မဿဲ ၂၇:၁-၆၆
၂၇ မနက်ရောက်တော့ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေက ယေရှုကိုသတ်ဖို့ တိုင်ပင်ပြီး၊+
၂ သူ့ကို ချည်နှောင်ပြီးနောက် ဘုရင်ခံပိလတ်ဆီ အပ်လိုက်တယ်။+
၃ သစ္စာဖောက်ယုဒက ယေရှု ပြစ်ဒဏ်စီရင်ခံရတဲ့အကြောင်း သိသွားတော့ နောင်တရပြီး ငွေစ ၃၀ ကို ပုရောဟိတ်ကြီးတွေနဲ့ အကြီးအကဲတွေဆီ ပြန်ယူလာတယ်။+
၄ “အပြစ်မဲ့သူကို သွေးမြေကျအောင် အပ်လိုက်တဲ့အတွက် ကျွန်တော် ပြစ်မှားမိပါပြီ” လို့ပြောတော့ သူတို့က “ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ။ ကိုယ့်ကိစ္စ ကိုယ်ရှင်း” ဆိုပြီး ပြန်ပြောတယ်။
၅ ယုဒလည်း အဲဒီငွေတွေကို ဗိမာန်တော်မှာ ပစ်ချပြီး ထွက်သွားတယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေလိုက်တယ်။+
၆ ပုရောဟိတ်ကြီးတွေက အဲဒီငွေကို ယူပြီး “သွေးစွန်းတဲ့ ငွေတွေပဲ။ ဘဏ္ဍာတိုက်ထဲ မသွင်းသင့်ဘူး” လို့ပြောတယ်။
၇ ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက် သူစိမ်းဧည့်သည်တွေရဲ့ သင်္ချိုင်းမြေအဖြစ် အိုးထိန်းသမားမြေကွက်ကို အဲဒီငွေနဲ့ ဝယ်လိုက်တယ်။
၈ ဒါကြောင့် အဲဒီမြေကွက်ကို သွေးမြေလို့+ ဒီနေ့အထိ ခေါ်တယ်။
၉ ပရောဖက်ယေရမိကတစ်ဆင့် ပြောခဲ့တဲ့ ဒီစကားတွေ ပြည့်စုံလာတယ်– “အဲဒီလူကို အစ္စရေးတွေ တန်ဖိုးဖြတ်တဲ့ ငွေစ ၃၀ ကို သူတို့ယူပြီး၊
၁၀ ကျွန်တော့်ကို ယေဟောဝါ* ပြောတဲ့အတိုင်း အိုးထိန်းသမားမြေကွက်ကို ဝယ်ကြတယ်။”+
၁၁ ပိလတ်မင်းက ရှေ့မှာရပ်နေတဲ့ ယေရှုကို “မင်းဟာ ဂျူးတွေရဲ့ဘုရင် ဟုတ်သလား” လို့မေးတော့ ယေရှုက “မင်းကြီးပြောတာအမှန်ပဲ” လို့ဖြေတယ်။+
၁၂ ဒါပေမဲ့ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ ပြစ်တင်စွပ်စွဲတဲ့အခါ ဘာမှပြန်မပြောဘူး။+
၁၃ ပိလတ်မင်းက “မင်းကို ဒီလောက်စွပ်စွဲနေတာ မကြားဘူးလား” ဆိုပြီး မေးတော့လည်း၊
၁၄ ယေရှု တစ်ခွန်းမှ ပြန်မပြောတဲ့အတွက် ပိလတ်မင်း သိပ်အံ့သြသွားတယ်။
