ယေဇကျေလ ၁၉:၁-၁၄
-
အစ္စရေးခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ ငိုချင်း (၁-၁၄)
၁၉ “အစ္စရေးခေါင်းဆောင်တွေအကြောင်း မင်း ငိုချင်းဖွဲ့ပြီး၊
၂ ပြောလိုက်ပါ–
‘မင်းတို့ရဲ့မိခင်ဟာ ဘယ်သူလဲ။ ခြင်္သေ့တွေအလယ်က ခြင်္သေ့မပဲ။
ခြင်္သေ့ပျိုတွေအလယ်မှာ လဲလျောင်းပြီး သားငယ်တွေကို ကျွေးမွေးစောင့်ရှောက်တယ်။
၃ “‘ဒီလိုနဲ့ သားငယ်တစ်ကောင်ဟာ ခြင်္သေ့ပျိုဖြစ်လာတယ်။+
သားကောင်တွေကို ကိုက်ဆွဲတတ်လာတယ်။
လူတွေကိုတောင် ကိုက်စားတတ်လာတယ်။
၄ လူမျိုးတွေက သူ့အကြောင်း ကြားတဲ့အခါ သူ့ကို တွင်းထဲမှာ ဖမ်းချုပ်ကြတယ်။
ချိတ်တွေနဲ့ ချိတ်ပြီး အီဂျစ်ပြည်ကို ဖမ်းခေါ်သွားတယ်။+
၅ “‘ခြင်္သေ့မဟာ မျှော်နေလည်းပဲ သူ့သား ပြန်မလာနိုင်တော့မှန်း သိသွားတယ်။
ဒါနဲ့ နောက်သားငယ်တစ်ကောင်ကို ခြင်္သေ့ပျိုဖြစ်လာတဲ့အထိ ကျွေးမွေးစောင့်ရှောက်တယ်။
၆ အဲဒီသားငယ်က ခြင်္သေ့တွေအလယ်မှာ သွားလာရင်း ခြင်္သေ့ပျိုဖြစ်လာတယ်။
သားကောင်တွေကို ကိုက်ဆွဲတတ်လာတယ်။ လူတွေကိုတောင် ကိုက်စားတတ်လာတယ်။+
၇ ခံတပ်မျှော်စင်တွေမှာ လှည့်လည်ကျက်စားပြီး မြို့တွေကို ဖျက်ဆီးတယ်။
လူသူကင်းမဲ့တဲ့ပြည်မှာ သူ့ရဲ့ဟိန်းသံ ညံနေတယ်။+
၈ အဲဒီအခါ ပတ်ဝန်းကျင်လူမျိုးတွေ ရောက်လာပြီး သူ့ကို ပိုက်ကွန်နဲ့ ဖမ်းတယ်။
ထောင်ချောက်တွင်းထဲ မိသွားတယ်။
၉ သူ့ကို ချိတ်တွေနဲ့ ချိတ်၊ လှောင်အိမ်ထဲ ထည့်ပြီး ဗာဗုလုန်ဘုရင်ဆီ ခေါ်သွားတယ်။
အဲဒီမှာ ချုပ်နှောင်ထားတဲ့အတွက် အစ္စရေးတောင်တန်းတွေပေါ်မှာ သူ့ရဲ့ဟိန်းသံ မကြားရတော့ဘူး။
၁၀ “‘မင်းတို့ရဲ့မိခင်ဟာ ရေစပ်နားက စပျစ်ပင်နဲ့ တူတယ်။*+
ရေဝတဲ့အတွက် အသီးသီးပြီး အကိုင်းအခက် ဝေဆာနေတယ်။
၁၁ အကိုင်းအခက် ခိုင်မာတဲ့အတွက် ရာဇလှံတံလုပ်လို့တောင် ရတယ်။
အပင်တကာထက် ကြီးထွား မြင့်မားလာတယ်။
မြင့်မားတာရယ်၊ အခက်အလက် ဝေဆာတာရယ်ကြောင့် ထင်းခနဲ ဖြစ်နေတယ်။
၁၂ ဒါပေမဲ့ အပင်ဟာ ဒေါသတကြီး ဆွဲနုတ်ခံရပြီး+ မြေပေါ် ပစ်ချခံရတယ်။
အရှေ့လေကြောင့် အသီးတွေ ခြောက်ကုန်တယ်။
ခိုင်မာတဲ့အကိုင်းတွေ ကျိုးပြီး ခြောက်သွားတယ်။+ မီးလောင်သွားတယ်။+
၁၃ အခုတော့ သူဟာ တောကန္တာရမှာ၊
ရေမရှိ၊ သွေ့ခြောက်နေရာမှာ စိုက်ထားခံရတယ်။+
၁၄ အကိုင်းအခက်ကနေ ကူးလာတဲ့ မီးဟာ အညွန့်တွေ၊ အသီးတွေကို လောင်ကျွမ်းတယ်။
ရာဇလှံတံလုပ်ဖို့ ခိုင်မာတဲ့ အကိုင်းတစ်ကိုင်းတောင် မကျန်တော့ဘူး။+
“‘ဒါဟာ ငိုချင်းတစ်ပုဒ်ပဲ။ ငိုချင်းလို သီဆိုရလိမ့်မယ်။’”
အောက်ခြေမှတ်ချက်များ
^ “မင်းတို့ရဲ့ စပျစ်ခြံထဲက စပျစ်ပင်နဲ့တူတယ်” လည်းဖြစ်နိုင်။