ယေဇကျေလ ၄၅:၁-၂၅

  • သန့်ရှင်းတဲ့မြေကွက်နဲ့ မြို့တော် (၁-၆)

  • အကြီးအမှူးပိုင် မြေကွက် (၇၊ ၈)

  • အကြီးအမှူးဟာ ရိုးသားစွာ ကျင့်ကြံရ (၉-၁၂)

  • လူတွေရဲ့အလှူ၊ အကြီးအမှူး (၁၃-၂၅)

၄၅  “‘မင်းတို့က တိုင်းပြည်ကို အမွေအဖြစ် ခွဲဝေတဲ့အခါ+ ပြည်ထဲက သန့်ရှင်းတဲ့ မြေကွက်တစ်ကွက်ကို ယေဟောဝါအတွက် အလှူအဖြစ် ပေးလှူရမယ်။+ အဲဒီမြေကွက်က အလျားအတောင်* ၂၅,၀၀၀၊ အနံ အတောင် ၁၀,၀၀၀ ရှိရမယ်။+ အဲဒီမြေတစ်ကွက်လုံးဟာ သန့်ရှင်းတဲ့မြေကွက်ပဲ။ ၂  အဲဒီမြေကွက်ထဲမှာ ဗိမာန်တော်နေရာအတွက် အလျားအတောင် ၅၀၀၊ အနံအတောင် ၅၀၀ ရှိတဲ့ စတုရန်းပုံ မြေကွက်တစ်ကွက် ရှိရမယ်။+ အဲဒီမြေကွက်ပတ်လည်မှာ အတောင် ၅၀ ကျယ်တဲ့ စားကျက်မြေ ရှိရမယ်။+ ၃  အလျား ၂၅,၀၀၀၊ အနံ ၁၀,၀၀၀ ရှိတဲ့ မြေကွက်ကို မင်း တိုင်းရမယ်။ အဲဒီမြေကွက်ထဲမှာ အသန့်ရှင်းဆုံး ဗိမာန်တော်ရှိလိမ့်မယ်။ ၄  အဲဒီမြေကွက်ဟာ ယေဟောဝါအတွက် အမှုဆောင်ဖို့ လာတဲ့၊ သန့်ရှင်းရာဌာနတော်မှာ အမှုဆောင်ရတဲ့+ ပုရောဟိတ်တွေအတွက် သန့်ရှင်းတဲ့ မြေကွက်ပဲ။+ အဲဒီမှာ သူတို့ရဲ့နေအိမ်တွေရော ဗိမာန်တော်အတွက် သန့်ရှင်းတဲ့မြေနေရာပါ ရှိမယ်။ ၅  “‘ဗိမာန်တော်မှာ အမှုဆောင်ရတဲ့ လေဝိအမျိုးသားတွေအတွက်လည်း အလျား အတောင် ၂၅,၀၀၀၊ အနံ အတောင် ၁၀,၀၀၀ ကျယ်တဲ့+ မြေကွက် ရှိရမယ်။ သူတို့ပိုင်တဲ့ စားသောက်ခန်း ၂၀ ရှိရမယ်။+ ၆  “‘မင်းတို့က (သန့်ရှင်းတဲ့ အလှူမြေကွက်ရဲ့ အလျားနဲ့တူတဲ့) အလျား အတောင် ၂၅,၀၀၀၊ အနံ အတောင် ၅,၀၀၀ ရှိတဲ့ မြေနေရာကို မြို့တော်အတွက် ပေးရမယ်။+ အဲဒါကို အစ္စရေးတစ်မျိုးလုံး ပိုင်လိမ့်မယ်။ ၇  “‘သန့်ရှင်းတဲ့ အလှူမြေကွက်ရဲ့ ဘေးနှစ်ဖက်နဲ့ မြို့တော်အတွက် ခွဲဝေထားတဲ့ မြေနေရာရဲ့ ဘေးနှစ်ဖက်မှာ အကြီးအမှူးအတွက် မြေနေရာ ရှိရမယ်။ အဲဒီမြေနေရာက သန့်ရှင်းတဲ့အလှူမြေကွက်နဲ့ မြို့တော်နေရာရဲ့ဘေးမှာ တည်ရှိပြီး အနောက်ဘက်ခြမ်းမှာရော အရှေ့ဘက်ခြမ်းမှာပါ ရှိလိမ့်မယ်။ အနောက်ဘက် နယ်နိမိတ်ကနေ အရှေ့ဘက် နယ်နိမိတ်အထိ အလျားဟာ မျိုးနွယ်တွေရတဲ့ မြေကွက်တစ်ကွက်ရဲ့ အလျားနဲ့ တူလိမ့်မယ်။+ ၈  အစ္စရေးပြည်မှာ ဒီမြေကို အကြီးအမှူး ပိုင်ရလိမ့်မယ်။ ငါခန့်ထားတဲ့ အကြီးအမှူးတွေဟာ ငါ့လူတွေကို အနိုင်ကျင့်တော့မှာ မဟုတ်ဘူး။+ အစ္စရေးတွေကို မျိုးနွယ်အလိုက် မြေတွေ ခွဲဝေပေးလိမ့်မယ်။’+ ၉  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အစ္စရေးအကြီးအမှူးတို့၊ မင်းတို့လုပ်ရပ်ဟာ လွန်လွန်းနေပြီ။’ “‘အကြမ်းဖက်တာ၊ ဖိနှိပ်တာတွေကို ရပ်တန်းက ရပ်လိုက်ပါတော့။ ဖြောင့်မတ်မှန်ကန်ရာကို လုပ်ကြ။+ ငါ့လူတွေရဲ့မြေကို မသိမ်းကြနဲ့တော့။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ၁၀  ‘တိကျတဲ့ချိန်ခွင်၊ တိကျတဲ့ဧဖာ၊* တိကျတဲ့ဗတ်* သုံးရမယ်။+ ၁၁  ဧဖာနဲ့ ဗတ်အခြင်အတွယ်ကို ပုံသေသတ်မှတ်ရမယ်။ တစ်ဗတ်မှာ တစ်ဟောမဲရဲ့* ဆယ်ပုံတစ်ပုံ ရှိရမယ်။ တစ်ဧဖာမှာလည်း တစ်ဟောမဲရဲ့ ဆယ်ပုံတစ်ပုံ ရှိရမယ်။ ဟောမဲကို စံအလေးချိန်အဖြစ် သတ်မှတ်ရမယ်။ ၁၂  တစ်ရှယ်ကယ်မှာ*+ ဂေရ* ၂၀ ရှိရမယ်။ တစ်မာနေမှာ* ရှယ်ကယ် ၆၀ ရှိရမယ်။’ ၁၃  “‘မင်းတို့ဆက်သရမယ့် အလှူကတော့– ဂျုံတစ်ဟောမဲဆိုရင် တစ်ဧဖာရဲ့ ခြောက်ပုံတစ်ပုံ ပေးရမယ်။ မုယောစပါး တစ်ဟောမဲဆိုရင် တစ်ဧဖာရဲ့ ခြောက်ပုံတစ်ပုံ ပေးရမယ်။ ၁၄  ဆီကိုတော့ ဗတ်အခြင်အတွယ်အတိုင်း ပေးလှူရမယ်။ တစ်ဗတ်ဟာ တစ်ကောရရဲ့* ဆယ်ပုံတစ်ပုံ ရှိတယ်။ ဆယ်ဗတ်ဟာ တစ်ဟောမဲ ရှိတယ်၊ တစ်ဟောမဲနဲ့ ညီတယ်။ ၁၅  အစ္စရေးပြည်မှာရှိတဲ့ သိုးအုပ်ထဲမှာ သိုးအကောင် ၂၀၀ ရှိရင် တစ်ကောင် ပေးရမယ်။ လူတွေအတွက် အပြစ်ဖြေပေးဖို့+ ကောက်နှံအလှူ၊+ အကုန်အစင် မီးရှို့ရာအလှူ၊+ မိတ်သဟာယ ပူဇော်သက္ကာတွေ+ ဆက်သတဲ့အခါ အဲဒါတွေကို သုံးရမယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ၁၆  “‘ပြည်သူပြည်သားတွေက ဒီအလှူကို+ အစ္စရေးပြည်မှာရှိတဲ့အကြီးအမှူးဆီ ပေးရမယ်။ ၁၇  အကြီးအမှူးက ပွဲနေ့တွေ၊+ လဆန်းနေ့တွေ၊ ဥပုသ်နေ့တွေ၊+ အစ္စရေးအမျိုး ကျင်းပရမယ့် ပွဲတော်တွေမှာ+ ပူဇော်တဲ့ အကုန်အစင်မီးရှို့ရာအလှူ၊+ ကောက်နှံအလှူ၊+ သွန်းလောင်းရာအလှူတွေအတွက် တာဝန်ယူရမယ်။ အစ္စရေးအမျိုးအတွက် အပြစ်ဖြေပေးဖို့ ဆက်သတဲ့ အပြစ်ဖြေရာအလှူ၊ ကောက်နှံအလှူ၊ အကုန်အစင် မီးရှို့ရာအလှူ၊ မိတ်သဟာယ ပူဇော်သက္ကာကို ပြင်ဆင်ပေးရမယ်။’ ၁၈  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တစ်လပိုင်း၊ တစ်ရက်နေ့မှာ မင်းက တိရစ္ဆာန်အုပ်ထဲကနေ အနာအဆာမရှိတဲ့ နွားထီးပျိုတစ်ကောင်ကို ယူပြီး သန့်ရှင်းရာဌာနတော်ကို အပြစ်စင်ကြယ်စေရမယ်။+ ၁၉  ပုရောဟိတ်က အပြစ်ဖြေရာအလှူရဲ့ သွေးတချို့ကို ယူပြီး ဗိမာန်တော်တံခါးတိုင်ပေါ်မှာ၊+ ပူဇော်ရာပလ္လင်မှာရှိတဲ့ အဆင့်တွေရဲ့ ထောင့်လေးထောင့်မှာ၊ အတွင်းတံတိုင်းရဲ့ တံခါးတိုင်ပေါ်မှာ သုတ်ရမယ်။ ၂၀  ခုနစ်ရက်မြောက်နေ့မှာတော့ မတော်တဆ အပြစ်လုပ်မိသူ ဒါမှမဟုတ် မသိလို့ အပြစ်လုပ်မိသူအတွက် အဲဒီလိုလုပ်ပေးရမယ်။+ အဲဒီနောက် ဗိမာန်တော်အတွက် အပြစ်ဖြေပေးရမယ်။+ ၂၁  “‘တစ်လပိုင်း၊ ၁၄ ရက်နေ့ ရောက်တဲ့အခါ ပသခါပွဲကို*+ မင်းတို့ ကျင်းပရမယ်။ တဆေးမဲ့မုန့်ကို ခုနစ်ရက်ပတ်လုံး စားရမယ်။+ ၂၂  အဲဒီနေ့မှာ အကြီးအမှူးက ကိုယ်တိုင်နဲ့ ပြည်သားတွေအတွက် အပြစ်ဖြေရာအလှူအဖြစ် နွားထီးပျိုတစ်ကောင်ကို ပြင်ဆင်ရမယ်။+ ၂၃  ယေဟောဝါအတွက် အကုန်အစင် မီးရှို့ရာအလှူအဖြစ် အနာအဆာမရှိတဲ့ နွားထီးပျိုခုနစ်ကောင်၊ အနာအဆာမရှိတဲ့ သိုးထီးခုနစ်ကောင်၊ အပြစ်ဖြေရာအလှူအဖြစ် ဆိတ်ထီးတစ်ကောင်ကို ပွဲတော်ခုနစ်ရက်ပတ်လုံး+ နေ့တိုင်း သူပြင်ဆင်ရမယ်။ ၂၄  ကောက်နှံအလှူအဖြစ် နွားထီးပျို တစ်ကောင်စီအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးထီးတစ်ကောင်စီအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ ကောက်နှံမှုန့် တစ်ဧဖာစီအတွက် ဆီတစ်ဟိန်* ပြင်ဆင်ရမယ်။ ၂၅  “‘ခုနစ်လပိုင်း၊ ၁၅ ရက်နေ့မှာ စတင်မယ့် ပွဲတော်အတွက် အပြစ်ဖြေရာအလှူ၊ အကုန်အစင် မီးရှို့ရာအလှူ၊ ကောက်နှံအလှူနဲ့ ဆီကို ခုနစ်ရက်ပတ်လုံး အရင်အတိုင်း သူပြင်ဆင်ရမယ်။’”+

အောက်ခြေမှတ်ချက်များ

တောင်(ရှည်)။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဒါမှမဟုတ်၊ “တစ်မိုင်နာမှာ။” နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။