ယာကုပ် ၅:၁-၂၀

  • ချမ်းသာသူတွေအတွက် သတိပေးချက် (၁-၆)

  • စိတ်ရှည်ရှည်နဲ့ ခံနိုင်ရည်ပြသူတွေကို ဘုရားသခင် ကောင်းချီးပေး (၇-၁၁)

  • ဟုတ်ရင် “ဟုတ်တယ်” လို့ပဲ ပြောပါ (၁၂)

  • ယုံကြည်ခြင်းနဲ့တောင်းတဲ့ဆု အစွမ်းထက် (၁၃-၁၈)

  • အပြစ်ကျူးလွန်သူကို ပြန်လှည့်လာဖို့ ကူညီ (၁၉၊ ၂၀)

 ချမ်းသာသူတို့၊ ကျွန်တော်ပြောတာ နားထောင်ပါ။ ကြုံရတော့မယ့် ဆင်းရဲဒုက္ခတွေကြောင့် ငိုကြွေးမြည်တမ်းကြပါ။+ ၂  ခင်ဗျားတို့ရဲ့ စည်းစိမ်ဥစ္စာတွေ ပုပ်ဆွေးပြီး အဝတ်တွေ ပိုးစားကုန်ပြီ။+ ၃  ရွှေငွေတွေ သံချေးတက်ကုန်ပြီ။  ခင်ဗျားတို့ရဲ့အသားကို စားပစ်မယ့် အဲဒီသံချေးက ခင်ဗျားတို့ရဲ့အမှားကို ဖော်ပြလိမ့်မယ်။ ခင်ဗျားတို့ စုဆောင်းထားတာတွေဟာ နောက်ဆုံးကာလမှာ  မီးနဲ့တူလိမ့်မယ်။+ ၄  လယ်ကွက်မှာ  ရိတ်သိမ်းတဲ့သူတွေကို ခင်ဗျားတို့ လုပ်ခမပေးတဲ့အတွက် အဲဒီလုပ်ခက အော်ဟစ်ငိုကြွေးနေတယ်။ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက*  ရိတ်သိမ်းသူတွေရဲ့  အော်ဟစ်အကူအညီတောင်းသံကို ကြားတယ်။+ ၅  ခင်ဗျားတို့က ဒီလောကမှာ စည်းစိမ်ခံပြီး အပျော်အပါး လိုက်စားနေတယ်။ အသတ်ခံရမယ့်နေ့အထိ စားသောက်ပြီး ဆူဖြိုးနေတဲ့ တိရစ္ဆာန်တွေနဲ့ တူနေတယ်။+ ၆  ဖြောင့်မတ်သူကို ခင်ဗျားတို့ အပြစ်စီရင်ပြီး ကွပ်မျက်တယ်။ ဒါကြောင့် သူက ခင်ဗျားတို့ကို ဆန့်ကျင်နေတာ။ ၇  ဒါကြောင့် ညီအစ်ကိုတို့၊ သခင်ရောက်ရှိနေချိန်အထိ+ စိတ်ရှည်ကြပါ။ လယ်သမားက  အဖိုးတန်တဲ့ မြေထွက်သီးနှံတွေ သီးပွင့်လာဖို့ မိုးဦးနဲ့ မိုးနှောင်းရွာမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်တတ်တယ်။+ ၈  အလားတူ၊ ခင်ဗျားတို့လည်း စိတ်ရှည်ကြပါ။+ စိတ်ဓာတ်ကြံ့ခိုင်ကြပါ။ သခင်ရောက်ရှိနေချိန် နီးပြီ။+ ၉  ညီအစ်ကိုတို့၊ အချင်းချင်း မကျေမချမ်း မပြောကြပါနဲ့။ ပြောရင် တရားစီရင်ခံရလိမ့်မယ်။+ တရားစီရင်တဲ့အရှင် တံခါးဝမှာ ရပ်နေတယ်။ ၁၀  ညီအစ်ကိုတို့၊ ယေဟောဝါရဲ့* နာမည်ကိုသုံးပြီး ဟောခဲ့တဲ့ ပရောဖက်တွေ+ ဆင်းရဲဒုက္ခခံခဲ့တာ၊+ စိတ်ရှည်ခဲ့တာကို+ နမူနာယူကြပါ။ ၁၁  ခံနိုင်ရည်ရှိသူတွေကို ပျော်ရွှင်ချမ်းမြေ့သူတွေလို့* ကျွန်တော်တို့ ယူမှတ်တယ်။+ ခင်ဗျားတို့က