မဿဲ ၁၄:၁-၃၆
၁၄ အဲဒီအချိန်မှာ နယ်စားမင်း ဟေရုဒ်က ယေရှုရဲ့သတင်းကို ကြားတဲ့အခါ၊+
၂ “ဒီလူဟာ နှစ်ခြင်းပေးသူ ယောဟန်ပဲဖြစ်ရမယ်။ သူ သေရာကနေ အသက်ပြန်ရှင်လာလို့သာ ဒီလိုတန်ခိုးတွေ ပြနိုင်တာ”+ ဆိုပြီး မင်းမှုထမ်းတွေကို ပြောတယ်။
၃ ဟေရုဒ်က* အစ်ကိုဖိလိပ္ပုရဲ့ဇနီး ဟေရောဒိကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ချခဲ့တာ။+
၄ ယောဟန်က “ဒီအမျိုးသမီးကို မင်းကြီး မသိမ်းယူသင့်ဘူး”+ ဆိုပြီး ပြောခဲ့ဖူးလို့ပဲ။
၅ ဟေရုဒ်က ယောဟန်ကို သတ်ချင်နေတယ်။ ဒါပေမဲ့ ယောဟန်ကို ပရောဖက်လို့ ယူမှတ်ကြတဲ့+ လူအုပ်ကိုကြောက်ပြီး မသတ်ရဲဘူး။
၆ ဟေရုဒ်ရဲ့မွေးနေ့+ ရောက်လာပြီး ပွဲခံနေချိန်မှာ ဟေရောဒိရဲ့သမီးက ဧည့်သည်တွေကို ကပြဖျော်ဖြေတယ်။ ဟေရုဒ်လည်း သိပ်သဘောကျသွားပြီး၊+
၇ တောင်းသမျှ ပေးမယ်လို့ အလေးအနက် ကတိပေးလိုက်တယ်။
၈ အဲဒီအခါ မိန်းကလေးက “နှစ်ခြင်းပေးသူ ယောဟန်ရဲ့ ဦးခေါင်းကို ဒီလင်ပန်းထဲ ထည့်ပေးပါ”+ ဆိုပြီး မိခင် တောင်းခိုင်းတဲ့အတိုင်း တောင်းဆိုတယ်။
၉ ဟေရုဒ်မင်းလည်း စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမဲ့ ဧည့်သည်တွေရှေ့မှာ ကတိပေးပြီးသားဖြစ်နေလို့ တောင်းတဲ့အတိုင်း ပေးစေဆိုပြီး အမိန့်ချလိုက်တယ်။
၁၀ ထောင်ထဲကို လူလွှတ်ပြီး ယောဟန်ရဲ့ခေါင်းကို ဖြတ်ခိုင်းတယ်။
၁၁ ယောဟန်ရဲ့ခေါင်းကို လင်ပန်းထဲ ထည့်လာပြီး မိန်းကလေးကို ပေးလိုက်တော့ သူလည်း မိခင်ဆီ ယူသွားတယ်။
၁၂ နောက်တော့ ယောဟန်ရဲ့ တပည့်တွေက အလောင်းကို လာသယ်သွားပြီး သင်္ဂြိုဟ်လိုက်တယ်။ အဲဒီနောက် ယေရှုဆီ လာပြီး သတင်းပို့တယ်။
၁၃ ဒီသတင်းကိုကြားတဲ့အခါ ယေရှုက တစ်ယောက်တည်းနေချင်လို့ လူသူမရှိတဲ့နေရာဆီ လှေနဲ့ထွက်သွားတယ်။ ဒါကို လူတွေသိသွားတော့ ကိုယ့်မြို့ကိုယ့်ရွာကနေ ကုန်းကြောင်းလျှောက်ပြီး လိုက်သွားကြတယ်။+
၁၄ ယေရှုက ကမ်းစပ်ကိုရောက်တဲ့အခါ လူအုပ်ကြီးကိုမြင်တော့ သနားတဲ့အတွက်+ ဖျားနာသူတွေကို ကုသပေးတယ်။+
၁၅ ညနေစောင်းတဲ့အခါ တပည့်တွေက “ဒီနေရာဟာ လူသိပ်ခေါင်တယ်။ အချိန်လည်း နှောင်းလှပြီ။ လူတွေကို ပြန်လွှတ်လိုက်ပါ။ အနီးအနားရွာတွေမှာ စားစရာ သွားဝယ်ကြပါစေ” လို့ပြောတယ်။+
၁၆ ဒါပေမဲ့ ယေရှုက “သူတို့ သွားစရာ မလိုပါဘူး။ ခင်ဗျားတို့ ကျွေးလိုက်ပါ” လို့ပြောတော့၊
၁၇ တပည့်တွေက “ကျွန်တော်တို့မှာ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပဲ ရှိတာ” လို့ ဖြေတယ်။
၁၈ ဒါနဲ့ ယေရှုက “အဲဒီမုန့်နဲ့ ငါးတွေကို ယူခဲ့” လို့ပြောပြီး၊
