ယေဇကျေလ ၂၇:၁-၃၆
-
တိုင်ရာသင်္ဘော နစ်မြုပ်လို့ ငိုချင်းချ (၁-၃၆)
၂၇ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်–
၂ “လူသား၊ တိုင်ရာမြို့အတွက် ငိုချင်းတစ်ပုဒ်ဆိုပါ–+
၃ “‘ပင်လယ်တံခါးမှာနေထိုင်တဲ့သူ၊ကျွန်းသူကျွန်းသား အများကြီးနဲ့ ကုန်သွယ်တဲ့သူ၊အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက“တိုင်ရာမြို့၊ ‘ငါ့အလှဟာ ပြစ်မျိုးမှဲ့မထင်ပဲ’ လို့ မင်းပြောတယ်။+
၄ မင်းရဲ့နယ်မြေတွေက ပင်လယ်ဗဟိုမှာ ရှိတယ်။
မင်းရဲ့ဗိသုကာတွေက မင်းအလှကို ပြီးပြည့်စုံစေတယ်။
၅ မင်းရဲ့ သင်္ဘောပျဉ်ချပ်တွေကို စိနဲတောင်က ဂျူနီပါထင်းရှူးသားနဲ့ လုပ်တယ်။+
ရွက်တိုင်တွေကို လက်ဘနွန်ပြည်က သစ်ကတိုးသားနဲ့ လုပ်တယ်။
၆ လှော်တက်တွေကို ဗာရှန်ပြည်က ဝက်သစ်ချသားနဲ့ လုပ်တယ်။
သင်္ဘောဦးပိုင်းကို ခိတိမ်ကျွန်းကရတဲ့+ ဆိုက်ပရပ်ထင်းရှူးသားနဲ့ လုပ်ပြီး ဆင်စွယ်နဲ့ မွမ်းမံတယ်။
၇ သင်္ဘောရွက်ထည်တွေကို အီဂျစ်ပြည်ထွက် ရောင်စုံချည်ထည်နဲ့ လုပ်ထားတယ်။
ကုန်းပတ်ရဲ့ အမိုးအကာတွေကို ဧလိရှကျွန်းထွက်+ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေးတွေနဲ့ လုပ်ထားတယ်။
၈ တက်ခတ်သမားတွေဟာ ဆိုင်ဒုန်မြို့သားတွေ၊ အာဝဒ်ကျွန်းသားတွေပဲ။+
တိုင်ရာမြို့၊ မင်းရဲ့သင်္ဘောသားတွေဟာ သမ္ဘာရင့်တွေပဲ။+
၉ သင်္ဘောပြုပြင်ဖာထေးသူတွေဟာ+ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ ဂေဗလမြို့သားတွေပဲ။+
ပင်လယ်ကူးသင်္ဘောတွေနဲ့ သင်္ဘောသားတွေဟာ မင်းဆီလာပြီး ကုန်စည်တွေ ရောင်းဝယ်ဖောက်ကားကြတယ်။
၁၀ ပါးရှား၊ လုဒိမ်နဲ့ ဖုတပြည်သားတွေဟာ+ မင်းရဲ့တပ်မှာ အမှုထမ်းတဲ့စစ်သည်တွေပဲ။
သူတို့က ဒိုင်းလွှားတွေ၊ သံခမောက်တွေကို မင်းဆီမှာ ချိတ်ဆွဲထားကြတယ်။ မင်းကို ဂုဏ်သရေတိုးစေတယ်။
၁၁ မင်းရဲ့တပ်မှာ အမှုထမ်းတဲ့ အာဝဒ်ကျွန်းသားတွေဟာ မြို့ရိုးပတ်လည်မှာ စခန်းချကြတယ်။
သတ္တိရှိသူတွေက မင်းရဲ့မျှော်စင်တွေကို စောင့်ကြပ်ပေးကြတယ်။
ဒိုင်းဝိုင်းတွေကို မြို့ရိုးပတ်လည်မှာ ချိတ်ဆွဲထားကြတယ်။
