ယေဇကျေလ ၂၀:၁-၄၉

  • ပုန်ကန်တဲ့အစ္စရေးတွေရဲ့ သမိုင်းကြောင်း (၁-၃၂)

  • အစ္စရေးတွေ ပြန်လည်ထူထောင်မယ့် ကတိ (၃၃-၄၄)

  • တောင်အရပ်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၄၅-၄၉)

၂၀  ခုနစ်နှစ်မြောက်၊ ငါးလပိုင်း၊ ဆယ်ရက်နေ့မှာ အစ္စရေးအကြီးအကဲတချို့ ရောက်လာပြီး ယေဟောဝါကို မေးမြန်းဖို့ ကျွန်တော့်ရှေ့မှာ ထိုင်တယ်။ ၂  အဲဒီအခါ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၃  “လူသား၊ အစ္စရေးအကြီးအကဲတွေကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “ငါ့ကိုမေးမြန်းဖို့ ရောက်လာကြတာလား။ ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းတို့မေးတာကို ငါမဖြေဘူး။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”’ ၄  “လူသား၊ သူတို့ကို တရားစီရင်ဖို့ အသင့်ဖြစ်ပြီလား။ သူတို့ကို တရားစီရင်ဖို့ အသင့်ဖြစ်ပြီလား။ သူတို့ဘိုးဘေးတွေ လုပ်ခဲ့တဲ့ ရွံစရာအကျင့်တွေကို ပြောပြလိုက်။+ ၅  သူတို့ကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ငါက အစ္စရေးကို ရွေးချယ်တဲ့နေ့မှာ+ ယာကုပ်ရဲ့ မျိုးနွယ်ကိုလည်း ကျိန်ဆိုခဲ့တယ်။ ငါ ဘယ်သူလဲဆိုတာ သူတို့ကို အီဂျစ်ပြည်မှာ အသိပေးခဲ့တယ်။+ ‘ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ’ ဆိုပြီး သူတို့ကို ကျိန်ဆိုခဲ့တယ်။ ၆  သူတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ပြီး ငါရွေးချယ်ထားတဲ့ပြည်၊ နို့နဲ့ပျားရည်စီးတဲ့ပြည်ဆီ ပို့ဆောင်ပေးမယ်လို့ အဲဒီနေ့မှာ ကျိန်ဆိုခဲ့တယ်။+ အဲဒီပြည်ဟာ အလှဆုံးတိုင်းပြည်ပဲ။ ၇  ‘မင်းတို့ အခုလုပ်နေတဲ့ ရွံစရာအကျင့်တွေကို စွန့်ပစ်လိုက်ပါ။ အီဂျစ်ပြည်ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေနဲ့* ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေနဲ့။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ’+ ဆိုပြီး သူတို့ကို ငါပြောခဲ့တယ်။ ၈  “‘“ဒါပေမဲ့ သူတို့ ငါ့ကို ပုန်ကန်တယ်။ ငါ့စကား နားမထောင်ဘူး။ ရွံစရာအကျင့်တွေကို မစွန့်လွှတ်ကြဘူး။ အီဂျစ်ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေကိုလည်း မစွန့်ပစ်ဘူး။+ ဒါကြောင့် ငါ့ဒေါသကို သူတို့အပေါ် သွန်းလောင်းမယ်၊ အီဂျစ်ပြည်မှာ ငါ့ဒေါသကို သူတို့အပေါ် အကုန်အစင် ဖွင့်ချမယ်လို့ ငါပြောခဲ့တယ်။ ၉  