မာကု ၅:၁-၄၃
၅ အဲဒီနောက် အိုင်တစ်ဖက်ကမ်း ဂေရသနယ်ကို သူတို့ ရောက်လာတယ်။+
၂ ယေရှု လှေပေါ်ကဆင်းတာနဲ့ နတ်ဆိုးပူးသူတစ်ယောက် သင်္ချိုင်းဂူတွေကြားကနေ ထွက်လာပြီး ယေရှုနဲ့ဆုံတယ်။
၃ သင်္ချိုင်းတစပြင်မှာနေတဲ့ သူ့ကို ဖမ်းချုပ်နိုင်သူ မရှိခဲ့ဖူးဘူး။ သံကြိုးနဲ့ချည်ထားလို့တောင် မရဘူး။
၄ ခြေကျဉ်းခတ်ပြီး လက်ကို သံကြိုးနဲ့ချည်ထားလည်း သံကြိုးကို ဆွဲဖြတ်၊ ခြေကျဉ်းကို အပိုင်းပိုင်း ချိုးလေ့ရှိတယ်။ သူ့ကို ဖမ်းချုပ်နိုင်သူ မရှိဘူး။
၅ သင်္ချိုင်းတစပြင်နဲ့ တောင်ပေါ်မှာ နေ့နေ့ညည အော်ဟစ်ပြီး ကိုယ်ကို ကျောက်စောင်းနဲ့ရှအောင် လုပ်တတ်တယ်။
၆ သူက ယေရှုကို လှမ်းမြင်တဲ့အခါ အပြေးအလွှား လာပျပ်ဝပ်ပြီး၊+
၇ “အမြင့်ဆုံးဘုရားသခင်ရဲ့ သားတော် ယေရှု၊ ခင်ဗျားက ကျုပ်နဲ့ ဘာဆိုင်လို့တုံး။ ကျုပ်ကို ဒဏ်မခတ်ဘူးလို့ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုပါ” လို့အော်ပြောတယ်။+
၈ ယေရှုက “နတ်ဆိုး၊ သူ့အထဲကနေ ထွက်စမ်း” ဆိုပြီး အမိန့်ပေးလိုက်လို့ပဲ။+
၉ “မင်းနာမည် ဘာလဲ” လို့ ယေရှုမေးတဲ့အခါ “ကျုပ်နာမည် တပ်ဖွဲ့လို့ခေါ်တယ်။ ကျုပ်တို့ဟာ အလုံးအရင်းကြီးပါ” လို့ဖြေတယ်။
၁၀ ပြီးတော့ ဒီပြည်ကနေ မနှင်ထုတ်ဖို့ နတ်ဆိုးတွေ အကြိမ်ကြိမ် တောင်းပန်တယ်။+
၁၁ အဲဒီတောင်ပေါ်မှာ ဝက်အုပ်ကြီးတစ်အုပ်+ ကျက်စားနေတယ်။+
၁၂ နတ်ဆိုးတွေက “ကျုပ်တို့ကို ဒီဝက်အုပ်ထဲ ဝင်ခွင့်ပြုပါ” လို့ တောင်းပန်တယ်။
၁၃ ယေရှု ခွင့်ပြုလိုက်တော့ နတ်ဆိုးတွေ ထွက်သွားပြီး ဝက်တွေထဲ ဝင်ပူးတဲ့အတွက် ၂,၀၀၀ လောက်ရှိတဲ့ ဝက်အုပ်ဟာ ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုးကျပြီး ရေနစ်ကုန်တယ်။
၁၄ ဝက်ကျောင်းသူတွေက မြို့ရွာတွေဆီ အပြေးအလွှား သွားပြောပြတဲ့အခါ ဖြစ်ပျက်ပုံကို လူတွေ လာကြည့်ကြတယ်။+
၁၅ သူတို့ ယေရှုဆီ ရောက်လာတဲ့အခါ နတ်ဆိုးတပ်ဖွဲ့ ဝင်ပူးဖူးသူဟာ အဝတ်ဝတ်ပြီး ပုံမှန်စိတ်အခြေအနေနဲ့ ထိုင်နေတာကို မြင်လိုက်ရတော့ ကြောက်လန့်သွားတယ်။
