ယေဇကျေလ ၁၀:၁-၂၂
၁၀ ကျွန်တော်ကြည့်နေတုန်း ခေရုဗိမ်တွေရဲ့ ဦးခေါင်းအထက် မျက်နှာပြင်ကြီးပေါ်မှာ နီလာကျောက်လို၊ ရာဇပလ္လင်လို သဏ္ဌာန်တစ်ခု ပေါ်လာတာကို တွေ့တယ်။+
၂ ဘုရားသခင်က ချည်ထည်ဝတ်ဆင်ထားသူကို+ “ဘီးတွေကြား၊+ ခေရုဗိမ်တွေရဲ့အောက်ကို ဝင်ပါ။ ခေရုဗိမ်တွေကြားမှာရှိတဲ့ မီးကျီးခဲတွေကို လက်ခုပ်နဲ့ကျုံးပြီး+ မြို့ပေါ် ဖြန့်ကြဲပါ”+ လို့ပြောတယ်။ သူဝင်သွားတာကို ကျွန်တော် တွေ့ရတယ်။
၃ သူဝင်သွားတဲ့အခါ ခေရုဗိမ်တွေက အိမ်တော်ရဲ့ ညာဘက်မှာ ရပ်နေကြတယ်။ အတွင်းရင်ပြင်မှာ မိုးတိမ်တွေ ပြည့်သွားတယ်။
၄ ယေဟောဝါရဲ့ ဘုန်းအသရေက+ ခေရုဗိမ်တွေပေါ်ကနေ အိမ်တော်တံခါးခုံကို ရောက်လာတယ်။ အိမ်တော်မှာ မိုးတိမ်တွေ တဖြည်းဖြည်း ပြည့်သွားတယ်။+ ယေဟောဝါရဲ့ ဘုန်းအသရေကြောင့် ရင်ပြင်တစ်ခုလုံး ထွန်းတောက်နေတယ်။
၅ ခေရုဗိမ်တွေရဲ့ အတောင်ခတ်သံကို အပြင်ရင်ပြင်ကနေ ကြားရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ စကားသံလိုပဲ။+
၆ ဘုရားသခင်က ချည်ထည်ဝတ်ဆင်ထားသူကို “ဘီးတွေကြား၊ ခေရုဗိမ်တွေကြားက မီးကျီးခဲတွေကို ယူပါ” လို့အမိန့်ပေးတဲ့အခါ သူလည်း ဝင်သွားပြီး ဘီးရဲ့အနားမှာ ရပ်နေတယ်။
၇ အဲဒီအခါ ခေရုဗိမ်တစ်ပါးက ခေရုဗိမ်တွေကြားက မီးကျီးခဲတချို့ကို လှမ်းယူပြီး+ ချည်ထည်ဝတ်ဆင်ထားသူရဲ့ လက်ခုပ်ထဲ ထည့်ပေးလိုက်တယ်။+ သူလည်း အဲဒါတွေကို ယူပြီး ထွက်သွားတယ်။
၈ ခေရုဗိမ်တွေရဲ့ အတောင်အောက်မှာ လူ့လက်သဏ္ဌာန် ရှိနေတယ်။+
၉ ကျွန်တော်ကြည့်နေတုန်း ခေရုဗိမ်တွေရဲ့ အနားမှာ ဘီးလေးဘီး ရှိနေတာကို တွေ့တယ်။ ခေရုဗိမ် တစ်ပါးစီရဲ့ဘေးမှာ တစ်ဘီးစီ ရှိတယ်။ ဘီးတွေဟာ ပြောင်ခေါင်းစိမ်းလို တောက်ပနေတယ်။+
၁၀ လေးဘီးစလုံး တစ်ပုံစံတည်းပဲ။ ဘီးတွေရဲ့ပုံစံဟာ ဘီးတစ်ဘီးထဲမှာ နောက်တစ်ဘီးကို အလယ်ကနေ ကန့်လန့်ဖြတ်တပ်ထားတာနဲ့ တူတယ်။