၁၅ ပွဲတော်နေ့ရောက်တိုင်း ဘုရင်ခံက လူတွေတောင်းဆိုတဲ့ အကျဉ်းသားတစ်ယောက်ကို လွှတ်ပေးရတဲ့ထုံးစံ ရှိတယ်။+
၁၆ ဗာရဗ္ဗလို့ခေါ်တဲ့ နာမည်ဆိုး ရာဇဝတ်သားတစ်ယောက်ကို ဖမ်းထားချိန်ဖြစ်နေတော့၊
၁၇ လူတွေ စုဝေးလာတဲ့အခါ ပိလတ်မင်းက “ခင်ဗျားတို့ ဘယ်သူ့ကို လွှတ်စေချင်သလဲ။ ဗာရဗ္ဗကိုလား၊ ခရစ်တော်လို့ခေါ်တဲ့ ယေရှုကိုလား” ဆိုပြီး မေးတယ်။
၁၈ ယေရှုကို မနာလိုစိတ်နဲ့ သူတို့ အခုလိုအပ်လိုက်မှန်း ပိလတ်မင်း ရိပ်မိတယ်။
၁၉ ဒါ့အပြင် တရားပလ္လင်မှာ ထိုင်နေတုန်း သူ့ဇနီးက “ဖြောင့်မတ်တဲ့ ဒီလူရဲ့အမှုမှာ ဝင်မပါနဲ့။ ညက သူ့ကို အိပ်မက် မက်တယ်။ အဲဒီအိပ်မက်ကြောင့် ကျွန်မ သိပ်ကြောက်နေတယ်” လို့ မှာထားတယ်။
၂၀ တကယ်တော့ ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေက ဗာရဗ္ဗကို လွှတ်ပေးပါ၊+ ယေရှုကို ကွပ်မျက်ပါဆိုပြီး တောင်းဆိုဖို့ လူအုပ်ကို စည်းရုံးထားတာ။+
၂၁ ပိလတ်မင်းက “ဒီလူနှစ်ယောက်ထဲမှာ ဘယ်သူ့ကို လွှတ်စေချင်သလဲ” လို့မေးတဲ့အခါ “ဗာရဗ္ဗကို လွှတ်စေချင်ပါတယ်” လို့ဖြေကြတယ်။
၂၂ “ဒါဆိုရင် ခရစ်တော်လို့ခေါ်တဲ့ ယေရှုကို ဘယ်လိုလုပ်ရမလဲ” ဆိုပြီးမေးတော့ အားလုံးက “သစ်တိုင်ပေါ်တင်လိုက်ပါ” လို့ဖြေတယ်။+
၂၃ “ဘာဖြစ်လို့လဲ။ သူ ဘာမကောင်းတာ လုပ်ခဲ့လို့လဲ” ဆိုပြီး ထပ်မေးတဲ့အခါ သူတို့က “သူ့ကို သစ်တိုင်ပေါ် တင်လိုက်ပါ” လို့ပဲ အသံကုန်အော်ကြတယ်။+
၂၄ ဘာမှမထူးတဲ့အပြင် ပိုလို့တောင် ရုတ်ရုတ်သဲသဲ ဖြစ်လာတာကို မြင်တဲ့အခါ ပိလတ်မင်းက ရေကိုယူ၊ လူအုပ်ရှေ့မှာ လက်ဆေးပြီး “ဒီလူ သွေးမြေကျရတာ ငါ့တာဝန် မဟုတ်ဘူးနော်။ မင်းတို့တာဝန်ပဲ” လို့ပြောလိုက်တယ်။
၂၅ လူအားလုံးက “မှန်ပါတယ်။ ဒီလူ သွေးမြေကျရတာ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ သားသမီးတွေရဲ့ တာဝန်ပါ” လို့ပြန်ပြောတယ်။+
၂၆ အဲဒီအခါ ပိလတ်မင်းက ဗာရဗ္ဗကို လွှတ်ပေးလိုက်တယ်။ ယေရှုကိုတော့ ကျာပွတ်နဲ့ရိုက်စေပြီး+ သစ်တိုင်ပေါ်မှာ ကွပ်မျက်ဖို့ အပ်လိုက်တယ်။+
၂၇ အဲဒီနောက် စစ်သည်တွေက ယေရှုကို ဘုရင်ခံနန်းဆောင်ဆီ ခေါ်လာပြီး စစ်တပ်တစ်တပ်လုံးနဲ့ ဝိုင်းထားတယ်။+
၂၈ သူတို့က ယေရှုရဲ့အဝတ်ကို ချွတ်ပြီး ကြက်သွေးရောင်ဝတ်ရုံ ခြုံပေးတယ်။+
၂၉ ဆူးခက်သရဖူ လုပ်ပြီး ဆောင်းပေးတယ်။ ကျူရိုးကိုလည်း ညာလက်နဲ့ ကိုင်ခိုင်းတယ်။ ပြီးတော့ ရှေ့မှာ ဒူးထောက်ရင်း “ဂျူးတို့ရဲ့ဘုရင်၊ မင်္ဂလာပါ” လို့လှောင်ကြတယ်။
၃၀ ယေရှုကို တံတွေးနဲ့ထွေးပြီး+ ခေါင်းကို ကျူရိုးနဲ့ ရိုက်ကြတယ်။
၃၁ အဲဒီလို လှောင်ပြောင်ပြီးနောက် ဝတ်ရုံကို ပြန်ချွတ်ယူပြီး သူ့အဝတ်ကို ပြန်ဝတ်ခိုင်းတယ်။ ပြီးတော့ သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်ထားဖို့ ခေါ်ထုတ်သွားတယ်။+
၃၂ သူတို့က ယေရှုကို ခေါ်ထုတ်သွားချိန်မှာ ရှိမုန်လို့ခေါ်တဲ့ ကုရေနေမြို့သားတစ်ယောက်ကို တွေ့တော့ ယေရှုကိုတင်ပြီးသတ်မယ့် သစ်တိုင်ကို အတင်းထမ်းခိုင်းကြတယ်။+
၃၃ ‘ဂေါလဂေါသ’ ဆိုတဲ့ ဦးခေါင်းခွံအရပ်ကို+ ရောက်လာတဲ့အခါ၊
၃၄ ယေရှုကို ဆေးခါးရောစပ်ထားတဲ့ဝိုင် တိုက်ပေမဲ့+ မြည်းစမ်းပြီးနောက် မသောက်ဘဲ နေတယ်။
၃၅ အဲဒီနောက် သူတို့က ယေရှုကို သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်ထားကြတယ်။ ဝတ်လုံတွေကိုတော့ မဲချပြီး ခွဲယူလိုက်ကြတယ်။+
၃၆ အဲဒီမှာထိုင်ပြီး ယေရှုကို စောင့်ကြပ်နေကြတယ်။
၃၇ ခေါင်းအပေါ်နားမှာ “ဂျူးတို့ရဲ့ဘုရင် ယေရှု” လို့ရေးပြီး တပ်ထားတယ်။+ ဒါဟာ ယေရှုကိုတင်တဲ့ စွဲချက်ပဲ။
၃၈ အဲဒီနောက် ဓားပြနှစ်ယောက်ကို ယေရှုရဲ့ ညာဘက်မှာ တစ်ယောက်၊ ဘယ်ဘက်မှာ တစ်ယောက် သစ်တိုင်ပေါ်တင်ကြတယ်။+
၃၉ ဖြတ်သန်းသွားလာသူတွေက ယေရှုကို ကဲ့ရဲ့ကြတယ်။+ ခေါင်းတခါခါ လုပ်ပြီး၊+
၄၀ “ဗိမာန်တော်ကို ဖြိုဖျက်ပြီး သုံးရက်အတွင်း ပြန်ဆောက်မယ့်သူ၊+ ကိုယ့်ကိုယ်ကိုယ် ကယ်ပါတော့လား။ ဘုရားသခင်ရဲ့သား မှန်ရင် သစ်တိုင်ပေါ်ကနေ ဆင်းလေ”+ လို့ပြောတယ်။
