မာကု ၂:၁-၂၈

  • လေဖြတ်နေသူကို ယေရှုကုသ (၁-၁၂)

  • လေဝိကို ယေရှုဖိတ်ခေါ် (၁၃-၁၇)

  • အစာရှောင်ခြင်းအကြောင်း မေးမြန်းကြ (၁၈-၂၂)

  • ယေရှုဟာ “ဥပုသ်နေ့ရဲ့ သခင်” (၂၃-၂၈)

၂  ရက်အတော်ကြာတော့ ကပေရနောင်မြို့ကို ယေရှုပြန်ရောက်လာတယ်။ သူ အိမ်မှာရှိတယ်ဆိုတဲ့+ သတင်း ပျံ့သွားတဲ့အခါ၊ ၂  အိမ်တံခါးနားမှာတောင် နေရာလပ် မရှိတော့တဲ့အထိ လူတွေအများကြီး ရောက်လာတယ်။ အဲဒီအခါ ယေရှုက သူတို့ကို ဟောပြောသွန်သင်တယ်။+ ၃  အဲဒီအချိန်မှာ လေဖြတ်နေသူတစ်ယောက်ကို လူလေးယောက် ထမ်းခေါ်လာတယ်။+ ၄  လူတွေ ကြိတ်ကြိတ်တိုးနေလို့ ယေရှုဆီကို ဝင်သွားလို့မရဘူး။ ဒါနဲ့ ယေရှုရဲ့ အပေါ်တည့်တည့်ကနေ  အိမ်မိုးကိုဖောက်ပြီး လေဖြတ်နေသူကို ထမ်းစင်နဲ့ လျှောချကြတယ်။ ၅  ယေရှုက သူတို့ရဲ့ယုံကြည်ခြင်းကို မြင်တဲ့အခါ+ လေဖြတ်နေသူကို “ငါ့သား၊ မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”+ လို့ပြောတယ်။ ၆  အဲဒီမှာထိုင်နေတဲ့ ကျမ်းတတ်တချို့က၊ ၇  “ဒီလူ ဘာလို့ အဲဒီလိုပြောတာလဲ။ ဒါဟာ ဘုရားကို စော်ကားပြောဆိုနေတာပဲ။ ဘုရားသခင်ကလွဲရင် ဘယ်သူ အပြစ်လွှတ်ပိုင်ခွင့် ရှိလို့လဲ”+ ဆိုပြီး တွေးနေကြတယ်။+ ၈  ယေရှုက သူတို့ဘာတွေးနေမှန်း ချက်ချင်းသိတဲ့အတွက် “ဘာလို့ ဒီလိုတွေးနေကြတာလဲ။+ ၉  လေဖြတ်နေသူကို ‘မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ’ လို့ပြောတာနဲ့ ‘ထပါ။ ထမ်းစင်ကိုသယ်ပြီး လမ်းလျှောက်ပါ’ လို့ပြောတာ ဘယ်ဟာက ပိုပြောလွယ်သလဲ။ ၁၀  လူသားဟာ+ ကမ္ဘာပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ရှိမှန်း+ ခင်ဗျားတို့သိအောင် သက်သေပြမယ်” ဆိုပြီး လေဖြတ်နေသူကို၊ ၁၁  “ကျွန်တော်ပြောမယ်။ ထပါ။ ထမ်းစင်ကိုသယ်ပြီး အိမ်ပြန်တော့” လို့ပြောတယ်။ ၁၂  ချက်ချင်းပဲ အဲဒီလူက ထရပ်ပြီး ထမ်းစင်ကိုသယ်ရင်း ထွက်သွားတယ်။ လူတွေလည်း တအံ့တသြနဲ့ “ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဆိုပြီး ဘုရားဘုန်းတော်ကို ချီးမွမ်းကြတယ်။+ ၁၃  ယေရှုက  အိုင်ကမ်းနားကို နောက်တစ်ကြိမ် ပြန်လာတော့ လူတွေ တဖွဲဖွဲ ရောက်လာတဲ့အတွက် သူတို့ကို သွန်သင်ပေးတယ်။ ၁၄  အဲဒီကနေ ဆက်သွားပြီး အခွန်ရုံးမှာ အာလဖဲရဲ့သား လေဝိ ထိုင်နေတာကို မြင်တဲ့အခါ “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ပြောတော့ သူလည်း ထလိုက်လာတယ်။+ ၁၅  အဲဒီနောက် ယေရှုနဲ့ တပည့်တွေက လေဝိရဲ့အိမ်ထဲဝင်ပြီး စားသောက်တယ်။ အခွန်ခံတွေ၊ အပြစ်သားတွေလည်း အများကြီးရောက်လာပြီး