၁၉ လူအုပ်ကို မြက်ခင်းပေါ် ထိုင်ခိုင်းတယ်။ ပြီးတော့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို ယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။*+ မုန့်ကိုဖဲ့ပြီးနောက် တပည့်တွေကို ဝေပေးတယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။
၂၀ လူတွေ အဝစားပြီးတဲ့နောက် စားကြွင်းစားကျန်တွေကို လိုက်ကောက်တဲ့အခါ ၁၂ တောင်းအပြည့်ရတယ်။+
၂၁ စားတဲ့သူတွေက ယောက်ျား ၅,၀၀၀ လောက် ရှိတယ်။ အမျိုးသမီးတွေ၊ ကလေးတွေလည်းရှိသေးတယ်။+
၂၂ အဲဒီနောက် ယေရှုက ချက်ချင်းပဲ တပည့်တွေကို တစ်ဖက်ကမ်းဆီ လှေနဲ့ ကူးနှင့်ခိုင်းတယ်။ လူအုပ်ကိုလည်း ပြန်လွှတ်လိုက်တယ်။+
၂၃ လူအုပ်ကို ပြန်လွှတ်လိုက်ပြီးနောက် ယေရှုက ဆုတောင်းဖို့ တောင်ပေါ်ကို တစ်ယောက်တည်း တက်သွားတယ်။+ ညနက်လာချိန်အထိ တစ်ယောက်တည်း ရှိနေတယ်။
၂၄ အဲဒီအချိန်မှာ လှေက ကမ်းနဲ့ အတော်ဝေးဝေးကို* ရောက်နေပြီ။ လှိုင်းလေထန်တဲ့အတွက် တပည့်တွေက လှေကိုမနည်းထိန်းနေရတယ်။
၂၅ မိုးသောက်ယံ* ရောက်တော့ ယေရှုက ရေပေါ် လမ်းလျှောက်ပြီး သူတို့ဆီ လာတယ်။
၂၆ ရေပေါ် လမ်းလျှောက်လာတာကို မြင်တဲ့အခါ တပည့်တွေက ကြောက်ကြောက်နဲ့ “ဟိုမှာ၊ ဟိုမှာ ဘာကြီးပါလိမ့်” ဆိုပြီး အလန့်တကြား အော်ကြတယ်။
၂၇ ချက်ချင်းပဲ ယေရှုက “မကြောက်ပါနဲ့။ ကျွန်တော်ပါ” လို့ ပြောတဲ့အခါ၊+
၂၈ ပေတရုက “သခင်၊ တကယ်ပဲ သခင်ဟုတ်တယ်ဆိုရင် ကျွန်တော်လည်း ရေပေါ် လမ်းလျှောက်ပြီး သခင့်ဆီလာဖို့ အမိန့်ရှိပါ” လို့ ပြန်ပြောတယ်။
၂၉ ယေရှုက “လာခဲ့လေ” ဆိုတော့ ပေတရုက လှေပေါ်ကနေ ဆင်းပြီး ရေပေါ် လမ်းလျှောက်လာတယ်။
၃၀ ဒါပေမဲ့ မုန်တိုင်းထန်နေတာကို မြင်တော့ ကြောက်စိတ်ဝင်ပြီး နစ်တော့မလို ဖြစ်သွားတယ်။ “သခင်၊ ကယ်ပါဦး” လို့အော်တဲ့အခါ၊
၃၁ ယေရှုက ချက်ချင်း လက်ကိုဆန့်၊ သူ့ကိုလှမ်းဆွဲလိုက်ပြီး “ယုံကြည်ခြင်းနည်းတဲ့သူ၊ ဘာလို့ သံသယဝင်တာလဲ”+ လို့ ပြောတယ်။
၃၂ သူတို့ လှေပေါ်ရောက်တဲ့အခါ မုန်တိုင်းငြိမ်သွားတယ်။
၃၃ လှေထဲမှာရှိတဲ့ တပည့်တွေက ဦးညွှတ်ပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့သားပါ” လို့ပြောကြတယ်။
၃၄ အဲဒီနောက် ကမ်းတစ်ဖက်ကိုကူးပြီး ဂင်နေသရက်အရပ်ကို ရောက်လာတယ်။+
၃၅ အဲဒီအရပ်သားတွေက ယေရှုကို မှတ်မိတဲ့အတွက် ယေရှု ရောက်လာတဲ့အကြောင်း ပတ်ဝန်းကျင်အရပ်ရပ်ဆီ သတင်းပို့လိုက်တယ်။ ဒါနဲ့ လူတွေက ဖျားနာတဲ့သူတွေကို ခေါ်လာပြီး၊
၃၆ ယေရှုရဲ့ ဝတ်လုံအမြိတ်ကို တို့ထိခွင့်ပေးပါလို့+ တောင်းပန်ကြတယ်။ တို့ထိသူတိုင်းလည်း ကျန်းမာလာတယ်။