၄၁ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေကလည်း ယေရှုကို ဝိုင်းလှောင်ပြီး၊+
၄၂ “ဒီလူ၊ တခြားသူကိုတော့ ကယ်နိုင်ပါရဲ့။ ကိုယ့်ကိုယ်ကိုယ်တော့ မကယ်နိုင်ပါလား။ သူဟာ အစ္စရေးဘုရင်ပဲ။+ သစ်တိုင်ပေါ်က အခု ဆင်းလာပါစေ။ ဒါဆို သူ့ကို ကျုပ်တို့ယုံကြည်မယ်။
၄၃ ဘုရားသခင်ကို သူ အားကိုးတာပဲ။ ‘ငါဟာ ဘုရားသခင်ရဲ့သားပဲ’+ လို့ပြောတဲ့အတွက် သူ့ကို ဘုရားကယ်ချင်ရင် ကယ်ပါစေ”+ လို့ခနဲ့တယ်။
၄၄ ဘေးမှာ သစ်တိုင်တင်ခံရတဲ့ ဓားပြတွေတောင် ယေရှုကို အဲဒီလိုပဲ ကဲ့ရဲ့ပြောဆိုကြတယ်။+
၄၅ မွန်းတည့် ၁၂ နာရီ* ကနေ မွန်းလွဲ ၃ နာရီ* အထိ တစ်ပြည်လုံး အမှောင်ကျသွားတယ်။+
၄၆ မွန်းလွဲ ၃ နာရီလောက်မှာ ယေရှုက “ဧလိ၊ ဧလိ၊ လာမာ ရှာဗတ်ခသာနိ” လို့ အော်ပြောတယ်။ “ကျွန်တော့်ဘုရား၊ ကျွန်တော့်ဘုရား၊ ကျွန်တော့်ကို ဘာလို့ စွန့်ပစ်တာလဲ” ဆိုတဲ့အဓိပ္ပာယ်ပဲ။+
၄၇ ဒါကိုကြားတော့ အဲဒီမှာရပ်နေသူတချို့က “သူ ဧလိယကို ခေါ်နေတာ” လို့ပြောကြတယ်။+
၄၈ တစ်ယောက်က ခပ်သုတ်သုတ် ပြေးသွားပြီး ရေမြှုပ်ကို ယူ၊ အချဉ်ပေါက်နေတဲ့ဝိုင်ထဲ နှစ်လိုက်တယ်။ ပြီးတော့ ရေမြှုပ်ကို ကျူရိုးထိပ်မှာတပ်ပြီး ယေရှုကို သောက်ခိုင်းတယ်။+
၄၉ ကျန်တဲ့လူတွေက “နေပါစေ၊ သူ့ကို ဧလိယ လာကယ်မကယ် စောင့်ကြည့်ရအောင်” လို့ပြောကြတယ်။
၅၀ ယေရှုက နောက်တစ်ကြိမ် အကျယ်ကြီး အော်ပြီးနောက်အသက်ထွက်သွားတယ်။+
၅၁ အဲဒီအချိန်မှာ ဗိမာန်တော် ကန့်လန့်ကာဟာ+ အထက်အောက် နှစ်ခြမ်းကွဲသွားတယ်။+ ငလျင်လှုပ်လာပြီး ကျောက်ဆောင်တွေ အက်ကွဲသွားတယ်။
၅၂ သင်္ချိုင်းဂူတွေ ပွင့်ထွက်ပြီး သေဆုံးသွားတဲ့ သန့်ရှင်းသူတွေရဲ့ အလောင်းတွေ ပေါ်လာတာကို၊
၅၃ လူအများကြီး မြင်ရတယ်။ (ယေရှု အသက်ပြန်ရှင်လာပြီးချိန်မှာ လူတချို့ သင်္ချိုင်းဂူတွေကြားကနေ ထွက်ပြီး သန့်ရှင်းတဲ့မြို့ထဲ ဝင်သွားတယ်။)