အတူစားသောက်ကြတယ်။ သူတို့ထဲက အများစုဟာ ယေရှုရဲ့နောက်လိုက် ဖြစ်လာတယ်။+ ၁၆  အခွန်ခံတွေ၊ အပြစ်သားတွေနဲ့အတူ ယေရှု စားသောက်နေတာကို မြင်တော့ ဖာရိရှဲအဖွဲ့ဝင် ကျမ်းတတ်တွေက  “အခွန်ခံတွေ၊  အပြစ်သားတွေနဲ့အတူ သူစားသောက်နေတာလား” လို့ တပည့်တွေကို မေးတယ်။ ၁၇  ဒါကိုကြားတော့ ယေရှုက “ကျန်းမာသန်စွမ်းသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။ ကျွန်တော်လာတာ ဖြောင့်မတ်သူတွေကို ခေါ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကို ခေါ်ဖို့ပဲ” ဆိုပြီးပြောတယ်။+ ၁၈  ယောဟန်ရဲ့ တပည့်တွေနဲ့ ဖာရိရှဲတွေက အစာရှောင်လေ့ရှိတယ်။ ဒါနဲ့ ယေရှုကို “ယောဟန်ရဲ့တပည့်တွေရော ဖာရိရှဲရဲ့တပည့်တွေပါ အစာရှောင်လေ့ရှိပေမဲ့ ဆရာ့တပည့်တွေကျတော့ ဘာလို့ အစာမရှောင်တာလဲ” ဆိုပြီး လာမေးကြတယ်။+ ၁၉  ယေရှုက “သတို့သားရဲ့ သူငယ်ချင်းတွေက သတို့သားနဲ့အတူ+ ရှိနေချိန်မှာ အစာရှောင်ကြလို့လား။ သတို့သားနဲ့အတူ ရှိနေချိန်တစ်လျှောက်လုံး အစာမရှောင်ကြဘူး။ ၂၀  ဒါပေမဲ့ သတို့သားကို သူတို့ဆီကနေ ခေါ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်။+ အဲဒီနေ့ကျမှ သူတို့ အစာရှောင်လိမ့်မယ်။ ၂၁  ဟောင်းနွမ်းနေတဲ့အဝတ်ကို ပိတ်စသစ်နဲ့ ဖာလေ့မရှိဘူး။ ဖာရင် ပိတ်စသစ်က ရုန်းတဲ့အတွက် အဝတ်ပိုပြဲသွားမှာပေါ့။+ ၂၂  အဲဒီလိုပဲ၊ သားရေဘူးဟောင်းထဲ စပျစ်ဝိုင်အသစ် ထည့်လေ့မရှိဘူး။ ထည့်ရင် သားရေဘူး ကွဲထွက်ပြီး စပျစ်ဝိုင်ရော သားရေဘူးပါ ဆုံးသွားမှာပေါ့။ ဝိုင်အသစ်ကို သားရေဘူးသစ်ထဲမှာပဲ ထည့်လေ့ရှိတယ်” လို့ဖြေတယ်။ ၂၃  ဥပုသ်နေ့တစ်နေ့မှာ  ယေရှုနဲ့တပည့်တွေ  လယ်ကွက်ထဲ  ဖြတ်လျှောက်သွားတုန်း တပည့်တွေက သွားရင်းနဲ့ ကောက်နှံကို  ဆွတ်ခူးကြတယ်။+ ၂၄  အဲဒီအခါ ဖာရိရှဲတွေက “ဥပုသ်နေ့မှာ လုပ်ခွင့်မရှိတာကို သူတို့ လုပ်နေပါလား” ဆိုပြီးပြောတယ်။ ၂၅  ယေရှုက “ဒါဝိဒ်နဲ့သူ့လူတွေ ဗိုက်ဆာပြီး စားစရာမရှိ ဖြစ်နေချိန်မှာ ဒါဝိဒ် ဘာလုပ်ခဲ့တယ်ဆိုတာ   မဖတ်ဖူးဘူးလား။+ ၂၆  သူက ဘုရားသခင့်အိမ်တော်ထဲ ဝင်ပြီး ပုရောဟိတ်တွေကလွဲရင်+ ဘယ်သူမှ စားခွင့်မရှိတဲ့ ရှေ့တော်မုန့်ကို ယူစားတဲ့အပြင် သူ့လူတွေကိုလည်း ကျွေးခဲ့တယ်ဆိုတာကို ပုရောဟိတ်ကြီး အဗျာသာနဲ့ပတ်သက်တဲ့+ မှတ်တမ်းမှာ ရေးထားတာပဲ” လို့ပြောတယ်။ ၂၇  ပြီးတော့ “ဥပုသ်နေ့ဟာ လူအတွက် ဖြစ်လာတာ။+ လူဟာ ဥပုသ်နေ့အတွက် ဖြစ်လာတာ မဟုတ်ဘူး။ ၂၈  လူသားဟာ ဥပုသ်နေ့ရဲ့သခင်ပဲ”+ လို့ဆက်ပြောတယ်။

အောက်ခြေမှတ်ချက်များ