မိက္ခာ ၄:၁-၁၃
၄ အဆုံးပိုင်းကာလမှာယေဟောဝါရဲ့အိမ်တော်တည်တဲ့တောင်ဟာ+တောင်တန်းတကာရဲ့ထိပ်မှာ အခိုင်အမာ တည်နေမယ်။
တောင်ကုန်းတွေရဲ့အထက်မှာ ချီးမြှောက်ခံရမယ်။
အဲဒီတောင်ပေါ်ကို လူတွေ တဖွဲဖွဲတက်သွားကြမယ်။+
၂ လူမျိုးများစွာက တောင်ပေါ်တက်သွားရင်းနဲ့“လာကြ။ ယေဟောဝါဘုရားရဲ့ တောင်ပေါ်ကို၊ယာကုပ်ရဲ့ ဘုရားသခင့်အိမ်တော်ကို တက်သွားကြစို့။+
ဘုရားက ငါတို့ကို နည်းလမ်းတော်တွေ သွန်သင်ပေးမယ်။
ဘုရားရဲ့လမ်းစဉ်တွေအတိုင်း ငါတို့ လျှောက်လှမ်းကြမယ်” လို့ပြောကြလိမ့်မယ်။
ပညတ်တော်က ဇိအုန်ကနေ၊ယေဟောဝါရဲ့ နှုတ်ထွက်စကားက ဂျေရုဆလင်ကနေ ပေါ်ထွက်လာမယ်။
၃ ဘုရားသခင်က လူများစွာကို တရားစီရင်မယ်။+
ရပ်ဝေးမှာရှိတဲ့ ခွန်အားကြီးလူမျိုးတွေရဲ့ အကျိုးအတွက် အရာရာကို ဖြေရှင်းပေးမယ်။
အဲဒီအခါ ဓားကို ထယ်သွားဖြစ်အောင်၊လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။+
လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။
စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။+
၄ လူတိုင်းက ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။+
ခြောက်လှန့်တဲ့သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။+
ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။
၅ လူတွေက သူတို့ဘုရားရဲ့နာမည်ကို ခံယူပြီး အသက်ရှင်ကြတယ်။*
ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဘုရား ယေဟောဝါရဲ့နာမည်ကို ခံယူပြီး အစဉ်ထာဝရ အသက်ရှင်ကြမယ်။+
၆ ယေဟောဝါ ပြောတာက–
“အဲဒီနေ့ကျရင် ထော့နဲ့ထော့နဲ့ဖြစ်နေသူကို ငါပြန်စုသိမ်းမယ်။
တကွဲတပြားဖြစ်နေသူကို ပြင်းပြင်းထန်ထန် ငါဒဏ်ပေးခဲ့သူတွေနဲ့အတူ ပြန်စုစည်းမယ်။+
၇ ထော့နဲ့ထော့နဲ့ဖြစ်နေသူကို ကျန်ကြွင်းသူ ဖြစ်စေမယ်။+
ရပ်ဝေးဆီ ဖယ်ရှားခံရသူကို ခွန်အားကြီးလူမျိုး ဖြစ်စေမယ်။+
ငါယေဟောဝါက အခုကစပြီး ထာဝရကာလတိုင်အောင်ဇိအုန်တောင်မှာ ဘုရင်အဖြစ် အုပ်စိုးမယ်။
၈ အို သိုးအုပ်ရဲ့မျှော်စင်၊ဇိအုန်သမီးပျိုရဲ့ တောင်ကုန်း၊+မင်းက အရင်ကရခဲ့တဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ပြန်ရလိမ့်မယ်။+
ဂျေရုဆလင်သမီးပျို ပိုင်ဆိုင်တဲ့နိုင်ငံကို ပြန်ရလိမ့်မယ်။+
၉ မင်း ဘာလို့ အကျယ်ကြီး အော်ဟစ်နေတာလဲ။
ဘုရင် မရှိလို့၊အတိုင်ပင်ခံ ပျက်စီးသွားလို့ သားဖွားနေတဲ့မိန်းမလို မင်း ဝေဒနာခံစားနေရတာလား။+
၁၀ အို ဇိအုန်သမီးပျို၊သားဖွားနေတဲ့မိန်းမလို လူးလွန့်ပြီး ညည်းတွားပါ။
မင်းက မြို့ထဲကထွက်ပြီး တောထဲမှာ နေရလိမ့်မယ်။
ဗာဗုလုန်မြို့အထိ သွားရလိမ့်မယ်။+
အဲဒီမှာ ကယ်တင်ခံရလိမ့်မယ်။+
အဲဒီမှာ ငါယေဟောဝါက ရန်သူတွေလက်ကနေ မင်းကို ပြန်ဝယ်မယ်။+
၁၁ မင်းကို တိုက်ခိုက်ဖို့ လူမျိုးများစွာ စုရုံးလာမယ်။
‘ဇိအုန် အရှက်ရပါစေ။
သူ အရှက်ရတာကို ငါတို့မြင်ရပါစေ’ လို့ပြောကြလိမ့်မယ်။
၁၂ ဒါပေမဲ့ သူတို့က ငါယေဟောဝါရဲ့ အကြံအစည်ကို မသိဘူး။
ငါ့ရည်ရွယ်ချက်ကို နားမလည်ဘူး။
ရိတ်ခါစကောက်နှံတွေကို ကောက်နယ်တလင်းမှာ စုပုံသလို သူတို့ကို ငါ စုပုံမယ်။
၁၃ ဇိအုန်သမီးပျို၊ ထပါ။ ကောက်နှံတွေကို နင်းနယ်ပါ။+
မင်းရဲ့ ဦးချိုကို သံဖြစ်အောင်၊ခွာကို ကြေးနီဖြစ်အောင် ငါလုပ်မယ်။
လူများစွာကို မင်း ညက်ညက်ခြေရလိမ့်မယ်။+
မသမာနည်းနဲ့ရထားတဲ့ သူတို့ရဲ့အမြတ်အစွန်းတွေကို ယေဟောဝါအတွက်၊သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို မြေတစ်ပြင်လုံးရဲ့ စစ်မှန်တဲ့အရှင်သခင်အတွက် မင်း ဆက်ကပ်ရလိမ့်မယ်။”+
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “လျှောက်လှမ်းကြတယ်။”