သူတို့ကြောင့် မင်းရဲ့အလှ ပြီးပြည့်စုံနေတယ်။
၁၂ “‘“တာရှိပြည်ဟာ+ ကျိကျိတက်ချမ်းသာတဲ့ မင်းနဲ့ အရောင်းအဝယ်လုပ်တယ်။+ မင်းရဲ့ကုန်စည်တွေကို ငွေ၊ သံ၊ ခဲမဖြူ၊ ခဲတွေနဲ့ လဲလှယ်ကြတယ်။+
၁၃ ယာဝန်၊ တုဗလနဲ့+ မာရှက်လူတွေက+ မင်းနဲ့ကုန်သွယ်ကြတယ်။ မင်းရဲ့ကုန်စည်တွေကို ကျွန်တွေ၊ ကြေးထည်တွေနဲ့ လဲလှယ်ကြတယ်။+
၁၄ တောဂါမလူတွေက+ မင်းရဲ့ကုန်စည်တွေကို မြင်း၊ စစ်မြင်း၊ လားတွေနဲ့ လဲလှယ်ကြတယ်။
၁၅ ဒေဒန်လူတွေက+ မင်းနဲ့ကုန်သွယ်ကြတယ်။ ကျွန်းများစွာက ကုန်သည်တွေကို မင်း အလုပ်ပေးတယ်။ သူတို့က ဆင်စွယ်တွေ၊+ အနက်ရောင်သစ်တွေကို ဆက်ကြေးအဖြစ် ပေးကြတယ်။
၁၆ မင်းရဲ့ထွက်ကုန် များလွန်းလို့ ဧဒုံက မင်းနဲ့အရောင်းအဝယ်လုပ်တယ်။ မင်းရဲ့ကုန်စည်တွေကို စိမ်းပြာကျောက်၊ ခရမ်းရောင်သိုးမွေး၊ ရောင်စုံပန်းထိုးထည်၊ ပိတ်ချောထည်၊ သန္တာကျောက်၊ ပတ္တမြားတွေနဲ့ လဲလှယ်ကြတယ်။
၁၇ “‘“ယုဒနဲ့အစ္စရေးပြည်က မင်းနဲ့ကုန်သွယ်တယ်။ မင်းရဲ့ကုန်စည်တွေကို မိနိတ်မြို့ထွက် ဂျုံ၊+ အကောင်းဆုံးအစားအစာ၊ ပျားရည်၊+ ဆီ၊ ဗာလစံဆီနဲ့+ လဲလှယ်ကြတယ်။+
၁၈ “‘“မင်းဟာ ကျိကျိတက်ချမ်းသာပြီး ထွက်ကုန်များလွန်းလို့ ဒမတ်စကတ်မြို့က+ မင်းနဲ့အရောင်းအဝယ်လုပ်တယ်။ ဟေလဗုန်စပျစ်ဝိုင်တွေ၊ ဇေဟာသိုးမွေးတွေနဲ့* ကုန်သွယ်တယ်။
၁၉ ဥဇလအရပ်မှာရှိတဲ့ ဝေဒန်နဲ့ယာဝန်လူတွေက မင်းရဲ့ကုန်စည်တွေကို သံ၊ ကရဝေး၊ ကြံမွှေးတွေနဲ့ လဲလှယ်ကြတယ်။
၂၀ ဒေဒန်မြို့သားတွေက+ မင်းရဲ့ကုန်စည်တွေကို မြင်းကုန်းနှီးပိတ်စတွေနဲ့ လဲလှယ်ကြတယ်။
၂၁ သိုးသငယ်၊ သိုးထီး၊ ဆိတ်ထီးတွေကို ရောင်းဝယ်တဲ့+ အာရပ်တွေ၊ ကေဒါခေါင်းဆောင်တွေကို+ မင်းအလုပ်ပေးတယ်။
၂၂ ရှေဘနဲ့ ယာဂမပြည်ရဲ့ ကုန်သည်တွေက+ မင်းနဲ့ကုန်သွယ်တယ်။ မင်းရဲ့ကုန်စည်တွေကို အကောင်းစား ရေမွှေးမျိုးစုံ၊ ကျောက်မျက်ရတနာတွေ၊ ရွှေတွေနဲ့ လဲလှယ်တယ်။+
၂၃ ခါရန်မြို့သား၊+ ကန်နေအရပ်သား၊ ဧဒင်အရပ်သားနဲ့+ ရှေဘပြည်၊+ အာရှုရမြို့၊+ ခိလမဒ်အရပ်က ကုန်သည်တွေဟာ မင်းနဲ့ကုန်သွယ်ကြတယ်။
