မာကု ၁၅:၁-၄၇
၁၅ မနက်မိုးလင်းတာနဲ့ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ၊ ကျမ်းတတ်တွေပါတဲ့ ဂျူးတရားရုံးချုပ် အဖွဲ့ဝင်အားလုံး တိုင်ပင်ကြတယ်။ အဲဒီနောက် ယေရှုကို ချည်နှောင်ပြီး ပိလတ်မင်းဆီ အပ်လိုက်တယ်။+
၂ ပိလတ်မင်းက “မင်းဟာ ဂျူးတွေရဲ့ဘုရင် ဟုတ်သလား”+ လို့မေးတော့ ယေရှုက “မင်းကြီးပြောတာ အမှန်ပဲ” လို့ဖြေတယ်။+
၃ ပုရောဟိတ်ကြီးတွေကတော့ ယေရှုကို အမျိုးမျိုး စွပ်စွဲနေကြတယ်။
၄ ပိလတ်မင်းက “မင်းကို ဒီလောက်စွပ်စွဲနေတာ+ ဘာမှ ပြန်မပြောဘူးလား”+ ဆိုပြီးမေးတော့လည်း၊
၅ ယေရှု တစ်ခွန်းမှ ပြန်မပြောတဲ့အတွက် သူအံ့သြသွားတယ်။+
၆ ပွဲတော်နေ့ရောက်တိုင်း ပိလတ်မင်းက လူတွေတောင်းဆိုတဲ့ အကျဉ်းသားတစ်ယောက်ကို လွှတ်ပေးတဲ့ထုံးစံရှိတယ်။+
၇ အဲဒီအချိန်မှာ ဗာရဗ္ဗလို့ခေါ်တဲ့ လူတစ်ယောက်ဟာ သူပုန်တွေနဲ့အတူ ထောင်ကျနေတယ်။ သူတို့ဟာ ပုန်ကန်ထကြွပြီး လူသတ်မှု ကျူးလွန်ခဲ့သူတွေပဲ။
၈ လူတွေက စုဝေးလာပြီး ထုံးစံရှိတဲ့အတိုင်း အကျဉ်းသားတစ်ယောက် လွှတ်ပေးဖို့ တောင်းဆိုကြတယ်။
၉ ပိလတ်မင်းက “ဂျူးတွေရဲ့ဘုရင်ကို လွှတ်စေချင်သလား”+ ဆိုပြီး လူတွေကို ပြန်မေးတယ်။
၁၀ ပုရောဟိတ်ကြီးတွေက ယေရှုကို မနာလိုစိတ်နဲ့ အခုလို အပ်လိုက်မှန်း ပိလတ်မင်း ရိပ်မိတယ်။+
၁၁ ပုရောဟိတ်ကြီးတွေက ယေရှုအစား ဗာရဗ္ဗကို လွှတ်ပေးပါလို့ တောင်းဆိုဖို့ လူအုပ်ကို လှုံ့ဆော်ထားတယ်။+
၁၂ ပိလတ်မင်းက “ဒါဆိုရင် ဂျူးတွေရဲ့ဘုရင်ဆိုပြီး မင်းတို့ပြောနေတဲ့ ဒီလူကို ငါဘယ်လိုလုပ်ရမလဲ”+ လို့ထပ်မေးတော့၊
၁၃ “သစ်တိုင်ပေါ် တင်လိုက်ပါ” လို့အော်ကြပြန်တယ်။+
၁၄ ပိလတ်မင်းက “ဘာဖြစ်လို့လဲ။ သူ ဘာမကောင်းတာ လုပ်ခဲ့လို့လဲ” ဆိုပြီး ထပ်မေးတဲ့အခါ သူတို့က “သူ့ကို သစ်တိုင်ပေါ် တင်လိုက်ပါ” လို့ပဲ အသံကုန်အော်ကြတယ်။+
၁၅ အဲဒီအခါ လူတွေကို လိုက်လျောပေးချင်တဲ့ ပိလတ်မင်းက ဗာရဗ္ဗကို လွှတ်ပေးလိုက်တယ်။ ယေရှုကိုတော့ ကျာပွတ်နဲ့ ရိုက်စေပြီး+ သစ်တိုင်ပေါ်မှာ ကွပ်မျက်ဖို့ အပ်လိုက်တယ်။+
၁၆ စစ်သည်တွေက ယေရှုကို ဘုရင်ခံနန်းဆောင်ဝင်းထဲ ခေါ်သွားပြီး စစ်တပ်တစ်တပ်လုံးကိုလည်း စုရုံးလိုက်တယ်။+
၁၇ အဲဒီနောက် ယေရှုကို ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ပေးတယ်။ ဆူးခက်သရဖူလုပ်ပြီး ဆောင်းပေးတယ်။
