မာကု ၄:၁-၄၁

  • နိုင်ငံတော်အကြောင်း ပုံဥပမာများ (၁-၃၄)

    • မျိုးကြဲသူ (၁-၉)

    • ပုံဥပမာတွေ ယေရှုဘာကြောင့်သုံး (၁၀-၁၂)

    • မျိုးကြဲသူ ပုံဥပမာကို ရှင်းပြ (၁၃-၂၀)

    • မီးခွက်ကို တောင်းနဲ့ မအုပ်ထား (၂၁-၂၃)

    • အာရုံစိုက်သလောက် နားလည်ခွင့်ရ (၂၄၊ ၂၅)

    • ညမှာအိပ်စက်တဲ့ မျိုးကြဲသူ (၂၆-၂၉)

    • မုန်ညင်းစေ့ (၃၀-၃၂)

    • ပုံဥပမာကို အသုံးပြု (၃၃၊ ၃၄)

  • ယေရှု မုန်တိုင်းစဲစေ (၃၅-၄၁)

 ဒီတစ်ခါလည်း ယေရှုက အိုင်နားမှာ လူတွေကို သွန်သင်ပေးတယ်။ လူတွေ  အုပ်လိုက်ကြီး  ရောက်လာတဲ့အတွက် လှေပေါ်တက်ထိုင်ပြီး ကမ်းကနေ အနည်းငယ် ခွာလိုက်တယ်။ လူအုပ်ကတော့  အိုင်ကမ်းခြေမှာ  ရှိနေတယ်။+ ၂  အဲဒီနောက် အကြောင်းအရာ အတော်များများကို ပုံဥပမာတွေနဲ့+ အခုလိုသွန်သင်တယ်–+ ၃  “နားထောင်ကြပါ။ တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။+ ၄  မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျပြီး ငှက်တွေ လာကောက်စားသွားတယ်။ ၅  မျိုးစေ့တချို့က မြေဆီလွှာပါးတဲ့  ကျောက်ခံမြေပေါ်  ကျတယ်။ မြေသားတိမ်တော့  ချက်ချင်း  အပင်ပေါက်လာတယ်။+ ၆  ဒါပေမဲ့ နေမြင့်လာတဲ့အခါ အပင်ဟာ နေလောင်ပြီး အမြစ်လည်း မစွဲတဲ့အတွက် ညှိုးနွမ်းသွားတယ်။ ၇  မျိုးစေ့တချို့က ဆူးပင်တွေကြားထဲ ကျတယ်။ ဆူးပင်တွေ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့သွားတဲ့အတွက် အသီးမသီးနိုင်ဘူး။+ ၈  မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ် ကျတယ်။ အပင်ပေါက်ပြီး ကြီးထွားလာတဲ့အခါ အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတယ်။”+ ၉  “နားရှိတဲ့သူ ကြားပါစေ”+ လို့ဆက်ပြောတယ်။ ၁၀  ယေရှုတစ်ယောက်တည်း ရှိနေချိန်မှာ တမန်တော် ၁၂ ယောက်နဲ့ အပေါင်းပါတွေက  ပုံဥပမာတွေရဲ့ အဓိပ္ပာယ်ကို  လာမေးတော့၊+ ၁၁  ယေရှုက “ခင်ဗျားတို့ဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ မြင့်မြတ်တဲ့  လျှို့ဝှက်ချက်အကြောင်း+  နားလည်ခွင့်ရတယ်။ တခြားသူတွေအတွက်ကတော့ ဒါဟာ ပုံဥပမာသက်သက်ပဲ။+ ၁၂  သူတို့က ကြည့်လျက်နဲ့ မမြင်ဘူး။ ကြားလျက်နဲ့ ဆိုလိုရင်းကို သဘောမပေါက်ဘူး။ ပြန်မလှည့်လာတဲ့အတွက် သူတို့ ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး”+ လို့ဖြေတယ်။ ၁၃  ပြီးတော့ ယေရှုဆက်ပြောတယ်– “ဒီပုံဥပမာကို ခင်ဗျားတို့ နားမလည်ဘူးဆိုရင် တခြားပုံဥပမာတွေကိုလည်း နားလည်မှာ မဟုတ်ဘူး။ ၁၄  “မျိုးကြဲသူဆိုတာက  တရားစကား  ကြဲတဲ့သူကို  ဆိုလိုတယ်။+ ၁၅  လမ်းပေါ် မျိုးစေ့ကျတယ်ဆိုတာက  တရားစကားကို  ကြားတာနဲ့ စာတန်လာပြီး+ စိတ်နှလုံးထဲက တရားစကား  နုတ်ယူသွားတာကို  ဆိုလိုတယ်။+ ၁၆  ကျောက်ခံမြေပေါ် မျိုးစေ့ကျတယ်ဆိုတာက တရားစကားကို ကြားတာနဲ့  ဝမ်းသာအားရ  လက်ခံတယ်။+ ၁၇  ဒါပေမဲ့ စိတ်နှလုံးထဲမှာ အမြစ်မစွဲတဲ့အတွက် တစ်ခဏပဲ ခံတယ်။  တရားစကားကြောင့်  ဒုက္ခရောက်တဲ့အခါ၊  ညှဉ်းဆဲ  ခံရတဲ့အခါ ချက်ချင်းပဲ ကျရှုံးသွားတာကို ဆိုလိုတယ်။ ၁၈  ဆူးပင်တွေကြားမှာ   မျိုးစေ့ကျတယ်ဆိုတာက တရားစကားကို ကြားပေမဲ့၊+ ၁၉  ဒီလောကစနစ်ရဲ့* စိုးရိမ်ပူပန်စရာတွေ၊+ စည်းစိမ်ရဲ့လှည့်စားမှုတွေ၊+ လိုချင်တပ်မက်စိတ်တွေ+ ဝင်လာတဲ့အခါ တရားစကားကို လွှမ်းမိုးပိတ်ဆို့သွားတဲ့အတွက်  မသီးပွင့်နိုင်တာကို ဆိုလိုတယ်။ ၂၀  ကောင်းတဲ့မြေမှာ မျိုးစေ့ကျတယ်ဆိုတာက တရားစကားကို ကြားနာပြီး ဝမ်းသာအားရ လက်ခံတဲ့အတွက် အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတာကို ဆိုလိုတယ်။”+ ၂၁  ယေရှု ဆက်ပြောတယ်– “မီးခွက်ကိုထွန်းပြီး တောင်းနဲ့ အုပ်ထားလေ့မရှိဘူး။ ခုတင်အောက်မှာ ထားလေ့မရှိဘူး။ ဆီမီးတိုင်ပေါ်မှာ တင်ထားမယ် မဟုတ်လား။+ ၂၂  ဖုံးကွယ်ထားသမျှ ပေါ်လာရလိမ့်မယ်။ အသေအချာ လျှို့ဝှက်ထားသမျှလည်း ထင်ရှားလာရလိမ့်မယ်။+ ၂၃  နားရှိတဲ့သူ ကြားပါစေ။”+ ၂၄  ယေရှု ဆက်ပြောတယ်– “ကြားတဲ့အရာကို အာရုံစိုက်နားထောင်ပါ။+ အာရုံစိုက် နားထောင်သလောက် နားလည်ခွင့် ရကြလိမ့်မယ်။ အဲဒီလိုနားထောင်ရင် ပိုပြီး နားလည်လာပါလိမ့်မယ်။ ၂၅  ရှိတဲ့သူက ထပ်ပြီးရလိမ့်မယ်။+ မရှိတဲ့သူကတော့ ရှိထားတာလေးတောင် အသိမ်းခံရလိမ့်မယ်။”+ ၂၆  ယေရှု  ဆက်ပြောတယ်– “ဘုရားသခင့်နိုင်ငံတော်ကို  လူတစ်ယောက်  လယ်မှာ  မျိုးစေ့ကြဲတာနဲ့ ခိုင်းနှိုင်းနိုင်တယ်။ ၂၇  သူက