ယေဇကျေလ ၃၅:၁-၁၅

  • စိရတောင်တန်းအတွက် ပရောဖက်ပြုချက် (၁-၁၅)

၃၅  ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂  “လူသား၊ စိရတောင်တန်းဒေသဘက် မျက်နှာမူပါ။+ သူပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။+ ၃  သူ့ကို ပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အို စိရတောင်တန်းဒေသ၊ မင်းကို ငါတိုက်ခိုက်မယ်။ ငါ့လက်ကိုဆန့်ပြီး ဒဏ်ခတ်မယ်။ မင်းကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်စေမယ်။+ ၄  မင်းရဲ့မြို့တွေကို ပြိုပျက်စေမယ်။ မင်းဟာ လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်သွားလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။ ၅  မင်းက အစ္စရေးတွေ ဒုက္ခရောက်ချိန်မှာ၊ အပြီးသတ်ဒဏ်ခတ်ခံရချိန်မှာ သူတို့ကို ရန်ငြိုးမပြေနိုင်ဘဲ+ ဓားဘေးလက်ထဲ အပ်ခဲ့လို့ပဲ။”’+ ၆  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းအတွက် သေမင်းကို ငါအသင့်ပြင်ထားမှာဖြစ်လို့ မင်းနောက် တကောက်ကောက် လိုက်လိမ့်မယ်။+ မင်းက ကိုယ်မုန်းတဲ့သူတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ကိုယ်တိုင်လည်း သေမင်းလက်ကနေ လွတ်မှာ မဟုတ်ဘူး။+ ၇  ငါက စိရတောင်တန်းဒေသကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်စေမယ်။+ အဲဒီနေရာကို ဖြတ်သန်းသွားလာသူ၊ ပြန်လာသူတွေကို ပယ်ရှင်းမယ်။ ၈  မင်းရဲ့တောင်တန်းတွေကို လူသေတွေနဲ့ ပြည့်စေမယ်။ ဓားနဲ့ ကွပ်မျက်ခံရသူတွေဟာ မင်းရဲ့တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေ၊ စမ်းချောင်းတွေမှာ လဲကျနေလိမ့်မယ်။ ၉  မင်းကို ထာဝရ လူသူကင်းမဲ့စေမယ်။ မင်းရဲ့မြို့တွေမှာ နေထိုင်သူရှိမှာ မဟုတ်ဘူး။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းသိရလိမ့်မယ်။’ ၁၀  “ငါယေဟောဝါကိုယ်တိုင် အဲဒီမှာရှိနေလျက်နဲ့ မင်းက ‘ဒီလူမျိုးနှစ်မျိုးနဲ့ ဒီတိုင်းပြည်နှစ်ပြည်ဟာ ငါ့ဥစ္စာပဲ။ အဲဒါတွေကို ငါပိုင်ဆိုင်ရလိမ့်မယ်’+ လို့ပြောခဲ့တယ်။ ၁၁  ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ မင်းက သူတို့ကို မလိုမုန်းတီးစိတ်နဲ့ ဒေါသထွက်ခဲ့သလို ငါလည်း မင်းကို အဲဒီအတိုင်း လုပ်မယ်။+ မင်းကို တရားစီရင်တဲ့အခါ ငါဘယ်သူလဲဆိုတာ သူတို့သိသွားအောင် လုပ်မယ်။ ၁၂  “သူတို့ ပျက်စီးသွားပြီ။ ငါတို့ဝါးမျိုစရာ ဖြစ်သွားပြီ” လို့ အစ္စရေးတောင်တန်းတွေကို စော်ကားပြီး မင်းပြောခဲ့တဲ့ စကားတွေကို ငါယေဟောဝါကိုယ်တိုင် ကြားတယ်ဆိုတာ မင်းသိရလိမ့်မယ်။ ၁၃  မင်းက ငါ့ကို မောက်မောက်မာမာ ပြောခဲ့တယ်။ အကြီးအကျယ် ပုတ်ခတ်ပြောဆိုခဲ့တယ်။+ အဲဒါတွေအားလုံးကို ငါကြားတယ်။’ ၁၄  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါက မင်းကို လူသူကင်းမဲ့တဲ့ လွင်တီးခေါင် ဖြစ်စေတဲ့အခါ မြေတစ်ပြင်လုံး ဝမ်းမြောက်လိမ့်မယ်။ ၁၅  အစ္စရေးအမျိုးရဲ့အမွေ ပျက်စီးသွားတုန်းက မင်းဝမ်းသာခဲ့သလို ငါလည်း မင်းကို အဲဒီအတိုင်း လုပ်မယ်။+ အို စိရတောင်တန်းဒေသ၊ ဧဒုံပြည်၊ မင်းဟာ လူသူကင်းမဲ့ပြီး ပျက်စီးသွားလိမ့်မယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ လူတွေ သိရကြလိမ့်မယ်။’”

အောက်ခြေမှတ်ချက်များ