မဿဲ ၁၆:၁-၂၈
၁၆ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတွေက အကဲစမ်းချင်တဲ့အတွက် ယေရှုဆီလာပြီး ဘုရားဆီက အံ့ဖွယ်အမှုတစ်ခုလောက် ပြပါလို့ တောင်းဆိုတော့၊+
၂ ယေရှုက “ညနေစောင်းတဲ့အခါ ‘ကောင်းကင်ကြီး နီရဲနေတာပဲ။ ရာသီဥတုသာယာမယ်’ လို့ ခင်ဗျားတို့ပြောတတ်တယ်။
၃ မနက်ရောက်တော့လည်း ‘ကောင်းကင်ကြီး နီရဲပြီး အုံ့မှိုင်းနေတာပဲ။ ဒီနေ့ မိုးရွာပြီး အေးစိမ့်နေလိမ့်မယ်’ လို့ ပြောတတ်ကြတယ်။ ခင်ဗျားတို့ဟာ ကောင်းကင်ကိုကြည့်ပြီး ရာသီဥတုကို ခန့်မှန်းတတ်ပေမဲ့ အချိန်ကာလရဲ့ လက္ခဏာကိုတော့ မခန့်မှန်းတတ်ပါလား။
၄ ဆိုးညစ်ဖောက်ပြန်တဲ့ လူမျိုးဆက်ဟာ အံ့ဖွယ်အမှုကို မြင်ချင်ကြတယ်။ ဒါပေမဲ့ ယောနအံ့ဖွယ်အမှုကလွဲလို့+ ဘယ်အံ့ဖွယ်အမှုကိုမှ မြင်ရမှာမဟုတ်ဘူး”+ လို့ပြောပြီး သူတို့ဆီကနေ ထွက်သွားတယ်။
၅ တပည့်တွေက ကမ်းတစ်ဖက်ကို ကူးတဲ့အခါ စားစရာယူလာဖို့ မေ့သွားတယ်။+
၆ ယေရှုက “မျက်စိရှင်ရှင်ထားပြီး ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ တဆေးကို သတိထားကြ”+ လို့ပြောတော့၊
၇ “ငါတို့ စားစရာမယူလာလို့ အဲဒီလိုပြောတာနေမှာ” ဆိုပြီး သူတို့အချင်းချင်း ပြောကြတယ်။
၈ ဒါကို ယေရှုသိတော့ “ယုံကြည်ခြင်းနည်းသူတို့၊ စားစရာမပါလာတဲ့အကြောင်း ဘာလို့ပြောနေကြတာလဲ။
၉ ကျွန်တော် ဘာကိုဆိုလိုနေမှန်း နားမလည်သေးဘူးလား။ မုန့်ငါးလုံးနဲ့ လူ ၅,၀၀၀ ကို ကျွန်တော်ကျွေးပြီးတဲ့နောက် စားကြွင်းစားကျန် လိုက်ကောက်တာ ဘယ်နှစ်တောင်းရမှန်း မမှတ်မိကြဘူးလား။+
၁၀ မုန့်ခုနစ်လုံးနဲ့ လူ ၄,၀၀၀ ကို ကျွေးပြီးတဲ့နောက် စားကြွင်းစားကျန် လိုက်ကောက်တာ တောင်းကြီးဘယ်နှစ်တောင်း ရတယ်ဆိုတာကိုရော သတိမရကြဘူးလား။+
၁၁ ကျွန်တော် စားစရာအကြောင်း ပြောနေတာမဟုတ်မှန်း ဘာလို့ နားမလည်တာလဲ။ ဖာရိရှဲနဲ့ဇဒ္ဒုကဲတို့ရဲ့ တဆေးကို သတိထားဖို့ ပြောနေတာ”+ ဆိုပြီးပြောတယ်။
၁၂ အဲဒီတော့မှ မုန့်ထဲထည့်တဲ့ တဆေးကိုမဟုတ်ဘဲ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတို့ရဲ့ သွန်သင်ချက်ကို သတိထားဖို့ ယေရှုပြောနေမှန်း သူတို့နားလည်သွားတယ်။
၁၃ ကဲသရိ ဖိလိပ္ပိဒေသကို ရောက်လာတဲ့အခါ ယေရှုက “လူတွေက လူသားကို ဘယ်သူလို့ ပြောကြသလဲ” ဆိုပြီး တပည့်တွေကို မေးတော့၊+
၁၄ “တချို့က နှစ်ခြင်းပေးသူ ယောဟန်လို့+ ပြောကြတယ်။ တချို့က ဧလိယတဲ့။+ တချို့ကျပြန်တော့ ယေရမိ ဒါမှမဟုတ် ပရောဖက်တစ်ယောက်တဲ့” ဆိုပြီးဖြေကြတယ်။
၁၅ ယေရှုက “ခင်ဗျားတို့ကော ကျွန်တော့်ကို ဘယ်သူလို့ ပြောမလဲ” ဆိုပြီးမေးတဲ့အခါ၊
