ယေဇကျေလ ၁၄:၁-၂၃

  • ရုပ်တုကိုးကွယ်သူတွေကို ပြစ်တင်ရှုတ်ချ (၁-၁၁)

  • ဂျေရုဆလင် ပြစ်ဒဏ်ကနေ မလွတ်နိုင် (၁၂-၂၃)

    • ဖြောင့်မတ်တဲ့ နောဧ၊ ဒံယေလ၊ ယောဘ (၁၄၂၀)

၁၄  အစ္စရေးအကြီးအကဲတချို့ ကျွန်တော့်ရှေ့မှာ လာထိုင်တယ်။+ ၂  အဲဒီအခါ ယေဟောဝါက ကျွန်တော့်ကိုပြောတယ်– ၃  “လူသား၊ ဒီလူတွေဟာ ရွံမုန်းဖွယ်ရုပ်တုတွေနောက်* လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားတယ်။ ဒါကြောင့် သူတို့ လာမေးတိုင်း ငါဖြေရမှာလား။+ ၄  သူတို့ကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အစ္စရေးတစ်ယောက်က ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီး လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားလျက်နဲ့ ပရောဖက်ဆီ လာမေးမြန်းတယ်ဆိုရင် ငါယေဟောဝါက သူ့ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေ များရင်များသလောက် ခံထိုက်တဲ့ပြစ်ဒဏ်ပေးမယ်။ ၅  ငါ့ကိုစွန့်ခွာပြီး ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်တဲ့အတွက် အစ္စရေးအမျိုးကို ကြောက်စိတ်ဝင်စေမယ်။”’+ ၆  “အစ္စရေးအမျိုးကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ရွံမုန်းဖွယ်ရုပ်တုတွေကို စွန့်ပြီး ပြန်လာကြပါ။ ရွံစရာအကျင့်တွေကို ကျောခိုင်းကြ။+ ၇  အစ္စရေးဖြစ်စေ၊ အစ္စရေးပြည်မှာနေထိုင်တဲ့ တိုင်းတစ်ပါးသားဖြစ်စေ ငါ့ကိုစွန့်ခွာပြီး ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားလျက်နဲ့၊ လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားလျက်နဲ့ ငါ့ပရောဖက်ဆီ လာမေးမြန်းတယ်ဆိုရင်+ ငါယေဟောဝါကိုယ်တိုင် သူ့ကိုပြန်ဖြေမယ်။ ၈  သူ့ကို ငါငြင်းပယ်မယ်။ သတိပေးပုံနမူနာနဲ့ ဆိုရိုးစကားဖွဲ့စရာ ဖြစ်စေမယ်။ ငါ့လူတွေထဲကနေ သူ့ကို ပယ်ရှင်းမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။”’ ၉  “‘ဒါပေမဲ့ ပရောဖက်ဟာ လှည့်စားခံရပြီး ဟောတယ်ဆိုရင် အဲဒီပရောဖက်ကို လှည့်စားသူဟာ ငါယေဟောဝါပဲ။+ လက်ကိုဆန့်ပြီး ငါ့လူမျိုး အစ္စရေးတွေထဲကနေ သူ့ကို ပယ်ရှင်းမယ်။ ၁၀  မေးမြန်းသူရဲ့အပြစ်ဟာ ပရောဖက်ရဲ့အပြစ်နဲ့ အတူတူပဲ။ အပြစ်ရဲ့ အကျိုးဆက်ကို သူတို့ခံရမယ်။ ၁၁  ဒါမှ အစ္စရေးအမျိုးက ငါ့ဆီကနေ လမ်းလွဲတော့မှာ မဟုတ်ဘူး။ အပြစ်ကျူးလွန်ပြီး ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတော့မှာ မဟုတ်ဘူး။ သူတို့ဟာ ငါ့လူတွေဖြစ်မယ်။ ငါကလည်း သူတို့ရဲ့ ဘုရားသခင်ဖြစ်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။” ၁၂  ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၃  “လူသား၊ တိုင်းပြည်တစ်ပြည်ဟာ ငါ့အပေါ် သစ္စာမဲ့ပြီး