သူတို့နေထိုင်တဲ့ လူမျိုးခြားတွေရှေ့မှာ ငါ့နာမည် ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်အောင် ငါလုပ်ဆောင်ခဲ့တယ်။+ အီဂျစ်ပြည်ကနေ သူတို့ကိုခေါ်ထုတ်လာချိန်မှာ ငါဘယ်သူဖြစ်မှန်း လူမျိုးခြားတွေကို အသိပေးခဲ့တယ်။+ ၁၀  သူတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီး တောကန္တာရထဲမှာ ဦးဆောင်ခဲ့တယ်။+ ၁၁  “‘“ငါ့ဥပဒေတွေကို ပေးပြီး ငါ့တရားစီရင်ချက်တွေကို အသိပေးခဲ့တယ်။+ အဲဒါတွေကို လိုက်လျှောက်ရင် အသက်ရှင်နိုင်မယ်။+ ၁၂  ငါယေဟောဝါဟာ သူတို့ကို သန့်ရှင်းမြင့်မြတ်စေတဲ့အရှင် ဖြစ်မှန်း သိနိုင်ဖို့ သူတို့နဲ့ ငါ့ကြားမှာ အထိမ်းအမှတ်အဖြစ်+ ဥပုသ်နေ့တွေကိုလည်း ပေးခဲ့တယ်။+ ၁၃  “‘“ဒါပေမဲ့ အစ္စရေးအမျိုးဟာ တောကန္တာရမှာ ငါ့ကိုပုန်ကန်တယ်။+ ငါ့ဥပဒေတွေအတိုင်း မလိုက်လျှောက်ဘူး။ ငါ့တရားစီရင်ချက်တွေကို ငြင်းပယ်တယ်။ အဲဒါတွေကိုသာ လိုက်လျှောက်ရင် အသက်ရှင်နိုင်မှာ။ သူတို့က ဥပုသ်နေ့တွေကို ကမ်းကုန်အောင် ညစ်ညူးစေတယ်။ ဒါကြောင့် တောကန္တာရမှာ ငါ့ဒေါသကို သွန်းလောင်းပြီး သူတို့ကို ဖျက်ဆီးမယ်လို့ ပြောခဲ့တယ်။+ ၁၄  သူတို့ကို ငါခေါ်ထုတ်လာတာကို မြင်ခဲ့တဲ့ လူမျိုးခြားတွေရှေ့မှာ ငါ့နာမည် ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်အောင် ငါလုပ်ဆောင်ခဲ့တယ်။+ ၁၅  အလှဆုံးတိုင်းပြည်၊ နို့နဲ့ပျားရည်စီးတဲ့ပြည်၊+ သူတို့ကိုပေးခဲ့တဲ့ပြည်ဆီ မပို့ဆောင်တော့ဘူးလို့ တောကန္တာရမှာ ငါကျိန်ဆိုခဲ့တယ်။+ ၁၆  သူတို့က ငါ့တရားစီရင်ချက်တွေကို ငြင်းပယ်ပြီး ငါ့ဥပဒေတွေအတိုင်း မလိုက်လျှောက်ဘူး။ ဥပုသ်နေ့တွေကို ညစ်ညူးစေတယ်။ ရွံမုန်းဖွယ်ရုပ်တုတွေနောက် စိတ်ပါသွားကြတယ်။+ ၁၇  “‘“ဒါပေမဲ့ သူတို့ကိုငါသနားပြီး မဖျက်ဆီးခဲ့ဘူး။ တောကန္တာရမှာအကုန်အစင် မဖျက်ဆီးခဲ့ဘူး။ ၁၈  တောကန္တာရမှာ သူတို့ရဲ့သားတွေကို+ ‘ဘိုးဘေးတွေရဲ့ စည်းမျဉ်းအတိုင်း မလိုက်လျှောက်ကြနဲ့။+ သူတို့ရဲ့ တရားစီရင်ချက်တွေကို မလိုက်နာကြနဲ့။ ရွံမုန်းဖွယ်ရုပ်တုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေကြနဲ့။ ၁၉  ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။ ငါ့ဥပဒေတွေအတိုင်း လိုက်လျှောက်ကြ။ ငါ့တရားစီရင်ချက်တွေကို လိုက်နာစောင့်ထိန်းကြ။+ ၂၀  ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းကြပါ။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲဆိုတာ သိနိုင်ဖို့ ဥပုသ်နေ့က မင်းတို့နဲ့ ငါ့ကြားမှာ အထိမ်းအမှတ်အဖြစ် ရှိနေလိမ့်မယ်’+ လို့ ပြောခဲ့တယ်။ ၂၁  “‘“ဒါပေမဲ့ သူတို့ရဲ့သားတွေက ငါ့ကို ပုန်ကန်တယ်။+ ငါ့ဥပဒေတွေအတိုင်း မလိုက်လျှောက်ကြဘူး။ ငါ့တရားစီရင်တွေကို မစောင့်ထိန်း၊ မလိုက်နာကြဘူး။ တကယ်လို့ အဲဒါတွေကို လိုက်လျှောက်ရင် အသက်ရှင်နိုင်မှာ။ ဥပုသ်နေ့တွေကို ညစ်ညူးစေကြတယ်။ ဒါကြောင့် ငါ့ဒေါသကို သူတို့အပေါ် သွန်းလောင်းမယ်၊ တောကန္တာရမှာ ငါ့ဒေါသကို သူတို့အပေါ် အကုန်အစင်ဖွင့်ချမယ်လို့ ငါပြောခဲ့တယ်။+ ၂၂  ဒါပေမဲ့ သူတို့ကို ငါခေါ်ထုတ်လာတာကို မြင်ခဲ့တဲ့ လူမျိုးခြားတွေရှေ့မှာ ငါ့နာမည် ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်အောင်+ စိတ်ချုပ်တည်းပြီး+ လုပ်ဆောင်ခဲ့တယ်။ ၂၃  သူတို့ကို လူမျိုးခြားတွေအလယ်မှာ ငါကွဲလွင့်စေပြီး တိုင်းပြည်တွေအလယ်မှာ တကွဲတပြား ဖြစ်စေမယ်လို့လည်း တောကန္တာရမှာ ကျိန်ဆိုခဲ့တယ်။+ ၂၄  ငါ့တရားစီရင်ချက်တွေကို သူတို့ မလိုက်နာကြဘူး။ ငါ့ဥပဒေတွေကို ငြင်းပယ်ပြီး+ ဥပုသ်နေ့တွေကို ညစ်ညူးစေကြတယ်။ ဘိုးဘေးတို့ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်ကြတယ်။+ ၂၅  ဒါကြောင့် သူတို့ကို မကောင်းတဲ့ စည်းမျဉ်းတွေ၊ အသက်မပေးနိုင်တဲ့ တရားစီရင်ချက်တွေနောက် လိုက်ဖို့ ငါခွင့်ပြုလိုက်တယ်။+ ၂၆  သားဦးတွေ မီးရှို့ပူဇော်ပြီး+ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတာကိုလည်း ငါခွင့်ပြုလိုက်တယ်။ ဒါမှ သူတို့ကို ငါဖျက်ဆီးနိုင်မယ်။ အဲဒီအခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။”’ ၂၇  “ဒါကြောင့် လူသား၊ အစ္စရေးတွေကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက– “မင်းတို့ဘိုးဘေးတွေဟာ ဒီနည်းနဲ့ ငါ့ကို သစ္စာမဲ့ပြီး စော်ကားပြောဆိုခဲ့ကြတယ်။ ၂၈  ငါပေးမယ်လို့ ကျိန်ဆိုထားတဲ့ပြည်ထဲ သူတို့ကို ခေါ်လာတယ်။+ သူတို့က တောင်ကုန်းတွေ၊ စိမ်းလန်းတဲ့ သစ်ပင်တွေကို+ မြင်တဲ့အခါ အလှူတွေ၊ ပူဇော်သက္ကာတွေ ဆက်သပြီး ငါ့ကိုစိတ်ဆိုးစေတယ်။ ယဇ်ကောင်တွေကို မွှေးကြိုင်တဲ့ ရနံ့ထွက်အောင် ပူဇော်ပြီး သွန်းလောင်းရာအလှူတွေ ဆက်သတယ်။ ၂၉  ဒါကြောင့် ‘အဲဒီအထွတ်အမြတ်နေရာဆီ ဘာရည်ရွယ်ချက်နဲ့ သွားနေကြတာလဲ’ ဆိုပြီး ငါမေးခဲ့တယ်။ (ဒီနေ့အထိ အဲဒီနေရာကို အထွတ်အမြတ်နေရာလို့ ခေါ်ကြတယ်။)”’+ ၃၀  “ဒါကြောင့် အစ္စရေးအမျိုးကို ပြောပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းတို့လည်း ဘိုးဘေးတွေလိုပဲ ငါ့ကို သစ္စာဖောက်ချင်လို့* ရုပ်တုတွေနောက် လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေကြတာလား။+ ၃၁  အို၊ အစ္စရေးအမျိုး၊ ကိုယ့်သားတွေကို မီးရှို့ပြီး ရွံမုန်းဖွယ်ရုပ်တုတွေဆီ ပူဇော်ရင်း အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတုန်းပဲလား။+ ဒါနဲ့တောင် မင်းတို့မေးတာကို ငါဖြေနေရမှာလား။”’+ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းတို့မေးတာကို ငါမဖြေဘူး။+ ၃၂  “ငါတို့လည်း သစ်သားတွေ၊ ကျောက်တုံးတွေ ကိုးကွယ်တဲ့ လူမျိုးခြားလို၊ တိုင်းတစ်ပါးသားတွေလို လုပ်ကြရအောင်”+ ဆိုပြီး ကြံစည်ထားတဲ့အတိုင်း ဘယ်တော့မှ ဖြစ်မလာဘူး။’” ၃၃  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့လက်ရုံး၊ ပြင်းထန်တဲ့ဒေါသနဲ့ မင်းတို့ကို အုပ်စိုးမယ်။+ ၃၄  အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့လက်ရုံး၊ ပြင်းထန်တဲ့ဒေါသနဲ့ လူမျိုးခြားတွေအလယ်ကနေ မင်းတို့ကို ခေါ်ထုတ်ပြီး တကွဲတပြား ရောက်နေတဲ့ တိုင်းပြည်တွေကနေ ပြန်စုသိမ်းမယ်။+ ၃၅  လူမျိုးခြားတွေရဲ့ တောကန္တာရထဲ မင်းတို့ကို ခေါ်ဆောင်လာပြီး ငါကိုယ်တိုင် တရားစီရင်မယ်။+ ၃၆  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အီဂျစ်တောကန္တာရမှာ မင်းတို့ရဲ့ ဘိုးဘေးတွေကို ငါတရားစီရင်ခဲ့သလို မင်းတို့ကိုလည်း တရားစီရင်မယ်။ ၃၇  မင်းတို့ကို သိုးထိန်းရဲ့ တောင်ဝှေးအောက်+ ဖြတ်သွားစေပြီး ပဋိညာဉ်မှာပါတဲ့ တာဝန်တွေကို လိုက်နာစေမယ်။ ၃၈  ငါ့ကိုပုန်ကန်သူတွေ၊ ပြစ်မှားသူတွေကိုတော့ မင်းတို့ထဲကနေ ဖယ်ရှားမယ်။+ တိုင်းတစ်ပါးသားအဖြစ် နေထိုင်တဲ့ပြည်ကနေ သူတို့ကို ခေါ်ထုတ်လာခဲ့ပေမဲ့ အစ္စရေးပြည်ထဲ ဝင်ခွင့်ရမှာ မဟုတ်ဘူး။+ ငါဟာ ယေဟောဝါဖြစ်မှန်း မင်းတို့ သိရကြလိမ့်မယ်။’ ၃၉  “အစ္စရေးအမျိုး၊ ‘သွားကြ။ ရွံမုန်းဖွယ်ရုပ်တုတွေကို ဝတ်ပြုကြ။+ ငါ့စကား နားမထောင်တဲ့အတွက် မင်းတို့ကို ငါစွန့်ပစ်မယ်။ နောက်နောင် မင်းတို့ရဲ့ ပူဇော်သက္ကာတွေ၊ ရွံမုန်းဖွယ်ရုပ်တုတွေကြောင့် သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ၄၀  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါ့ရဲ့သန့်ရှင်းရာတောင်၊ အစ္စရေးရဲ့ မြင့်မားတဲ့တောင်ပေါ်မှာ+ အစ္စရေးတစ်မျိုးလုံး ငါ့ကို ဝတ်ပြုကြလိမ့်မယ်။+ အဲဒီမှာ သူတို့ကို ငါနှစ်သက်လက်ခံမယ်။ အလှူတွေ၊ သီးဦးသီးဖျားအလှူတွေ၊ သန့်ရှင်းတဲ့အရာတွေကို ငါတောင်းဆိုမယ်။+ ၄၁  ငါက မင်းတို့ကို လူမျိုးခြားတွေဆီကနေ ခေါ်ထုတ်ပြီး တကွဲတပြား ရောက်နေတဲ့ ပြည်တွေကနေ ပြန်စုသိမ်းတဲ့အခါ+ မင်းတို့ပူဇော်တဲ့ မွှေးကြိုင်တဲ့ရနံ့ကြောင့် မင်းတို့ကို နှစ်သက်လက်ခံမယ်။ ငါဟာ မင်းတို့အလယ်မှာ သန့်ရှင်းမြင့်မြတ်တဲ့အရှင် ဖြစ်မှန်း လူမျိုးတွေ မြင်ရလိမ့်မယ်။’+ ၄၂  “‘ဘိုးဘေးတွေကို ပေးမယ်လို့ ငါကျိန်ဆိုခဲ့တဲ့ပြည်၊ အစ္စရေးပြည်ထဲ မင်းတို့ကို ခေါ်ဆောင်လာတဲ့အခါ+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။+ ၄၃  ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေခဲ့တဲ့ အကျင့်တွေ၊ လုပ်ရပ်တွေကို အဲဒီမှာ ပြန်သတိရလိမ့်မယ်။+ ပြီးတော့ လုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံမုန်းကြလိမ့်မယ်။+ ၄၄  အစ္စရေးအမျိုး၊ မင်းတို့ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ပျက်လုပ်ရပ်တွေနဲ့အညီ မင်းတို့ကို မဆက်ဆံဘဲ ငါ့နာမည်ကိုထောက်ပြီး ဆက်ဆံတဲ့အခါ+ ငါဟာ ယေဟောဝါဖြစ်မှန်း သိရကြလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။” ၄၅  ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၄၆  “လူသား၊ တောင်အရပ်ဘက် မျက်နှာမူပြီး တောင်အရပ်ကို ကြေညာပါ။ တောင်ဘက် သစ်တောနဲ့ပတ်သက်ပြီး ပရောဖက်ပြုပါ။ ၄၇  တောင်ဘက်သစ်တောကို ပြောလိုက်– ‘ယေဟောဝါရဲ့စကားကို နားထောင်ပါ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “မင်းကို ငါမီးရှို့မယ်။+ သစ်ပင် အစိမ်းရော အခြောက်ပါမကျန် မီးလောင်လိမ့်မယ်။ အဲဒီမီး ငြိမ်းမှာမဟုတ်ဘူး။+ တောင်ကနေ မြောက်အထိ လူအားလုံး မီးဟပ်ခံရလိမ့်မယ်။ ၄၈  ယေဟောဝါကိုယ်တိုင် မီးရှို့တဲ့အတွက် မီးငြိမ်းသွားမှာ မဟုတ်မှန်း+ လူအားလုံး သိရလိမ့်မယ်။”’” ၄၉  အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ သူတို့က ‘ဒီလူ စကားထာ ဝှက်နေတာပဲ’ ဆိုပြီး ကျွန်တော့်ကို ပြောနေကြတယ်” လို့ပြောလိုက်တယ်။

အောက်ခြေမှတ်ချက်များ

မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်။
မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။