ယေဇကျေလ ၁၁:၁-၂၅
၁၁ စွမ်းအားတော်က ကျွန်တော့်ကို ချီဆောင်ပြီး ယေဟောဝါအိမ်တော်ရဲ့ အရှေ့တံခါး၊ အရှေ့အရပ်ဘက် မျက်နှာမူထားတဲ့ တံခါးဆီ ခေါ်သွားတယ်။+ တံခါးပေါက်မှာ လူ ၂၅ ယောက် ရှိနေတယ်။ သူတို့အလယ်မှာ မင်းညီမင်းသား အာဇုရရဲ့သား ယာဇညာနဲ့ ဗေနာယရဲ့သား ပေလတိကို ကျွန်တော် တွေ့တယ်။+
၂ အဲဒီနောက် ဘုရားသခင် ပြောတာက– “လူသား၊ ဒီလူတွေဟာ မကောင်းကြံနေသူတွေ၊ မြို့သားတွေကို မကောင်းတဲ့အကြံဉာဏ် ပေးနေသူတွေပဲ။
၃ သူတို့က ‘အခုအချိန်ဟာ အိမ်ဆောက်ရမယ့် အချိန်ပဲလေ။+ ဒီမြို့ဟာ* ဟင်းအိုး၊+ ကျုပ်တို့ဟာ အိုးထဲက အသားတွေပေါ့’ လို့ပြောနေကြတယ်။
၄ “ဒါကြောင့် သူတို့နဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။ လူသား၊ ပရောဖက်ပြုပါ။”+
၅ အဲဒီနောက် ယေဟောဝါရဲ့ စွမ်းအားတော် ကျွန်တော့်အပေါ် သက်ရောက်လာပြီး+ “မင်းပြောလိုက်ပါ။ ‘ယေဟောဝါ ပြောတာက “အစ္စရေးအမျိုး၊ မင်းတို့ပြောတာ မှန်တယ်။ မင်းတို့ ဘာတွေတွေးနေမှန်း ငါသိတယ်။
၆ မင်းတို့ကြောင့် ဒီမြို့မှာ လူအများကြီး သေဆုံးရတယ်။ လမ်းတွေမှာ လူသေတွေ ပြည့်နေတယ်”’”+ လို့ပြောတယ်။
၇ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘ဒီမြို့ဟာ ဟင်းအိုး၊ မြို့ထဲမှာ မင်းတို့ဖြန့်ကြဲထားတဲ့ လူသေတွေဟာ အသားတွေပဲ။+ ဒါပေမဲ့ ဒီမြို့ထဲကနေ မင်းတို့ ဆွဲထုတ်ခံရလိမ့်မယ်။’”
၈ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘ကြောက်စရာဓားဘေးကို+ မင်းတို့အပေါ် ငါကျရောက်စေမယ်။
၉ မင်းတို့ကို ဒီမြို့ထဲကနေ ဆွဲထုတ်ပြီး တိုင်းတစ်ပါးသားတို့လက်ထဲ အပ်မယ်။ မင်းတို့ကို ငါတရားစီရင်မယ်။+
၁၀ ဓားဘေးကြောင့် မင်းတို့ ကျဆုံးလိမ့်မယ်။+ အစ္စရေးနယ်စပ်မှာ မင်းတို့ကို ငါတရားစီရင်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။+
၁၁ ဒီမြို့ဟာ မင်းတို့အတွက် ဟင်းအိုးဖြစ်မှာ မဟုတ်ဘူး။ မင်းတို့လည်း အိုးထဲကအသားဖြစ်မှာ မဟုတ်ဘူး။ အစ္စရေးနယ်စပ်မှာ မင်းတို့ကို ငါတရားစီရင်မယ်။
၁၂ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။ ငါ့စည်းမျဉ်းတွေအတိုင်း မင်းတို့ မလိုက်လျှောက်ကြဘူး။ ငါ့တရားစီရင်ချက်တွေအတိုင်း မလုပ်ဆောင်ကြဘူး။+ ပတ်ဝန်းကျင်လူမျိုးတွေရဲ့ တရားစီရင်ချက်တွေအတိုင်းပဲ လုပ်ဆောင်ကြတယ်။’”+
၁၃ ကျွန်တော် ပရောဖက်ပြုပြီးတာနဲ့ ဗေနာယရဲ့သား ပေလတိ သေဆုံးသွားတယ်။ ကျွန်တော်လည်း ပျပ်ဝပ်ပြီး “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ အစ္စရေးအကြွင်းအကျန်တွေကို အစတုံးဖျက်ဆီးတော့မှာလား”+ လို့ ပြောလိုက်တယ်။
