မဿဲ ၁၇:၁-၂၇
၁၇ ခြောက်ရက်ကြာတဲ့အခါ ယေရှုက ပေတရု၊ ယာကုပ်နဲ့ သူ့ညီယောဟန်တို့ကိုပဲ ခေါ်ပြီး အလွန်မြင့်တဲ့တောင်ပေါ် တက်သွားတယ်။+
၂ အဲဒီနောက် သူတို့ရှေ့မှာ ယေရှု ကိုယ်ယောင်ပြောင်းသွားတယ်။ မျက်နှာက နေလိုထွန်းလင်းပြီး ဝတ်လုံဟာ အလင်းရောင်လို တောက်ပနေတယ်။+
၃ ရုတ်တရက် မောရှေနဲ့ဧလိယ ပေါ်လာပြီး ယေရှုနဲ့ စကားပြောတယ်။
၄ အဲဒီအခါ ပေတရုက “သခင်၊ ကျွန်တော်တို့ ဒီမှာရှိနေရတာ အခွင့်ထူးပါ။ သခင် ဆန္ဒရှိမယ်ဆိုရင် ဒီမှာ တဲသုံးလုံး ကျွန်တော် ဆောက်ပေးမယ်။ သခင့်အတွက် တစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံးပေါ့” လို့ပြောလိုက်တယ်။
၅ အဲဒီလိုပြောနေတုန်း သူတို့ကို တောက်ပတဲ့တိမ်တိုက် ဖုံးလွှမ်းသွားပြီး “သူဟာ ငါမြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ။+ သူ့စကားကို နားထောင်ကြ”+ ဆိုတဲ့အသံ တိမ်တိုက်ထဲကနေ ထွက်လာတယ်။
၆ ဒါကိုကြားတော့ တပည့်တွေ အလန့်တကြားဖြစ်ပြီး ပျပ်ဝပ်လိုက်ကြတယ်။
၇ အဲဒီအခါ ယေရှုက အနားကိုလာ၊ သူတို့ကို လက်နဲ့ပုတ်ပြီး “ထပါ။ မကြောက်ပါနဲ့” လို့ပြောတယ်။
၈ သူတို့ မော့ကြည့်လိုက်တော့ ယေရှုကလွဲလို့ ဘယ်သူ့ကိုမှ မတွေ့ဘူး။
၉ တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့အခါ ယေရှုက “လူသား သေရာကနေ အသက်ပြန်ရှင်လာချိန် မတိုင်ခင် ဒီစိတ်အာရုံအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့” လို့ သူတို့ကို မှာတယ်။+
၁၀ အဲဒီနောက် သူတို့က “ဧလိယ အရင်ပေါ်ထွန်းမယ်ဆိုပြီး ကျမ်းတတ်တွေ ဘာလို့ပြောတာလဲ” လို့မေးတဲ့အခါ၊+
၁၁ ယေရှုက “ဧလိယ တကယ်ပေါ်ထွန်းလာမယ်။ အရာအားလုံးကို နဂိုအတိုင်းဖြစ်အောင် သူလုပ်ပေးမယ်။+
၁၂ ဒါပေမဲ့ ကျွန်တော်ပြောမယ်။ ဧလိယ ပေါ်ထွန်းပြီးသွားပြီ။ လူတွေက သူ့ကိုမသိတဲ့အတွက် သူ့ကို လုပ်ချင်သလို လုပ်ခဲ့ကြတယ်။+ အဲဒီလိုပဲ လူသားလည်း သူတို့လက်ချက်နဲ့ ဒုက္ခခံရလိမ့်မယ်”+ လို့ပြန်ဖြေတယ်။
၁၃ အဲဒီအခါ နှစ်ခြင်းပေးသူ ယောဟန်အကြောင်း ပြောနေမှန်း သူတို့ သဘောပေါက်သွားတယ်။
၁၄ လူအုပ်ရှိရာကို သူတို့ရောက်လာတဲ့အခါ+ လူတစ်ယောက်က ယေရှုဆီလာပြီး ဒူးထောက်တယ်။
၁၅ ပြီးတော့ “သခင်၊ ကျွန်တော့်သားကို သနားပါဦး။ သူ့ခမျာ ဝက်ရူးပြန်ရောဂါစွဲနေလို့ အခြေအနေ တော်တော်ဆိုးနေပါတယ်။ မီးထဲ လဲကျလိုက်၊ ရေထဲ လဲကျလိုက် ဖြစ်တတ်ပါတယ်။+
၁၆ သခင့်တပည့်တွေဆီ ခေါ်သွားပေမဲ့ သူတို့ မကုပေးနိုင်လို့ပါ” ဆိုပြီး အသနားခံတယ်။