၁၁ ဘီးတွေသွားတဲ့အခါ ကွေ့စရာမလိုဘဲ ဘယ်အရပ်မျက်နှာမဆို သွားနိုင်တယ်။ ကွေ့စရာမလိုဘဲ မျက်နှာမူထားရာဘက် သွားနိုင်တယ်။
၁၂ ခေရုဗိမ်တွေရဲ့ ကျော၊ လက်နဲ့ အတောင်တွေမှာ၊ တစ်ကိုယ်လုံးမှာ မျက်လုံးတွေအပြည့်ပဲ။ လေးပါးစလုံးရဲ့ဘေးနားက ဘီးတွေမှာလည်း မျက်လုံးတွေအပြည့်ပဲ။+
၁၃ “ဘီးတို့၊ စထွက်တော့” လို့အမိန့်ပေးတာကို ကျွန်တော်ကြားတယ်။
၁၄ ခေရုဗိမ်တစ်ပါးစီမှာ မျက်နှာလေးခု ရှိတယ်။ ခေရုဗိမ်မျက်နှာ၊ လူမျက်နှာ၊ ခြင်္သေ့မျက်နှာ၊ လင်းယုန်မျက်နှာ တို့ဖြစ်တယ်။+
၁၅ ခေရုဗိမ်တွေ တက်သွားတယ်။ သူတို့ဟာ ခေဗာမြစ်မှာ ကျွန်တော်တွေ့ခဲ့တဲ့ သတ္တဝါတွေပဲ။+
၁၆ ခေရုဗိမ်တွေသွားတဲ့အခါ ဘီးတွေ အတူလိုက်သွားတယ်။ ခေရုဗိမ်တွေ အတောင်ဖြန့်ပြီး မြေပေါ်က တက်သွားတဲ့အခါ ဘီးတွေလည်း ဘေးကနေ ထက်ကြပ်မကွာ လိုက်သွားတယ်။+
၁၇ သူတို့ရပ်တဲ့အခါ ဘီးတွေ လိုက်ရပ်တယ်။ သူတို့တက်သွားတဲ့အခါ ဘီးတွေလည်း အတူလိုက်တက်သွားတယ်။ သတ္တဝါတွေပေါ် သက်ရောက်နေတဲ့ စွမ်းအားတော်ဟာ ဘီးတွေပေါ်မှာလည်း သက်ရောက်နေလို့ပဲ။
၁၈ အဲဒီနောက် ယေဟောဝါရဲ့ ဘုန်းအသရေဟာ+ အိမ်တော်တံခါးခုံကနေ ထွက်ခွာပြီး ခေရုဗိမ်တို့အပေါ်မှာ တည်နေတယ်။+
၁၉ ကျွန်တော်ကြည့်နေတုန်း ခေရုဗိမ်တွေ အတောင်ဖြန့်ပြီး မြေပေါ်ကနေ တက်သွားတယ်။ သူတို့သွားတဲ့အခါ ဘီးတွေ အတူလိုက်သွားတယ်။ သူတို့က ယေဟောဝါအိမ်တော်ရဲ့ အရှေ့ဘက်တံခါးပေါက်မှာ ရပ်နေတယ်။ အစ္စရေးတို့ဘုရားသခင်ရဲ့ ဘုန်းအသရေ သူတို့အပေါ်မှာ ရှိနေတယ်။+
၂၀ သူတို့ဟာ ခေဗာမြစ်မှာ၊ အစ္စရေးတို့ဘုရားသခင်ရဲ့ ရာဇပလ္လင်အောက်မှာ ကျွန်တော်တွေ့ခဲ့တဲ့ သတ္တဝါတွေပဲ။+ ဒါကြောင့် သူတို့ဟာ ခေရုဗိမ်တွေမှန်း ကျွန်တော် သိလိုက်တယ်။
၂၁ လေးပါးစလုံးမှာ မျက်နှာလေးခု၊ အတောင်လေးခုစီ ရှိကြတယ်။ အတောင်အောက်မှာလည်း လူ့လက်သဏ္ဌာန် ရှိတယ်။+
၂၂ သူတို့မျက်နှာဟာ ခေဗာမြစ်နားမှာ ကျွန်တော်တွေ့ခဲ့တဲ့ မျက်နှာတွေနဲ့ တစ်ပုံစံတည်းပဲ။+ ရှေ့တည့်တည့်ကိုပဲ သူတို့သွားကြတယ်။+