၁၄ ယေဟောဝါက ကျွန်တော့်ကို ဆက်ပြောတယ်–
၁၅ “လူသား၊ ဂျေရုဆလင်မြို့သားတွေက ‘ယေဟောဝါဘုရားနဲ့ ဝေးဝေးနေပါ။ ဒီပြည်ဟာ ငါတို့ပြည်ပဲ။ ဒီပြည်ကို ငါတို့ အပိုင်ရထားတယ်’ ဆိုပြီး မင်းရဲ့ ညီအစ်ကိုတွေ၊ ပြန်ဝယ်ယူခွင့်ရှိတဲ့ ဆွေမျိုးသားချင်းတွေ၊ အစ္စရေးတစ်မျိုးလုံးကို ပြောနေကြတယ်။
၁၆ ဒါကြောင့် ‘“သူတို့ကို ဝေးလံတဲ့လူမျိုးခြားတွေဆီ ငါနှင်ထုတ်မယ်။ တိုင်းပြည်အရပ်ရပ် ကွဲလွင့်စေမယ်။+ ဒါပေမဲ့ သူတို့ရောက်သွားတဲ့ တိုင်းပြည်တွေမှာ ငါဟာ သူတို့အတွက် တစ်ခဏတော့ သန့်ရှင်းရာဌာနတော် ဖြစ်လာမယ်။”+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ’ ဆိုပြီး ပြောပါ။
၁၇ “မင်းပြောရမှာက– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– “မင်းတို့ကို လူမျိုးခြားတွေဆီကနေ၊ ကွဲလွင့်ရာပြည်တွေကနေ ငါပြန်စုသိမ်းမယ်။ အစ္စရေးမြေကို မင်းတို့ကို ပေးမယ်။+
၁၈ သူတို့ ပြန်လာပြီး တိုင်းပြည်မှာရှိတဲ့ ရွံမုန်းစရာတွေ၊ ရွံစရာအကျင့်တွေကို ဖယ်ရှားလိမ့်မယ်။+
၁၉ အဲဒီနောက် သူတို့ကို စည်းလုံးညီညွတ်စေမယ်။+ သူတို့အထဲမှာ စိတ်သဘောသစ်ကို သွင်းပေးမယ်။+ သူတို့ဆီမှာရှိတဲ့ ကျောက်သားနှလုံးကို ဖယ်ရှားပြီး+ အသွေးအသားနှလုံး* ပေးမယ်။+
၂၀ ဒါမှ သူတို့က ငါ့ဥပဒေတွေအတိုင်း လိုက်လျှောက်နိုင်မယ်။ ငါ့တရားစီရင်ချက်တွေကို စောင့်ထိန်းပြီး လိုက်နာနိုင်မယ်။ အဲဒီအခါ သူတို့ဟာ ငါ့လူတွေဖြစ်မယ်။ ငါလည်း သူတို့ရဲ့ဘုရားသခင် ဖြစ်မယ်။”’
၂၁ “‘“ဒါပေမဲ့ ရွံမုန်းစရာတွေ၊ ရွံစရာအကျင့်တွေ ဆက်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေကိုတော့ သူတို့လမ်းစဉ်ရဲ့ အကျိုးဆက်ကို ပြန်ခံစေမယ်။” ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။’”
၂၂ အဲဒီနောက် ခေရုဗိမ်တွေအတောင်ဖြန့်ပြီး တက်သွားတယ်။ ဘီးတွေလည်း ဘေးကနေ လိုက်သွားတယ်။+ အစ္စရေးတို့ ဘုရားသခင်ရဲ့ ဘုန်းအသရေဟာ သူတို့အပေါ်မှာ ရှိနေတယ်။+
၂၃ ယေဟောဝါရဲ့ ဘုန်းအသရေဟာ+ မြို့ထဲကနေ တက်သွားပြီး မြို့အရှေ့ဘက် တောင်ပေါ်မှာ ရပ်သွားတယ်။+
၂၄ ဘုရားသခင်ရဲ့ စွမ်းအားတော်ကြောင့် မြင်ရတဲ့ စိတ်အာရုံမှာ စွမ်းအားတော်က ကျွန်တော့်ကို ချီဆောင်ပြီး ခါလဒဲပြည်မှာရှိတဲ့ ပြည်နှင်ခံတွေဆီ ပြန်ခေါ်လာတယ်။ အဲဒီနောက် ကျွန်တော်မြင်ရတဲ့ စိတ်အာရုံ ကွယ်ပျောက်သွားတယ်။
၂၅ ကျွန်တော်လည်း ယေဟောဝါ ပြခဲ့တာတွေကို ပြည်နှင်ခံတွေဆီ ပြောပြလိုက်တယ်။