၁၇ အဲဒီအခါ ယေရှုက “ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်တဲ့ လူမျိုးဆက်၊+ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေရမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။ အဲဒီလူငယ်လေးကို ခေါ်လာခဲ့” လို့ပြောတယ်။
၁၈ အဲဒီနောက် ယေရှုက နတ်ဆိုးကို ဆုံးမလိုက်တော့ နတ်ဆိုးထွက်သွားပြီး အဲဒီအချိန်မှာပဲ လူငယ်လေး ရောဂါပျောက်သွားတယ်။+
၁၉ အဲဒီအခါ တပည့်တွေက ယေရှုကို သီးသန့်လာတွေ့ပြီး “ကျွန်တော်တို့ကျတော့ ဘာလို့ နတ်ဆိုးကို မနှင်ထုတ်နိုင်တာလဲ” ဆိုပြီးမေးတယ်။
၂၀ ယေရှုက “ခင်ဗျားတို့ ယုံကြည်ခြင်း နည်းနေတာကိုး။ ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းသာ မုန်ညင်းစေ့လောက်ရှိခဲ့ရင် ဒီတောင်ကို ‘ဟိုဘက်ကို ရွှေ့’ လို့ပြောရင် ရွှေ့မှာပဲ။ ခင်ဗျားတို့ မတတ်နိုင်တာ ဘာမှရှိမှာ မဟုတ်ဘူး” လို့ပြောတယ်။+
၂၁ *—
၂၂ ဂါလိလဲနယ်မှာ တပည့်တွေနဲ့အတူရှိနေတုန်း ယေရှုက “လူသားကို သစ္စာဖောက်ပြီး လူတွေလက်ထဲ အပ်ကြလိမ့်မယ်။+
၂၃ အသေသတ်ကြလိမ့်မယ်။ သုံးရက်မြောက်နေ့မှာ အသက်ပြန်ရှင်လာမယ်”+ လို့ပြောတဲ့အခါ တပည့်တွေ သိပ်ဝမ်းနည်းသွားကြတယ်။
၂၄ ကပေရနောင်မြို့ကို ရောက်လာတော့ ဗိမာန်တော်အခွန်* ကောက်ခံသူတွေက ပေတရုကို “ခင်ဗျားတို့ဆရာက ဗိမာန်တော်အခွန် မပေးဘူးလား”+ လို့မေးတယ်။
၂၅ ပေတရုက “ပေးပါတယ်” လို့ပြန်ဖြေပြီး အိမ်ထဲ ဝင်လာတဲ့အခါ ယေရှုက “ရှိမုန်၊ ခင်ဗျား ဘယ်လိုထင်သလဲ။ ဘုရင်တွေက အခွန်အကောက် အမျိုးမျိုးကို ဘယ်သူ့ဆီကနေ ကောက်ခံသလဲ။ ကိုယ့်သားတွေဆီကနေလား၊ တခြားသူတွေဆီကနေလား” လို့ ဆီးပြီးမေးလိုက်တယ်။
၂၆ “တခြားသူတွေဆီကနေ ကောက်ပါတယ်” လို့ ပေတရုဖြေတော့ ယေရှုက “မှန်တယ်၊ ဘုရင့်သားတွေက အခွန်ပေးစရာ မလိုဘူး။
၂၇ ဒါပေမဲ့ ကျွန်တော်တို့ကို သူတို့ စိတ်မခုရလေအောင်+ အိုင်ကိုသွားပြီး ငါးမျှားခဲ့။ ဦးဆုံးမိတဲ့ ငါးရဲ့ပါးစပ်ထဲမှာ ငွေတစ်ပြား* တွေ့လိမ့်မယ်။ အဲဒီငွေကိုယူပြီး ကျွန်တော်နဲ့ ခင်ဗျားအတွက် အခွန်ပေးလိုက်ပါ” လို့ပြောတယ်။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ က၃ ကိုကြည့်။
^ မူရင်း၊ “ဒရက်မာနှစ်ပြား။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
^ မူရင်း၊ “သတာတဲ တစ်ပြား။” ဒရက်မာ လေးပြားနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။