၁၈ ပြီးတော့ “ဂျူးတို့ရဲ့ဘုရင်၊ မင်္ဂလာပါ” လို့ပြောကြတယ်။+
၁၉ ယေရှုကို တံတွေးနဲ့ထွေးပြီး ခေါင်းကို ကျူရိုးနဲ့ရိုက်တယ်။ ရှေ့မှာ ဒူးထောက်ပြီး ဦးညွှတ်ကြတယ်။
၂၀ အဲဒီလို လှောင်ပြောင်ပြီးတဲ့နောက် ခရမ်းရောင်ဝတ်ရုံကို ပြန်ချွတ်ယူပြီး သူ့အဝတ်ကို ပြန်ဝတ်ခိုင်းတယ်။ ပြီးတော့ သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်ထားဖို့ ခေါ်ထုတ်သွားတယ်။+
၂၁ အလက်ဇန္ဒားနဲ့ ရုဖုတို့ရဲ့ဖခင်၊ ကုရေနေမြို့သား ရှိမုန် တောရွာကနေ လာနေတာကို စစ်သားတွေတွေ့တော့ အတင်းအကျပ်ခေါ်ပြီး ယေရှုကိုတင်ပြီးသတ်မယ့် သစ်တိုင်ကို ထမ်းခိုင်းတယ်။+
၂၂ အဲဒီလိုနဲ့ ယေရှုကို “ဦးခေါင်းခွံအရပ်” လို့ အဓိပ္ပာယ်ရှိတဲ့ ‘ဂေါလဂေါသ’ အရပ်ဆီ ခေါ်သွားကြတယ်။+
၂၃ အဲဒီကိုရောက်တော့ ထုံထိုင်းစေဖို့ မုရန်ရောထားတဲ့ ဝိုင်ကို တိုက်ပေမဲ့+ ယေရှု မသောက်ဘဲနေတယ်။
၂၄ အဲဒီနောက် သူတို့က ယေရှုကို သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်ကြတယ်။ ဝတ်လုံတွေကိုတော့ ဘယ်သူ ဘာယူမယ်ဆိုတာ သိနိုင်ဖို့ မဲချပြီး ခွဲယူကြတယ်။+
၂၅ မနက် ၉ နာရီ* လောက်မှာ ယေရှုကို သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်ကြတယ်။
၂၆ “ဂျူးတို့ရဲ့ဘုရင်” ဆိုတဲ့ စွဲချက်ကိုရေးပြီး ခေါင်းအပေါ်နားမှာ တပ်ထားတယ်။+
၂၇ ဓားပြနှစ်ယောက်ကိုလည်း ယေရှုရဲ့ညာဘက်မှာ တစ်ယောက်၊ ဘယ်ဘက်မှာ တစ်ယောက် သစ်တိုင်ပေါ် တင်ကြတယ်။+
၂၈ *—
၂၉ ဖြတ်သန်းသွားလာသူတွေက ယေရှုကို ကဲ့ရဲ့ကြတယ်။ ခေါင်းတခါခါ လုပ်ပြီး+ “ဗိမာန်တော်ကို ဖြိုဖျက်ပြီး သုံးရက်အတွင်း ပြန်ဆောက်မယ့်လူ၊+
၃၀ သစ်တိုင်ပေါ်ကနေ ဆင်းခဲ့လေ။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်လေ” လို့ ပြောကြတယ်။
၃၁ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေကလည်း “ဒီလူ၊ တခြားသူကိုတော့ ကယ်နိုင်ပါရဲ့။ ကိုယ့်ကိုယ်ကိုယ်တော့ မကယ်နိုင်ပါလား။+
၃၂ အစ္စရေးဘုရင် ခရစ်တော်၊ သစ်တိုင်ပေါ်ကနေ အခု ဆင်းလာလေ။ ဆင်းလာတာကို မြင်ရရင် ကျုပ်တို့ ယုံမှာပေါ့”+ ဆိုပြီး ယေရှုကို ဝိုင်းလှောင်ကြတယ်။ ဘေးမှာ သစ်တိုင်တင်ခံရတဲ့ ဓားပြတွေတောင် ယေရှုကို ကဲ့ရဲ့ပြောဆိုကြတယ်။+