၅၄ ယေရှုကို စောင့်ကြပ်နေတဲ့ တပ်မှူးနဲ့ အပေါင်းပါတွေက ငလျင်လှုပ်တာ၊ ဖြစ်ပျက်နေတာတွေကို မြင်တဲ့အခါ ကြောက်လန့်သွားပြီး “သေချာတယ်၊ သူဟာ ဘုရားသခင်ရဲ့သားပဲ” လို့ပြောကြတယ်။+
၅၅ ယေရှုကို အလုပ်အကျွေးပြုဖို့ ဂါလိလဲပြည်ကနေ အတူလိုက်ပါခဲ့ဖူးတဲ့ အမျိုးသမီးအများကြီးလည်း အဝေးကနေ ကြည့်နေတယ်။+
၅၆ သူတို့ထဲမှာ မာဂဒလမာရိ၊ ယာကုပ်နဲ့ယောသေရဲ့ မိခင်မာရိ၊ ဇေဗေဒဲရဲ့ဇနီးတို့လည်း ပါတယ်။+
၅၇ ယေရှု တပည့် ဖြစ်လာသူ ယောသပ်လို့ခေါ်တဲ့ အရိမသဲမြို့သား သူဌေးတစ်ယောက်က ညနေစောင်းတဲ့အခါ၊+
၅၈ ပိလတ်မင်းဆီ ဝင်ပြီး ယေရှုအလောင်းကို တောင်းတယ်။+ ပိလတ်မင်း ခွင့်ပြုတဲ့အတွက်၊+
၅၉ ယောသပ်က အလောင်းကို သယ်သွားပြီး သန့်ရှင်းတဲ့ပိတ်ချောနဲ့ ပတ်ရစ်တယ်။+
၆၀ အဲဒီနောက် ကျောက်ဆောင်မှာ ထွင်းထားတဲ့ သူ့ရဲ့ သင်္ချိုင်းဂူအသစ်ထဲ ထည့်ပြီးတော့+ ကျောက်တုံးကြီးကို လှိမ့်၊ ဂူဝကိုပိတ်ပြီး ထွက်သွားတယ်။
၆၁ မာဂဒလမာရိနဲ့ မာရိနောက်တစ်ယောက်ကတော့ သင်္ချိုင်းဂူရှေ့မှာ ထိုင်ပြီး နေရစ်ခဲ့တယ်။+
၆၂ အဖိတ်နေ့*+ အကုန် နောက်တစ်နေ့မှာ ပုရောဟိတ်ကြီးတွေ၊ ဖာရိရှဲတွေက ပိလတ်မင်းရှေ့ စုဝေးပြီး၊
၆၃ “မင်းကြီး၊ အဲဒီလူလိမ် မသေခင်တုန်းက ‘သုံးရက်ကြာရင် ငါ အသက်ပြန်ရှင်လာမယ်’+ လို့ ပြောခဲ့တာကို ကျွန်တော်တို့ မှတ်မိပါတယ်။
၆၄ ဒါကြောင့် သင်္ချိုင်းဂူကို သုံးရက်အထိ အစောင့်ချထားဖို့ အမိန့်ပေးလိုက်ပါ။ အဲလိုမှမဟုတ်ရင် သူ့တပည့်တွေအလောင်းကို လာခိုးပြီး+ ‘သူ သေရာကနေ အသက်ပြန်ရှင်လာပြီ’ လို့လျှောက်ပြောကြလိမ့်မယ်။ အဲလိုသာဆိုရင် အဲဒီလှည့်စားမှုဟာ အရင်လှည့်စားမှုထက် ပိုဆိုးမှာပါ” လို့ပြောကြတယ်။
၆၅ အဲဒီအခါ ပိလတ်မင်းက “အစောင့်စစ်သည်တွေ ရှိသားပဲ။ အတတ်နိုင်ဆုံး စောင့်ကြပ်ခိုင်းလိုက်” လို့အမိန့်ပေးတော့၊
၆၆ သူတို့ ထွက်သွားပြီး သင်္ချိုင်းဂူကို ကျောက်တုံးနဲ့ သေချာပိတ်တယ်။ အဲဒီနောက် အစောင့်ချထားလိုက်တယ်။