မဿဲ ၇:၁-၂၉

  • တောင်ပေါ် ဒေသနာ (၁-၂၇)

    • ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့ (၁-၆)

    • တောင်းမြဲတောင်းပါ၊ ရှာမြဲရှာပါ၊ ခေါက်မြဲခေါက်ပါ (၇-၁၁)

    • ရွှေပညတ် (၁၂)

    • ကျဉ်းတဲ့တံခါး (၁၃၊ ၁၄)

    • အသီးကို ကြည့်ပြီး ခွဲခြားသိနိုင် (၁၅-၂၃)

    • ကျောက်သားပေါ် ဆောက်တဲ့အိမ်၊ သဲပေါ် ဆောက်တဲ့အိမ် (၂၄-၂၇)

  • ယေရှုရဲ့သွန်သင်ပုံကို လူတွေ အံ့သြ (၂၈၊ ၂၉)

 “ကိုယ်တိုင် ဝေဖန် အကဲဖြတ်မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး  မလုပ်ပါနဲ့တော့။+ ၂  သူတစ်ပါးကို ဝေဖန်အကဲဖြတ်တဲ့အတိုင်း ကိုယ်တိုင် ပြန်ခံရလိမ့်မယ်။+ ကိုယ်ချိန်ပေးလိုက်တဲ့ ပမာဏအတိုင်း ပြန်ရလိမ့်မယ်။+ ၃  ကိုယ့်မျက်စိထဲမှာ  သစ်သားချောင်း ခံနေတာကို သတိမထားဘဲနဲ့  ညီအစ်ကိုရဲ့  မျက်စိထဲက  သစ်စလေးကိုပဲ  ဘာလို့ကြည့်နေတာလဲ။+ ၄  ကိုယ့်မျက်စိထဲမှာ သစ်သားချောင်း ခံနေလျက်နဲ့ ညီအစ်ကိုကို ‘မင်းရဲ့မျက်စိထဲက သစ်စလေး ထုတ်ပေးပါရစေ’ လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ၅  သူတော်ကောင်းယောင်ဆောင်သူတို့၊ ကိုယ့်မျက်စိထဲက သစ်သားချောင်းကို အရင်ထုတ်လိုက်ပါဦး။ ဒါမှ ရှင်းရှင်းလင်းလင်း မြင်ရပြီး ညီအစ်ကိုရဲ့မျက်စိက သစ်စလေးကို ထုတ်ပေးနိုင်မှာပေါ့။ ၆  “ခွေးကို မြင့်မြတ်တဲ့အရာတွေ မပေးပါနဲ့။ ဝက်ရှေ့မှာလည်း ပုလဲတွေ မချထားပါနဲ့။+ အဲဒါတွေကို နင်းချေပြီး ခင်ဗျားတို့ကို ပြန်ကိုက်လိမ့်မယ်။ ၇  “တောင်းမြဲတောင်းပါ၊  ရလိမ့်မယ်။+  ရှာမြဲရှာပါ၊  တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊  တံခါးပွင့်လာလိမ့်မယ်။+ ၈  တောင်းတဲ့သူတိုင်းရလိမ့်မယ်။+ ရှာတဲ့သူတိုင်း တွေ့လိမ့်မယ်။ ခေါက်တဲ့သူတိုင်းအတွက် တံခါးပွင့်လာလိမ့်မယ်။ ၉  ကိုယ့်ရဲ့သားက မုန့်ကိုတောင်းရင်  ကျောက်ခဲ ပေးမလား။ ၁၀  ငါးကိုတောင်းရင် မြွေပေးမလား။ ၁၁  ခင်ဗျားတို့ အပြစ်သားတွေတောင် ကိုယ့်သားသမီးကို  ကောင်းတာတွေ ပေးတတ်ရင် ခင်ဗျားတို့ရဲ့ ကောင်းကင်ဘုံစံ အဖဘုရားက တောင်းတဲ့သူတွေကို ကောင်းတဲ့အရာတွေ+ ပိုလို့တောင်ပေးမှာ မဟုတ်လား။+ ၁၂  “ဒါကြောင့် ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။+ ဒါဟာ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းရဲ့* အနှစ်ချုပ်ပဲ။+ ၁၃  “ကျဉ်းတဲ့တံခါးကနေ  ဝင်ကြပါ။+ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးဟာ ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတဲ့အတွက် ဝင်တဲ့သူတွေ များတယ်။ ၁၄  အသက်ရှင်ခြင်းကို  ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့သူတွေ နည်းတယ်။+ ၁၅  “သိုးရေခြုံပြီး  ဝင်လာတဲ့+ ပရောဖက်  အတုအယောင်တွေကို+ သတိထားပါ။ တကယ်တော့ သူတို့ဟာ ငမ်းငမ်းတက်ဖြစ်နေတဲ့ ဝံပုလွေတွေပဲ။+ ၁၆  သူတို့ရဲ့ အသီးကို* ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်။ ဆူးပင်ကနေ စပျစ်သီး ခူးလို့မှမရတာ။ ဆူးလေပင်ကနေ  သဖန်းသီး  ခူးလို့မှ  မရတာ။+ ၁၇  အလားတူပဲ၊ ကောင်းတဲ့အပင်ဟာ  ကောင်းတဲ့အသီး  သီးတတ်တယ်။  မကောင်းတဲ့အပင်ကတော့ မကောင်းတဲ့အသီးပဲ သီးတတ်တယ်။+ ၁၈  ကောင်းတဲ့အပင်ဟာ မကောင်းတဲ့အသီး မသီးဘူး။ မကောင်းတဲ့အပင်လည်း ကောင်းတဲ့အသီး မသီးဘူး။+ ၁၉  ကောင်းတဲ့အသီး မသီးရင် ခုတ်လှဲပြီး မီးထဲ ပစ်ချခံရတတ်တယ်။+ ၂၀  ဒါကြောင့် သူတို့ရဲ့အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်။+ ၂၁  “‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာစံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို  ဆောင်တဲ့သူပဲ  ဝင်ရလိမ့်မယ်။+ ၂၂  အဲဒီနေ့မှာ လူအများက ‘သခင်၊ သခင်၊+ ကျွန်တော်တို့ သခင့်နာမည်ကိုသုံးပြီး ပရောဖက်ပြုခဲ့တယ်၊ နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ အံ့ဖွယ်အမှုတွေကိုလည်း လုပ်ပြခဲ့တယ် မဟုတ်လား’+ ဆိုပြီး ပြောကြလိမ့်မယ်။ ၂၃  အဲဒီအခါ ကျွန်တော်က ‘တရားမဲ့သူတို့၊ မင်းတို့ကို ငါ လုံးဝမသိဘူး။ ငါ့ရှေ့က ထွက်သွားကြ’+ ဆိုပြီး သူတို့ကို ပြောမယ်။ ၂၄  “ဒါကြောင့် ကျွန်တော်ပြောနေတဲ့ ဒီစကားတွေကို ကြားပြီး လိုက်နာတဲ့သူဟာ  ကျောက်သားပေါ်မှာ အိမ်ဆောက်တဲ့  သတိပညာရှိသူနဲ့  တူတယ်။+ ၂၅  မိုးသဲသဲမဲမဲ ရွာလို့ ရေတွေတက်လာပြီး လေပြင်းတိုက်ခတ်တဲ့အခါ အဲဒီအိမ်ဟာ ကျောက်ဆောင်ပေါ်မှာ ဆောက်ထားတဲ့အတွက် မပြိုလဲဘူး။ ၂၆  ကျွန်တော်ပြောနေတဲ့ ဒီစကားတွေကို ကြားပေမဲ့ မလိုက်နာသူကတော့ သဲပေါ်မှာ အိမ်ဆောက်တဲ့ ဉာဏ်မရှိသူနဲ့ တူတယ်။+ ၂၇  မိုးသဲသဲမဲမဲ ရွာလို့ ရေတွေတက်လာပြီး လေပြင်းတိုက်ခတ်တဲ့အခါ+ အဲဒီအိမ် ပြိုလဲပြီး လုံးဝပျက်စီးသွားတယ်။” ၂၈  အဲဒီလို ပြောပြီးသွားတဲ့အခါ လူအုပ်က ယေရှုရဲ့သွန်သင်ပုံကို အံ့သြကြတယ်။+ ၂၉  ယေရှုက ကျမ်းတတ်တွေလို မဟုတ်ဘဲ ဘုရားပေး အခွင့်အာဏာရှိသူတစ်ယောက်လို သွန်သင်ပေးလို့ပဲ။+

အောက်ခြေမှတ်ချက်များ

‘ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်း’ ဆိုတာ ဟီဘရူးကျမ်းစောင်အားလုံးကို ရည်ညွှန်း။
လုပ်ရပ်ကိုဆိုလို။