ယေဇကျေလ ၃:၁-၂၇

  • ဘုရားပေးတဲ့စာလိပ်ကို ယေဇကျေလ စား (၁-၁၅)

  • ယေဇကျေလ ကင်းစောင့်တာဝန်ရ (၁၆-၂၇)

    • တာဝန်ပေါ့လျော့ရင် အပြစ်မကင်း (၁၈-၂၁)

၃  အဲဒီနောက် သူက “လူသား၊ မင်းရှေ့က စာလိပ်ကို စားလိုက်ပါ။ စားပြီးရင် အစ္စရေးအမျိုးကို သွားပြောပါ”+ လို့ ကျွန်တော့်ကို ပြောတယ်။ ၂  ဒါနဲ့ ကျွန်တော် ပါးစပ်ဟလိုက်တဲ့အခါ သူ အဲဒီစာလိပ်ကို ကျွေးတယ်။ ၃  ပြီးတော့ “လူသား၊ ငါပေးတဲ့ စာလိပ်ကို စားပြီး ဗိုက်ဖြည့်ပါ” လို့ ပြောတယ်။ ကျွန်တော်လည်း စာလိပ်ကို စားလိုက်တဲ့အခါ ပါးစပ်ထဲမှာ ပျားရည်လို ချိုတယ်။+ ၄  သူဆက်ပြောတာက “လူသား၊ အစ္စရေးအမျိုးဆီ သွားပြီး ငါပြောခိုင်းတာကို ပြောပြလိုက်ပါ။ ၅  မင်း နားမလည်တဲ့စကား၊ မင်း မသိတဲ့စကားကို ပြောတဲ့လူတွေဆီ စေလွှတ်တာ မဟုတ်ဘူး။ အစ္စရေးအမျိုးဆီ မင်းကို စေလွှတ်နေတာ။ ၆  မင်း နားမလည်တဲ့စကား၊ မင်း မသိတဲ့စကားကိုပြောတဲ့ လူတွေဆီ စေလွှတ်တာ မဟုတ်ဘူး။ အကယ်၍ သူတို့ဆီ စေလွှတ်ခဲ့ရင် မင်းပြောတာကို သူတို့နားထောင်လိမ့်မယ်။+ ၇  အစ္စရေးအမျိုးကတော့ ငါ့စကားကို နားမထောင်တဲ့အတွက် မင်းပြောတာကိုလည်း နားထောင်မှာ မဟုတ်ဘူး။+ အစ္စရေးတစ်မျိုးလုံးဟာ ခေါင်းမာပြီး အကြင်နာကင်းမဲ့ကြတယ်။+ ၈  ဒါကြောင့် မင်းရဲ့မျက်နှာထားကို သူတို့ရဲ့မျက်နှာထားလို ငါမာကျောစေမယ်။ မင်းရဲ့နဖူးကိုလည်း သူတို့ရဲ့နဖူးလိုမာကျောစေမယ်။+ ၉  မင်းရဲ့နဖူးကို စိန်လို မာအောင်၊ မီးခတ်ကျောက်ထက် မာအောင် ငါလုပ်မယ်။+ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးဖြစ်လို့ သူတို့ကို မကြောက်နဲ့။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နဲ့။”+ ၁၀  “လူသား၊ ငါပြောသမျှကို နားထောင်ပြီး နှလုံးသွင်းပါ။ ၁၁  ပြည်နှင်ခံရတဲ့ အမျိုးသားချင်းတွေဆီ သွားပါ။+ သူတို့ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောခိုင်းတဲ့စကားပဲ ဆိုပြီး သူတို့ကိုပြောပါ”+ လို့ သူဆက်ပြောတယ်။ ၁၂  အဲဒီနောက် စွမ်းအားတော်က ကျွန်တော့်ကို ချီမသွားတဲ့အခါ+ “ယေဟောဝါရဲ့ ဘုန်းအသရေကို စံမြန်းရာနေရာမှာ ချီးမွမ်းကြပါစေ” ဆိုတဲ့ အသံကြီး ကျွန်တော့်နောက်ကနေ ထွက်ပေါ်လာတာကို ကြားရတယ်။ ၁၃  သတ္တဝါတွေရဲ့အတောင်ချင်း ရိုက်ခတ်သံ၊+ သူတို့ဘေးနားက ဘီးတွေရဲ့အသံ၊+ မြည်ဟည်းသံတွေ ထွက်ပေါ်နေတယ်။ ၁၄  စွမ်းအားတော်က ကျွန်တော့်ကို ချီမပြီး ခေါ်ဆောင်သွားတယ်။ ကျွန်တော်လည်း နာကြည်းစိတ်၊ ဒေါသစိတ်နဲ့ လိုက်ပါသွားတယ်။ ယေဟောဝါရဲ့လက်တော် ကျွန်တော့်အပေါ် အားအင်အပြည့်နဲ့ သက်ရောက်နေတယ်။ ၁၅  ဒါနဲ့ ကျွန်တော်လည်း ခေဗာမြစ်နားက+ တေလဗိဗမြို့မှာရှိတဲ့ ပြည်နှင်ခံတွေဆီ သွားပြီး သူတို့နဲ့အတူ နေထိုင်တယ်။ အဲဒီမှာနေပြီး ခုနစ်ရက်လုံး မိန်းမောတွေဝေနေတယ်။+ ၁၆  ခုနစ်ရက်စေ့သွားတဲ့အခါ ယေဟောဝါရဲ့ စကားတော် ကျွန်တော့်ဆီ ရောက်လာတယ်– ၁၇  “လူသား၊ မင်းကို အစ္စရေးအမျိုးအတွက် ကင်းစောင့်ခန့်လိုက်ပြီ။+ ငါပြောတာကို မင်း ကြားတဲ့အခါ အဲဒီအတိုင်း သူတို့ကို သတိပေးရမယ်။+ ၁၈  ‘မင်း သေကိုသေရလိမ့်မယ်’ လို့ လူဆိုးကို ငါပြောပေမဲ့ သူ့ကို မင်း သတိမပေးဘူး၊ မကောင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်လာပြီး အသက်ဆက်ရှင်နိုင်အောင် သတိမပေးဘူးဆိုရင်+ သူဟာ ဆိုးညစ်တဲ့အတွက် သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။+ ဒါပေမဲ့ သူ့သွေးကို မင်းဆီကနေ ငါပြန်တောင်းမယ်။*+ ၁၉  အကယ်၍ သတိပေးပေမဲ့ လူဆိုးဟာ မကောင်းမှုကို မစွန့်ဘူး၊ မကောင်းတဲ့လမ်းစဉ်ကနေ ပြန်လှည့်မလာဘူးဆိုရင် သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။ မင်းကတော့ အသက်ချမ်းသာ ရလိမ့်မယ်။+ ၂၀  ဖြောင့်မတ်သူဟာ မှန်ရာကိုစွန့်ပြီး မကောင်းတာလုပ်တယ်ဆိုရင် သူ့ရှေ့မှာ ဆူးငြောင့်ခလုတ်ကို ငါချထားမယ်။ သူသေရလိမ့်မယ်။+ မင်း သတိမပေးဘူးဆိုရင် သူ့အပြစ်နဲ့သူ သေရလိမ့်မယ်။ သူ့ရဲ့ ဖြောင့်မှန်တဲ့လုပ်ရပ်တွေကို ငါ သတိရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့သွေးကို မင်းဆီကနေ ငါပြန်တောင်းမယ်။*+ ၂၁  အကယ်၍ ဖြောင့်မတ်သူကို အပြစ်မလုပ်ဖို့ မင်း သတိပေးတဲ့အတွက် သူ အပြစ်မလုပ်ဘူးဆိုရင် ကျိန်းသေ အသက်ဆက်ရှင်လိမ့်မယ်။+ မင်းလည်း အသက်ချမ်းသာရမယ်။” ၂၂  အဲဒီမှာ ကျွန်တော့်အပေါ် ယေဟောဝါရဲ့လက်တော် ရောက်လာပြီး “အခု၊ ချိုင့်ဝှမ်းလွင်ပြင်ဆီ သွားပါ။ အဲဒီမှာ မင်းကို ငါပြောစရာရှိတယ်” လို့ ပြောတယ်။ ၂၃  ဒါနဲ့ ကျွန်တော်လည်း ချိုင့်ဝှမ်းလွင်ပြင်ဆီ သွားတယ်။ အဲဒီမှာ ယေဟောဝါရဲ့ဘုန်းအသရေ တည်ရှိနေတယ်။+ ခေဗာမြစ်နားမှာ တွေ့ခဲ့ရတဲ့ ဘုန်းအသရေလိုမျိုးပဲ။+ အဲဒါကို မြင်တဲ့အခါ ကျွန်တော် ပျပ်ဝပ်လိုက်တယ်။ ၂၄  အဲဒီအခါ စွမ်းအားတော် သက်ရောက်လာပြီး ကျွန်တော့်ကို မတ်တတ်ရပ်စေတယ်။+ ပြီးတော့ ဘုရားသခင် မှာတာက– “သွားပြီး အိမ်ထဲမှာပဲ နေပါ။ ၂၅  လူသား၊ မင်းကို မသွားလာနိုင်အောင် ကြိုးတွေနဲ့ ချည်ထားကြမယ်။ ၂၆  ငါက မင်းရဲ့လျှာကို အာခေါင်မှာ ကပ်စေမှာဖြစ်လို့ မင်း ဆွံ့အသွားမယ်။ သူတို့ကို ပဲ့ပြင်ပေးနိုင်တော့မှာ မဟုတ်ဘူး။ သူတို့ဟာ ပုန်ကန်တတ်တဲ့အမျိုးပဲ။ ၂၇  မင်းကို ငါစကားပြောတဲ့အခါမှာတော့ မင်းရဲ့နှုတ်ကို ဖွင့်ပေးမယ်။ ‘ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောခိုင်းတဲ့စကားပဲ’ ဆိုပြီး သူတို့ကို ပြောရမယ်။+ နားထောင်ချင်တဲ့သူ နားထောင်ပါစေ၊+ နားမထောင်ချင်တဲ့သူလည်း နားမထောင်ဘဲ နေပါစေ။ သူတို့ဟာ ပုန်ကန်တတ်တဲ့ အမျိုးပဲ။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “သူသေရတာ မင်းမှာ တာဝန်ရှိတယ်။”
ဒါမှမဟုတ်၊ “သူသေရတာ မင်းမှာ တာဝန်ရှိတယ်။”