၁၆ မျက်မြင်သက်သေတွေကလည်း နတ်ဆိုးပူးသူ ဘာဖြစ်ခဲ့တယ်၊ ဝက်တွေ ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့အကြောင်း ပြန်ပြောပြကြတယ်။
၁၇ ဒါကြောင့် လူတွေက ယေရှုကို ဒီနယ်ကနေ ထွက်သွားပါဆိုပြီး တောင်းပန်ကြတယ်။+
၁၈ ယေရှု လှေပေါ်တက်တဲ့အခါ နတ်ဆိုးပူးခဲ့ဖူးသူက အတူလိုက်ခွင့်ပြုပါလို့ တောင်းပန်တယ်။+
၁၉ ယေရှုက ခွင့်မပြုဘဲ “ဆွေမျိုးသားချင်းတွေရှိရာ အိမ်ကိုပြန်ပြီး ခင်ဗျားအတွက် ယေဟောဝါ* ဘုရား လုပ်ပေးခဲ့တာတွေ၊ ကရုဏာပြခဲ့တာတွေကို ပြောပြပါ” လို့မှာတယ်။
၂၀ အဲဒီလူက သူ့အတွက် ယေရှု လုပ်ပေးခဲ့တာတွေကို ဒေကာပေါလိနယ်မှာ သွားပြောပြတဲ့အခါ လူအားလုံး အံ့အားသင့်ကုန်တယ်။
၂၁ ယေရှုက ကမ်းတစ်ဖက်ကို လှေနဲ့ ပြန်ကူးလာတဲ့အခါ လူတွေ အုပ်လိုက်ကြီး ရောက်လာတယ်။ အိုင်နားမှာရှိနေတုန်း၊+
၂၂ ယာအိရုလို့ခေါ်တဲ့ တရားဇရပ်မှူးက ယေရှုကိုမြင်တော့ ခြေရင်းမှာ လာပျပ်ဝပ်တယ်။+
၂၃ “ဆရာ၊ ကျွန်တော့်သမီးလေး အသည်းအသန် ဖျားနေပါတယ်။ ဆရာလိုက်လာပြီး သမီးလေးအပေါ် လက်တင်လိုက်ရင်+ သူနေကောင်းသွားမှာပါ” လို့ တဖွဖွ အသနားခံတာနဲ့၊
၂၄ ယေရှုက သူ့နောက် လိုက်လာတယ်။ လူအုပ်လည်း ယေရှုနောက်ကနေ တိုးဝှေ့ပြီး လိုက်ပါလာတယ်။
၂၅ ဆယ့်နှစ်နှစ်လုံး သွေးသွန်နာစွဲနေတဲ့+ အမျိုးသမီးတစ်ယောက်ရှိတယ်။+
၂၆ သမားတော်လည်း စုံ၊ ရှိသမျှလည်း ကုန်သွားပေမဲ့ သူခံစားနေရတဲ့ ဝေဒနာ မသက်သာတဲ့အပြင် ပိုလို့တောင် ဆိုးလာတယ်။
၂၇ သူက ယေရှုရဲ့သတင်းကို ကြားတဲ့အခါ လူအုပ်ထဲ တိုးဝင်၊ ယေရှုနောက်ကနေ ကပ်လိုက်လာပြီး ဝတ်လုံကို တို့တယ်။+
၂၈ “သူ့ဝတ်လုံကို တို့လိုက်ရုံနဲ့ ငါ့ရောဂါ သက်သာသွားမှာပဲ” လို့ စိတ်ထဲမှာ သူတွေးနေခဲ့တာ။+
၂၉ အဲဒီအခါ ချက်ချင်းဆိုသလို သွေးဆင်းတာ ရပ်သွားပြီး ရောဂါ သက်သာသွားတာကို သူခံစားလိုက်ရတယ်။
၃၀ ယေရှုက သူ့ကိုယ်ကနေ တန်ခိုးထွက်သွားတာကို+ သိသိချင်း ပတ်လည်က လူအုပ်ကို ကြည့်လိုက်ပြီး “ကျွန်တော့်ဝတ်လုံကို ဘယ်သူ တို့တာလဲ” လို့မေးတယ်။+
၃၁ တပည့်တွေက “လူတွေ ကြိတ်ကြိတ်တိုးနေတာကို မြင်လျက်နဲ့ ‘ဘယ်သူ တို့တာလဲ’ ဆိုပြီး မေးနေတာလား” လို့ပြောကြတယ်။