၁၆ ရှိမုန်ပေတရုက “သခင်ဟာ ခရစ်တော်ပဲ။+ အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ သားပါ”+ လို့ပြန်ဖြေတယ်။
၁၇ ယေရှုက “ယောနရဲ့သား ရှိမုန်၊ ခင်ဗျား ပျော်လိုက်ပါ။ ခင်ဗျားကို ဒီအကြောင်း ဖော်ပြသူဟာ လူမဟုတ်ဘဲ ကောင်းကင်မှာစံမြန်းတဲ့ အဖဘုရား ဖြစ်နေလို့ပဲ။+
၁၈ ပြီးတော့ ကျွန်တော်ပြောမယ်။ ခင်ဗျားဟာ ပေတရုပဲ။+ ဒီကျောက်ဆောင်ပေါ်မှာ+ ကျွန်တော့်ရဲ့ အသင်းတော်ကို တည်ဆောက်မယ်။ အဲဒီအသင်းတော်ကို သင်္ချိုင်းက* အနိုင်ယူလို့ရမှာ မဟုတ်ဘူး။
၁၉ ခင်ဗျားကို ကောင်းကင်နိုင်ငံရဲ့ သော့တွေ ပေးမယ်။ ကမ္ဘာမြေမှာ ခင်ဗျားချည်နှောင်သမျှ ကောင်းကင်မှာ ချည်နှောင်ပြီးသား ဖြစ်လိမ့်မယ်။ ကမ္ဘာမြေမှာ ခင်ဗျားဖြေလွှတ်သမျှ ကောင်းကင်မှာ ဖြေလွှတ်ပြီးသား ဖြစ်မယ်” လို့ပြောတယ်။
၂၀ အဲဒီနောက် မိမိဟာ ခရစ်တော်ဖြစ်တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောကြဖို့ တပည့်တွေကို အသေအချာမှာတယ်။+
၂၁ အဲဒီအချိန်ကစပြီး ယေရှုဟာ ဂျေရုဆလင်မြို့ကို သူသွားရမယ်၊ အကြီးအကဲတွေ၊ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ လက်ချက်နဲ့ ဒုက္ခအများကြီးခံရမယ်၊ အဲဒီနောက် အသတ်ခံရပြီး သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်ဆိုတဲ့ အကြောင်းတွေကို တပည့်တွေကို ရှင်းပြတယ်။+
၂၂ ပေတရုက ယေရှုကို ခေါ်ထုတ်ပြီး “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး။ ဒီလိုအဖြစ်မျိုးကို သခင် ဘယ်တော့မှကြုံရမှာ မဟုတ်ဘူး” လို့အပြစ်တင်တယ်။+
၂၃ အဲဒီအခါ ယေရှုက မျက်နှာလွှဲလိုက်ပြီး “စာတန်၊ ထွက်သွားပါ။ ခင်ဗျားဟာ ကျွန်တော့်အတွက် ဆူးငြောင့်ခလုတ်ပဲ။ ခင်ဗျားက ဘုရားသခင် စဉ်းစားသလို မစဉ်းစားဘဲ လူတွေစဉ်းစားသလို စဉ်းစားနေတယ်”+ လို့ပေတရုကို ပြောတယ်။
၂၄ အဲဒီနောက် ယေရှုက “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို* ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲလိုက်ရမယ်။+
၂၅ ကိုယ့်အသက်ကို ကယ်ချင်သူဟာ အသက်ဆုံးရလိမ့်မယ်။ ကျွန်တော့်ကြောင့် အသက်ဆုံးတဲ့သူကတော့ အသက်ပြန်ရှင်ရလိမ့်မယ်။+
၂၆ တစ်လောကလုံးကို ပိုင်ဆိုင်ထားပေမဲ့ အသက်ဆုံးရှုံးသွားရင် ဘာအကျိုးရှိမှာလဲ။+ ကိုယ့်အသက်ကို ဘာနဲ့ပြန်လဲယူလို့ ရမှာလဲ။+
၂၇ လူသားဟာ ကောင်းကင်တမန်တွေ ခြံရံပြီး အဖဘုရားရဲ့ ဘုန်းတန်ခိုးနဲ့ လာလိမ့်မယ်။ အဲဒီအခါ လူတိုင်းကို သူတို့လုပ်ရပ်နဲ့အညီ ပြန်ဆပ်ပေးလိမ့်မယ်။+
၂၈ ကျွန်တော် မှန်တာကိုပြောမယ်။ ဒီမှာရပ်နေသူတချို့ဟာ နိုင်ငံတော်နဲ့ရောက်လာတဲ့ လူသားကို မမြင်ရခင် သေဆုံးမှာ မဟုတ်ဘူး” လို့ပြောတယ်။+