန်းလည်း ကျွန်တော် နားမလည်ဘူး” လို့ငြင်းပြီး ခြံအဝင်ဝဘက်ကို ထွက်သွားလိုက်တယ်။ ၆၉  အစေခံမလေးက ပေတရုကို ထပ်တွေ့ပြန်တော့ အနားမှာ ရပ်နေသူတွေကို “ဒီလူဟာ ယေရှုရဲ့ တပည့်တစ်ယောက်ပဲ” လို့ပြောတယ်။ ၇၀  ပေတရုက မဟုတ်ဘူးလို့ ငြင်းပြန်တယ်။ ခဏကြာတော့ အနားမှာ ရပ်နေသူတွေက “ခင်ဗျားဟာ ဂါလိလဲပြည်သားပဲ။ သူတို့နဲ့တစ်ဖွဲ့တည်းဆိုတာ သေချာတယ်”  လို့ ပေတရုကို  ပြောတယ်။ ၇၁  ဒါပေမဲ့ ပေတရုက ကျိန်တွယ်သစ္စာဆိုပြီး “ခင်ဗျားတို့ ပြောနေတဲ့လူကို ကျွန်တော် မသိဘူး” လို့ငြင်းတယ်။ ၇၂  အဲဒီအချိန်မှာပဲ ဒုတိယအကြိမ် ကြက်တွန်တယ်။+ “ကြက်နှစ်ကြိမ်မတွန်ခင် ကျွန်တော့်ကို မသိပါဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်”+ ဆိုတဲ့ ယေရှုရဲ့စကားကို ပေတရုသတိရပြီး စိတ်မထိန်းနိုင်ဘဲ ငိုချတော့တယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
“ဖေဖေ” လို့အဓိပ္ပာယ်ရှိတဲ့ ဟီဘရူး (သို့) အာရမိတ်စကားလုံး။
ဘုရားကိုစော်ကားပြောဆိုသူဆိုတဲ့ စွဲချက်နဲ့ ယေရှုသေဆုံးဖို့ ဘုရားအလိုရှိတာကို ဆိုလို။
ခက်ဆစ်ကိုကြည့်။