၃၂ ဒါပေမဲ့ ယေရှုက ဘယ်သူ တို့မှန်းသိနိုင်ဖို့ ပတ်လည်ကို ကြည့်လိုက်တယ်။
၃၃ ရောဂါပျောက်သွားမှန်း သိလိုက်တဲ့ အဲဒီအမျိုးသမီးက ကြောက်လို့ တဆတ်ဆတ်တုန်နေတယ်၊ ယေရှုရှေ့မှာ ဒူးထောက်ပြီး အကြောင်းစုံကို အမှန်အတိုင်း ဝန်ခံတယ်။
၃၄ ယေရှုက “သမီး၊ သမီးရဲ့ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ။ စိတ်အေးလက်အေးသာ ပြန်ပါတော့။+ ရောဂါနှိပ်စက်တဲ့ဒဏ် ကင်းဝေးပါစေ”+ လို့ပြောလိုက်တယ်။
၃၅ အဲဒီလိုပြောနေတုန်း တရားဇရပ်မှူးရဲ့အိမ်ကနေ လူတချို့ ရောက်လာပြီး “သမီးလေး ဆုံးသွားပါပြီ။ ဆရာ့ကို ဒုက္ခမပေးပါနဲ့တော့” လို့ပြောတယ်။+
၃၆ ဒါကိုကြားတော့ ယေရှုက တရားဇရပ်မှူးကို “ဘာမှ မစိုးရိမ်ပါနဲ့။ ယုံကြည်ခြင်းသာ ရှိပါ”+ လို့ပြောလိုက်တယ်။
၃၇ အဲဒီနောက် ပေတရု၊ ယာကုပ်နဲ့ သူ့ညီ ယောဟန်ကလွဲလို့ ဘယ်သူ့ကိုမှ သူ့နောက် လိုက်မလာခိုင်းဘူး။+
၃၈ ယေရှုက တရားဇရပ်မှူးရဲ့အိမ်ကို ရောက်တဲ့အခါ လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာ၊ အော်ဟစ်ငိုယိုနေကြတာကို တွေ့ရတယ်။+
၃၉ ဒါနဲ့ အိမ်ထဲဝင်ပြီး “ဘာလို့ အုတ်အုတ်ကျက်ကျက်ဖြစ်ပြီး ငိုနေတာလဲ။ ဒီမိန်းကလေး သေတာမှ မဟုတ်ပဲ။ အိပ်ပျော်နေတာ”+ လို့ပြောလိုက်တော့၊
၄၀ လူတွေ လှောင်ရယ်ကြတယ်။ ယေရှုက အားလုံးကို အပြင်ထွက်ခိုင်းပြီး မိန်းကလေးရဲ့ မိဘနှစ်ပါးနဲ့ လိုက်ပါလာတဲ့ တပည့်တွေကိုပဲ ခေါ်ပြီး မိန်းကလေးရှိတဲ့ အခန်းထဲ ဝင်သွားတယ်။
၄၁ အဲဒီနောက် မိန်းကလေးရဲ့လက်ကို ကိုင်ပြီး “တလိသ ကုမိ” လို့ပြောတယ်။ “မိန်းကလေး၊ ကျွန်တော်ပြောမယ်။ ထပါ” လို့ အဓိပ္ပာယ်ရတယ်။+
၄၂ (၁၂ နှစ်အရွယ်ရှိတဲ့) အဲဒီမိန်းကလေးဟာ ချက်ချင်းပဲ ထပြီး လမ်းလျှောက်တော့တယ်။ ဒါကိုလည်းမြင်ရော သူတို့ ဝမ်းသာလုံးဆို့သွားကြတယ်။
၄၃ ယေရှုက ဒီအကြောင်း ဘယ်သူ့ကိုမှ မသိစေနဲ့လို့ အတန်တန် မှာကြားပြီးတဲ့နောက်+ မိန်းကလေးကို စားစရာတစ်ခုခု ကျွေးဖို့ ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၅ ကိုကြည့်။