၂၄ သူတို့ဟာ မင်းရဲ့စျေးတွေမှာ လှပတဲ့အထည်၊ ရောင်စုံပန်းထိုးထားတဲ့ အပြာရောင်ဝတ်ရုံ၊ ရောင်စုံကော်ဇော၊ ခိုင်ခိုင်ကျစ်ထားတဲ့ ကြိုးတွေကို ရောင်းဝယ်ကြတယ်။
၂၅ တာရှိသင်္ဘောတွေက+ မင်းရဲ့ကုန်စည်တွေကို သယ်ယူပို့ဆောင်တယ်။
ဒါကြောင့် မင်းက ပင်လယ်အလယ်မှာ ကြွယ်ဝပြည့်စုံပြီး ကုန်စည်တွေ တနင့်တပိုးဖြစ်နေတယ်။*
၂၆ တက်ခတ်သမားတွေက မင်းကို လှိုင်းထန်တဲ့ပင်လယ်ထဲ ခေါ်လာတယ်။
မင်းဟာ အရှေ့လေကြောင့် ပင်လယ်အလယ်မှာ ပျက်စီးသွားပြီ။
၂၇ မင်းရဲ့စည်းစိမ်၊ ကုန်စည်၊ ရောင်းကုန်၊ သင်္ဘောသား၊သင်္ဘောပြုပြင်ဖာထေးသူ၊ ရောင်းဝယ်ဖောက်ကားသူ၊+
စစ်သည်စတဲ့+ မင်းဆီက လူတွေအားလုံးဟာမင်းပြိုလဲတဲ့နေ့ ရောက်တဲ့အခါ ပင်လယ်အလယ်မှာ နစ်မြုပ်သွားကြလိမ့်မယ်။+
၂၈ သင်္ဘောသားတွေရဲ့ အော်ဟစ်သံကြောင့် ကမ်းရိုးတန်းဒေသတွေ တုန်လှုပ်သွားလိမ့်မယ်။
၂၉ တက်ခတ်သမားတွေ၊ သင်္ဘောသားတွေဟာသင်္ဘောကို စွန့်ပြီး ကုန်းပေါ်တက်ကြလိမ့်မယ်။
၃၀ မင်းအတွက် ရှိုက်ကြီးတငင် အော်ငိုကြလိမ့်မယ်။+
မြေမှုန့်ကို ခေါင်းပေါ်တင်ပြီး ပြာထဲမှာ လူးလှိမ့်နေလိမ့်မယ်။
၃၁ ခေါင်းတုံးတုံးပြီး အထည်ကြမ်း ဝတ်ကြလိမ့်မယ်။
ချုံးပွဲချငိုပြီး အကြီးအကျယ် မြည်တမ်းကြလိမ့်မယ်။
၃၂ သူတို့ ငိုကြွေးမြည်တမ်းပြီး ငိုချင်းချလိမ့်မယ်–
‘တိုင်ရာမြို့လို ပင်လယ်အလယ်မှာ ဆိတ်ငြိမ်နေတဲ့မြို့ ရှိလို့လား။+
၃၃ ပင်လယ်ကနေ မင်းရဲ့ကုန်စည်တွေ ရောက်လာတဲ့အခါ လူတွေ ကျေနပ်ခဲ့ကြတယ်။+
မင်းရဲ့များပြားလှတဲ့ စည်းစိမ်တွေ၊ ကုန်စည်တွေကြောင့် ဘုရင်တွေ ကြွယ်ဝခဲ့ကြတာ။+
၃၄ အခုတော့ မင်းဟာ ပင်လယ်ထဲမှာ၊ နက်ရှိုင်းတဲ့ ရေထုထဲမှာ ပျက်စီးသွားပြီ။+
မင်းရဲ့ကုန်စည်နဲ့ လူတွေလည်း နစ်မြုပ်သွားပြီ။+
၃၅ ကျွန်းသူကျွန်းသားတွေက မင်းကို အံ့သြတကြီး စိုက်ကြည့်နေတယ်။+
ဘုရင်တွေလည်း ကြောက်အားလန့်အားနဲ့+ မျက်နှာပျက် နေတယ်။
၃၆ တခြားကုန်သည်တွေက မင်းရဲ့အဖြစ်ကို ကြည့်ပြီး လှောင်ပြောင်ကြလိမ့်မယ်။*
မင်းရဲ့ဇာတ်သိမ်းဟာ မထင်မှတ်ဘဲ ဆိုးဆိုးရွားရွား ရောက်လာလိမ့်မယ်။
ထာဝရ ကွယ်ပျောက်သွားလိမ့်မယ်။’”’”+