ပြစ်မှားတယ်ဆိုရင် ငါ့လက်ကိုဆန့်ပြီး တိုင်းပြည်ရဲ့ စားနပ်ရိက္ခာကို* ဖျက်ဆီးမယ်။+ အငတ်ဘေး ကျရောက်စေပြီး+ လူနဲ့တိရစ္ဆာန်တွေကို ပယ်ရှင်းမယ်။”+ ၁၄  “‘အဲဒီပြည်မှာ နောဧ၊+ ဒံယေလ၊+ ယောဘတို့+ ရှိနေရင်တောင် သူတို့ဟာ ကိုယ့်ဖြောင့်မတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။” ၁၅  “‘ငါက ကြမ်းကြုတ်တဲ့သားရဲတွေ လွှတ်ပြီး ကိုက်သတ်စေတဲ့အတွက် တိုင်းပြည်မှာ လူဦးရေ လျော့နည်းသွားမယ်၊ ဖြတ်သန်းသွားလာသူ မရှိတဲ့အထိ လွင်တီးခေါင် ဖြစ်သွားမယ် ဆိုပါစို့။+ ၁၆  အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ အဲဒီလူသုံးယောက် ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။ တိုင်းပြည်ဟာ လူသူကင်းမဲ့သွားလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။” ၁၇  “‘ငါက “တိုင်းပြည်မှာ ဓားဘေးသင့်စေ”+ လို့ပြောပြီး ဓားဘေးကျရောက်စေတဲ့အတွက် လူနဲ့တိရစ္ဆာန်တွေ သေဆုံးကုန်တယ် ဆိုပါစို့။+ ၁၈  အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ အဲဒီလူသုံးယောက် ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။” ၁၉  “‘ငါက တိုင်းပြည်မှာ ကပ်ရောဂါဘေး ကျရောက်စေမယ်၊+ လူနဲ့တိရစ္ဆာန်တွေ သေကျေပျက်စီးသွားအောင် ငါ့ဒေါသကို သွန်းလောင်းမယ် ဆိုပါစို့။ ၂၀  အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ နောဧ၊+ ဒံယေလ၊+ ယောဘတို့+ ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဖြောင့်မတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။” ၂၁  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါက ဂျေရုဆလင်မြို့ကနေ လူနဲ့တိရစ္ဆာန်တွေကို ပယ်ရှင်းဖို့+ ဓားဘေး၊ အငတ်ဘေး၊ ကြမ်းကြုတ်တဲ့ သားရဲဘေးနဲ့ ကပ်ရောဂါဘေးဆိုတဲ့+ ပြစ်ဒဏ်လေးမျိုးကို+ စေလွှတ်တဲ့အခါ အဲဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ်။ ၂၂  ဒါပေမဲ့ လူတချို့က သားသမီးတွေနဲ့အတူ လွတ်မြောက်ပြီး ခေါ်ထုတ်ခံရလိမ့်မယ်။+ မင်းတို့ဆီ ရောက်လာကြလိမ့်မယ်။ သူတို့ရဲ့လမ်းစဉ်တွေ၊ အကျင့်တွေကို မင်းတို့သိလာတဲ့အခါ ဂျေရုဆလင်မြို့အပေါ် ငါလုပ်ခဲ့တာ၊ ဘေးဆိုး ကျရောက်စေခဲ့တာနဲ့ပတ်သက်ပြီး မင်းတို့ ဖြေသာကြလိမ့်မယ်။’” ၂၃  “‘သူတို့ရဲ့ လမ်းစဉ်တွေ၊ အကျင့်တွေကို မင်းတို့သိလာတဲ့အခါ ဖြေသာကြလိမ့်မယ်။ ဂျေရုဆလင်မြို့ကို ငါဒဏ်ခတ်ခဲ့တာဟာ အကြောင်းမဲ့ မဟုတ်မှန်း မင်းတို့ သိရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

အောက်ခြေမှတ်ချက်များ

မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်။
မူရင်း၊ “မုန့်ချိတ်တံ။” မုန့်ကိုလျှိုပြီး သိမ်းဆည်းတဲ့ တုတ်တံ။