ယောဘရဲ့ခံနိုင်ရည်အကြောင်း+ ကြားဖူးသလို သူ့ကို ယေဟောဝါ* ကောင်းချီးပေးခဲ့တာကိုလည်း+ သိထားကြတာပဲ။ ယေဟောဝါဟာ* အလွန်ချစ်ခင်စာနာပြီး ကရုဏာကြီးတယ်။+ ၁၂  ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ကျိန်ဆိုတာတွေ မလုပ်ပါနဲ့တော့။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ တခြားအရာတစ်ခုခုကိုဖြစ်စေ တိုင်တည်ပြီး မကျိန်ဆိုပါနဲ့တော့။ တရားစီရင်မခံရအောင် ဟုတ်ရင် “ဟုတ်တယ်၊” မဟုတ်ရင် “မဟုတ်ဘူး” လို့ပဲ ပြောပါ။+ ၁၃  ခင်ဗျားတို့ထဲမှာ အခက်အခဲကြုံနေရသူ ရှိသလား။ ရှိရင် သူ မပြတ်ဆုတောင်းပါစေ။+ ပျော်ရွှင်နေတဲ့သူ ရှိသလား။ ရှိရင် ဆာလံသီချင်းတွေ သူသီဆိုပါစေ။+ ၁၄  ဖျားနာနေတဲ့သူ* ရှိသလား။ ရှိရင် အသင်းတော် အကြီးအကဲတွေကို သူခေါ်ပါစေ။+ အကြီးအကဲတွေက ယေဟောဝါရဲ့* နာမည်ကိုသုံးပြီး သူ့အတွက် ဆုတောင်းပေးမယ်၊ ဆီလိမ်းပေးလိမ့်မယ်။+ ၁၅  ယုံကြည်ခြင်းနဲ့တောင်းတဲ့ ဆုတောင်းချက်တွေဟာ လူနာကို* ကျန်းမာစေတယ်။ ယေဟောဝါက* သူ့ကို ထူမပေးလိမ့်မယ်၊ သူအပြစ်ကျူးလွန်ထားရင်လည်း ခွင့်လွှတ်ပေးလိမ့်မယ်။ ၁၆  ဒါကြောင့် အချင်းချင်း ကိုယ့်အပြစ်ကို  ဝန်ချတောင်းပန်ကြပါ။+ အချင်းချင်းအတွက် ဆုတောင်းပေးကြပါ။ ဒါမှ ခင်ဗျားတို့ ပြန်ကျန်းမာလာလိမ့်မယ်။ ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်။+ ၁၇  ဧလိယဟာ ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ မိုးမရွာပါစေနဲ့လို့ ထက်ထက်သန်သန် သူဆုတောင်းတဲ့အခါ သုံးနှစ်ခွဲတိတိ မိုးမရွာခဲ့ဘူး။+ ၁၈  သူ  ပြန်ဆုတောင်းလိုက်တော့ ကောင်းကင်ကနေ မိုးရွာချပြီး မြေသီးနှံတွေ ဖြစ်ထွန်းခဲ့တယ်။+ ၁၉  ညီအစ်ကိုတို့၊  တစ်ယောက်ယောက်က အမှန်တရားကနေ လမ်းလွဲသွားလို့  တခြားတစ်ယောက်က  သူ့ကို  ပြန်လှည့်လာစေတယ်ဆိုရင်၊ ၂၀  အပြစ်ကျူးလွန်သူကို မှားယွင်းတဲ့လမ်းစဉ်ကနေ  ပြန်လှည့်လာစေသူဟာ+ သူ့ကို သေခြင်းကနေ ကယ်တင်လိုက်တာဖြစ်ပြီး အဲဒီလူရဲ့ အပြစ်များစွာကို ဘုရားသခင် ခွင့်လွှတ်ပေးမယ်ဆိုတာ+ ခင်ဗျားတို့ သိထားကြပါ။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကောင်းချီးခံစားရသူတွေ။”
ယုံကြည်ခြင်း အားနည်းလာသူကို ဆိုလို။
“မောပန်းနေသူကို” လည်းဖြစ်နိုင်။