၃၃ မွန်းတည့် ၁၂ နာရီမှာ* တစ်ပြည်လုံး အမှောင်ကျသွားတယ်။ မွန်းလွဲ ၃ နာရီ* အထိ မှောင်နေတုန်းပဲ။+
၃၄ မွန်းလွဲ ၃ နာရီမှာ ယေရှုက “ဧလိ၊ ဧလိ၊ လာမာ ရှာဗတ်ခသာနိ” လို့ အော်ပြောတယ်။ “ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ” ဆိုတဲ့အဓိပ္ပာယ်ပဲ။+
၃၅ ဒါကိုကြားတော့ အနီးတစ်ဝိုက်မှာ ရပ်နေသူတချို့က “ကြည့်စမ်းပါဦး၊ သူ ဧလိယကို ခေါ်နေတာ” လို့ပြောကြတယ်။
၃၆ တစ်ယောက်က ခပ်သုတ်သုတ် ပြေးသွားပြီး ရေမြှုပ်ကို ယူ၊ အချဉ်ပေါက်နေတဲ့ ဝိုင်ထဲ နှစ်လိုက်တယ်။ ပြီးတော့ ရေမြှုပ်ကို ကျူရိုးထိပ်မှာတပ်၊ ယေရှုကို သောက်ခိုင်းပြီး+ “နေပါစေ၊ သူ့ကို ဧလိယ လာကယ်မကယ် စောင့်ကြည့်ရအောင်” လို့ပြောတယ်။
၃၇ ယေရှုက အကျယ်ကြီး အော်ပြီးနောက် အသက်ထွက်သွားတယ်။+
၃၈ အဲဒီအခါ ဗိမာန်တော်ကန့်လန့်ကာဟာ+ အထက်အောက် နှစ်ခြမ်းကွဲသွားတယ်။+
၃၉ ရှေ့မှာရပ်နေတဲ့ တပ်မှူးက ယေရှု သေဆုံးခါနီးအချိန်မှာ ဖြစ်ပျက်တာတွေကို မြင်တဲ့အခါ “သေချာတယ်၊ သူဟာ ဘုရားသခင်ရဲ့ သားပဲ”+ လို့ပြောတယ်။
၄၀ အမျိုးသမီးတွေလည်း အဝေးကနေ ကြည့်နေတယ်။ သူတို့ထဲမှာ မာဂဒလမာရိ၊ ယာကုပ်ငယ်နဲ့ယောသေတို့ရဲ့ မိခင်မာရိ၊ ရှာလုံတို့ ပါတယ်။+
၄၁ သူတို့ဟာ ဂါလိလဲပြည်မှာ ယေရှုရှိနေတုန်းက အတူလိုက်ပြီး အလုပ်အကျွေးပြုသူတွေပဲ။+ ယေရှုနဲ့အတူ ဂျေရုဆလင်မြို့ကို လိုက်လာတဲ့ တခြားအမျိုးသမီးတွေလည်း ပါတယ်။
၄၂ အချိန်က ညနေစောင်းဖြစ်နေပြီ။ ဥပုသ်နေ့မတိုင်ခင်တစ်ရက် အဖိတ်နေ့* ဖြစ်နေတော့၊
၄၃ အရိမသဲမြို့သား ယောသပ်က ပိလတ်မင်းကို အရဲစွန့် ဝင်တွေ့ပြီး ယေရှုအလောင်းကို တောင်းတယ်။+ ယောသပ်ဟာ ဂုဏ်အသရေရှိသူ ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ဘုရားသခင့် နိုင်ငံတော်ကို စောင့်မျှော်နေသူပဲ။
၄၄ ပိလတ်မင်းက ယေရှုသေမသေ သိချင်တဲ့အတွက် တပ်မှူးကို ဆင့်ခေါ်ပြီး မေးကြည့်တယ်။
၄၅ ယေရှု သေပြီဆိုတာကို တပ်မှူးဆီက သိရတော့ ယောသပ်ကို အလောင်းယူခွင့် ပေးလိုက်တယ်။
၄၆ ယောသပ်က ယေရှုရဲ့အလောင်းကို သစ်တိုင်ပေါ်ကချ၊ ဝယ်လာတဲ့ပိတ်ချောနဲ့ ပတ်ရစ်ပြီး ကျောက်ဆောင်ထဲထွင်းထားတဲ့ သင်္ချိုင်းဂူထဲ ထည့်တယ်။+ အဲဒီနောက် ကျောက်တုံးကို လှိမ့်ပြီး ဂူဝကို ပိတ်လိုက်တယ်။+
၄၇ မာဂဒလမာရိနဲ့ ယောသေရဲ့မိခင် မာရိကတော့ ယေရှုရဲ့သင်္ချိုင်းဂူကို ကြည့်ရင်း ကျန်ရစ်ခဲ့တယ်။+