ညမှာအိပ်စက်လိုက်၊ နေ့မှာ နိုးထလိုက်နဲ့ အဲဒီအတောအတွင်း မျိုးစေ့တွေ ဘယ်လို အပင်ပေါက်ပြီး ကြီးထွားလာမှန်း မသိလိုက်ဘူး။ ၂၈  မြေကြီးက သူ့အလိုလို တဖြည်းဖြည်း အသီးသီးစေတယ်။ ဦးဆုံး၊ အညှောက်ပေါက်လာတယ်။ ပြီးတော့ အနှံထွက်လာတယ်။ နောက်ဆုံးမှာ အဆန်အောင်သွားတယ်။ ၂၉  ကောက်နှံရင့်မှည့်လာပြီး ရိတ်သိမ်းချိန် ရောက်တဲ့အခါ သူ တံစဉ်ကိုယူပြီး ရိတ်သိမ်းတယ်။” ၃၀  ယေရှု  ဆက်ပြောတယ်– “ဘုရားသခင့်နိုင်ငံတော်ကို ဘာနဲ့ခိုင်းနှိုင်းရမလဲ။ ဘယ်ပုံဥပမာနဲ့ ရှင်းပြရမလဲ။ ၃၁  ဘုရားသခင့် နိုင်ငံတော်ဟာ မုန်ညင်းစေ့နဲ့တူတယ်။ မုန်ညင်းစေ့ဟာ စိုက်တုန်းကတော့ မျိုးစေ့တွေထဲမှာ အသေးဆုံးပဲ။+ ၃၂  ဒါပေမဲ့ အပင်ပေါက်လာတဲ့အခါ ဟင်းသီးဟင်းရွက်ပင်တွေထက် ကြီးထွားပြီး အကိုင်းအခက်ကြီးတွေ ထွက်လာတယ်။ အဲဒီအပင်ဟာ ပျံသန်းတဲ့ငှက်တွေ နားခိုနိုင်တဲ့အထိ ဖြစ်လာတယ်။” ၃၃  ယေရှုက အဲဒီလိုပုံဥပမာတွေနဲ့+ သူတို့ နားလည်နိုင်သလောက်ပဲ သွန်သင်ပေးတယ်။ ၃၄  ပုံဥပမာမပါဘဲ သူ မဟောဘူး။ တပည့်တွေကိုတော့ ပုံဥပမာအားလုံးကို သီးသန့်ရှင်းပြတယ်။+ ၃၅  အဲဒီနေ့ ညနေပိုင်းမှာ ယေရှုက  “အိုင်တစ်ဖက်ကမ်းကို  ကူးရအောင်” လို့တပည့်တွေကို ပြောတယ်။+ ၃၆  တပည့်တွေက လူအုပ်ကို ပြန်ခိုင်းပြီးနောက်  ယေရှုရှိနေတဲ့  လှေပေါ်တက်ပြီး  တစ်ဖက်ကမ်းကို  ကူးကြတယ်။ တခြားလှေတွေလည်း လိုက်ပါလာတယ်။+ ၃၇  အဲဒီအခါ လေပြင်းမုန်တိုင်းကျလာပြီး လှိုင်းတွေရိုက်ခတ်တဲ့အတွက်  လှေနစ်လုမတတ်  ဖြစ်နေတယ်။+ ၃၈  ယေရှုကတော့ လှေပဲ့ပိုင်းမှာ ခေါင်းအုံးအုံးပြီး အိပ်နေတယ်။ တပည့်တွေက  လာနှိုးပြီး  “ဆရာ၊ ကျွန်တော်တို့  သေတော့မယ်။  ဒီအတိုင်း ကြည့်နေမှာလား” လို့ပြောတော့၊ ၃၉  ယေရှု ထပြီး လှိုင်းနဲ့လေကို “တိတ်ဆိတ်ငြိမ်သက်စေ”+ လို့ အမိန့်ပေးလိုက်တဲ့အခါ မုန်တိုင်းစဲပြီး ငြိမ်သက်သွားတယ်။ ၄၀  ယေရှုက  “ခင်ဗျားတို့ ဘာလို့ ဒီလောက်ကြောက်နေတာလဲ။ ယုံကြည်ခြင်း နည်းနည်းလေးတောင် မရှိဘူးလား” လို့ပြောတယ်။ ၄၁  သူတို့ သိပ်ကြောက်သွားပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ပြောကြတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။