ယေဇကျေလ ၄၇:၁-၂၃

  • ဗိမာန်​တော်​က​နေ စီး​ထွက်​လာ​တဲ့ မြစ် (၁-၁၂)

    • ရေ နက်​သည်​ထက်​နက်​လာ (၂-၅)

    • ပင်လယ်​သေရဲ့ရေ ရှင်​သန်​စေ​နိုင် (၈-၁၀)

    • ရွှံ့​နွံ​တွေ မရှင်​သန်​စေ​နိုင် (၁၁)

    • အနာ​ရော​ဂါ​ပျောက်​စေ​တဲ့ သီး​ပင်​စား​ပင် (၁၂)

  • ပြည်​ရဲ့ နယ်​နိ​မိတ်​များ (၁၃-၂၃)

၄၇  အဲဒီ​နောက် သူ​က ကျွန်​တော့်​ကို ဗိမာန်​တော် ဝင်​ပေါက်​ဆီ ပြန်​ခေါ်​သွား​တယ်။+ ဗိမာန်​တော် တံခါး​ခုံ​အောက်​က​နေ အရှေ့​ဘက်​ကို ရေတွေ စီး​ဆင်း​နေ​တာ တွေ့​လိုက်​ရ​တယ်။+ ဗိမာန်​တော် မျက်​နှာ​စာ​က အရှေ့​ဘက်​ကို မျက်​နှာ​မူ​ထား​တယ်။ ဗိမာန်​တော် ညာ​ဘက်​ခြမ်း အောက်​က​နေ၊ ပူ​ဇော်ရာ​ပလ္လင်ရဲ့ တောင်​ဘက်​ခြမ်း​က​နေ ရေတွေ စီး​ဆင်း​နေ​တယ်။ ၂  အဲဒီ​နောက်  ကျွန်​တော့်​ကို​ မြောက်​ဘက်​တံခါး​က​နေ+ အပြင်​ဘက်​ဆီ ခေါ်​လာ​ပြီး အရှေ့​ဘက် မျက်​နှာ​မူ​ထား​တဲ့ အပြင်​ဘက်​တံခါး​ဆီ ခေါ်​သွား​တယ်။+ တံခါး​ရဲ့ ညာ​ဘက်​ခြမ်း​က​နေ ရေတွေ စီး​ထွက်​လာ​တာ​ကို တွေ့​လိုက်​ရ​တယ်။ ၃  အဲဒီ​လူ​က တိုင်း​ကြိုး​ကို ကိုင်​ပြီး အရှေ့​ဘက် ထွက်​သွား​တယ်။+ အ​တောင်* ၁,၀၀၀ တိုင်း​ပြီး​တဲ့​နောက် ကျွန်​တော့်​ကို ရေ​ထဲ ဖြတ်​လျှောက်​ခိုင်း​တယ်။ ရေ​က ခြေ​ချင်း​ဝတ်​အထိ ရှိ​တယ်။ ၄  နောက်​ထပ် အတောင် ၁,၀၀၀ တိုင်း​ပြီး​တဲ့​နောက် ကျွန်​တော့်​ကို ရေ​ထဲ ဖြတ်​လျှောက်​ခိုင်း​ပြန်​တယ်။ ရေ​က ဒူး​အထိ ရှိ​တယ်။ နောက်​ထပ် အတောင် ၁,၀၀၀ တိုင်း​ပြီး​တဲ့​နောက် ရေ​ထဲ ဖြတ်​လျှောက်​ခိုင်း​ပြန်​တယ်။ ရေ​က တင်​ပါး​အထိ ရှိ​တယ်။ ၅  နောက်​ထပ် အတောင် ၁,၀၀၀ ကို သူ​တိုင်း​တဲ့​အခါ မြစ်​ရေ​နက်​လာ​တော့ ကျွန်​တော် ဖြတ်​လျှောက်​လို့ မရ​တော့​ဘူး။ ရေ​နက်​လွန်း​လို့ ခြေ​ကျင်​ဖြတ်​လျှောက်​လို့ မရ​နိုင်​ဘဲ ရေ​ကူး​သွား​ရ​တဲ့​အထိ ဖြစ်​လာ​တယ်။ ၆  သူ​က “လူ​သား၊ ဒါ​ကို မြင်​သ​လား”​ လို့​မေး​တယ်။ ပြီး​တော့ ကျွန်​တော့်​ကို မြစ်​ကမ်း​ဘေး​ဆီ ပြန်​လျှောက်​လာ​ခိုင်း​တယ်။ ၇  ကျွန်​တော် ပြန်​လျှောက်​လာ​တဲ့​အခါ မြစ်​ကမ်း​နှစ်​ဖက်​စ​လုံး​မှာ သစ်​ပင်​တွေ အများ​ကြီး ပေါက်​နေ​တာ​ကို တွေ့​လိုက်​ရ​တယ်။+ ၈  အဲဒီ​နောက် သူ​ပြော​တာ​က– “ဒီ​မြစ်​ရေ​ဟာ အရှေ့​ဘက်​ကို စီး​ဆင်း​တယ်။ အရာ​ဗာ​အရပ်*+ ကို​ဖြတ်​ပြီး ပင်လယ်​ထဲ* စီး​ဝင်​တယ်။ အဲဒီ​လို​စီး​ဝင်​သွား​တဲ့​အခါ+ ပင်လယ်​ရေ​ဟာ ရေ​ချို​ဖြစ်​သွား​လိမ့်​မယ်။ ၉  ရေ​စီး​ဆင်း​သွား​တဲ့ နေ​ရာ​တိုင်း​မှာ အုံ​ဖွဲ့​နေ​တတ်​တဲ့ သတ္တ​ဝါ​လေး​တွေ ရှင်​သန်​နိုင်​လိမ့်​မယ်။ ရေ​စီး​ဝင်​သွား​တဲ့​အတွက် ပင်လယ်​ထဲ​မှာ ငါး​တွေ အများ​ကြီး ရှိ​လိမ့်​မယ်။ ပင်လယ်​ရေ​ဟာ ရေ​ချို​ဖြစ်​သွား​ပြီး ရေ​စီး​ဝင်​တဲ့ နေ​ရာ​တိုင်း​မှာ အရာ​အားလုံး ရှင်​သန်​လာ​လိမ့်​မယ်။ ၁၀  “အင်​ဂေဒိ​မြို့​က​နေ+ ဧ​နေ​ဂလိမ်​အရပ်​အထိ ပင်လယ်​ကမ်း​တစ်​လျှောက် တံ​ငါ​သည်​တွေ ရှိ​နေ​လိမ့်​မယ်။ အဲဒီ​မှာ ဆွဲ​ပိုက်​တွေ လှန်း​ကြ​လိမ့်​မယ်။ ပင်လယ်​ကြီး*+ ထဲ​မှာ​လို​ပဲ အဲဒီ​မှာ​လည်း ငါး​အမျိုး​မျိုး ရှိ​နေ​လိမ့်​မယ်။ ၁၁  “အဲဒီ​မှာ ရွှံ့​နွံ​တွေ၊ စိမ့်​မြေတွေ​လည်း ရှိ​လိမ့်​မယ်။ အဲဒီ​နေ​ရာတွေ​မှာ​တော့ ရေ​ချို​ထွက်​မှာ မဟုတ်​ဘူး။ ဆား​ချက်​ဖို့​ပဲ ပစ်​ထား​ခံ​ရ​လိမ့်​မယ်။+ ၁၂  “မြစ်​ကမ်း​နှစ်​ဖက်​စ​လုံး​မှာ သီး​ပင်​စား​ပင်​မျိုး​စုံ ပေါက်​လိမ့်​မယ်။ အဲဒီ​အပင်​တွေ​ဟာ အရွက်​ညှိုး​နွမ်း​မှာ​မ​ဟုတ်​ဘူး။ အသီး​တွေ ပြတ်​လပ်​မှာ မဟုတ်​ဘူး။ သန့်​ရှင်း​ရာ​ဌာန​တော်​က​နေ စီး​ဆင်း​လာ​တဲ့​ရေ​ကို ရ​တဲ့​အတွက် အပင်​တွေ​ဟာ လ​တိုင်း အသီး​သီး​လိမ့်​မယ်။+ အသီး​တွေ​က စား​ဖို့၊ အရွက်​တွေ​က အနာ​ရော​ဂါ ပျောက်​ကင်း​စေ​ဖို့ ဖြစ်​လိမ့်​မယ်။”+ ၁၃  အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ ပြော​တာ​က– “မင်း​တို့​အစ္စရေး ၁၂ နွယ်​က ဒီ​နယ်​မြေကို အမွေ​မြေအဖြစ် ခွဲ​ဝေ​ယူ​ရ​မယ်။ ယော​သပ်​က မြေနှစ်​ကွက် ရ​လိမ့်​မယ်။+ ၁၄  ဒီ​ပြည်​ကို မင်း​တို့ အမွေ​ရ​လိမ့်​မယ်။ ယောက်​တိုင်း ဝေ​စု​ကို အညီ​အမျှ ရ​လိမ့်​မယ်။ မင်း​တို့​ရဲ့​ဘိုး​ဘေး​တွေ​ကို ဒီ​ပြည်​ပေး​မယ်​လို့ ငါ​ကျိန်​ဆို​ခဲ့​တယ်။+ အခု ဒီ​ပြည်​ကို မင်း​တို့​အတွက် အမွေ​အဖြစ် ခွဲ​ဝေ​ပေး​မယ်။ ၁၅  “ပြည်​ရဲ့ မြောက်​ဘက် နယ်​နိ​မိတ်​က​တော့ ဟေ​သလုန်​အရပ်​ကို+ သွား​တဲ့​လမ်း​အတိုင်း ပင်လယ်​ကြီး​က​နေ ဇေ​ဒ​ဒ်​အရပ်​အထိ၊+ ၁၆  ဟာ​မတ်​မြို့၊+ ဗေ​ရော​သာ​မြို့၊+ ဒ​မတ်​စကတ်​နယ်​မြေနဲ့ ဟာ​မတ်​နယ်​မြေကြား​က သိ​ဗ​ရိမ်​အရပ်၊ ဟော​ရန်​နယ်​စပ်​မှာ​ရှိ​တဲ့ ဟာ​ဇာ​ဟ​တိ​ကုန်​အရပ်​အထိ ဖြစ်​တယ်။+ ၁၇  ဒါ​ကြောင့် နယ်​နိ​မိတ်​က ပင်လယ်​က​နေ ဟာ​ဇ​ရေ​နန်​အရပ်​အထိ၊+ မြောက်​ဘက် ဒ​မတ်​စ​ကတ်​နယ်​မြေ တစ်​လျှောက်​နဲ့ ဟာ​မတ်​နယ်​မြေအထိ ဖြစ်​တယ်။+ ဒါ​ဟာ မြောက်​ဘက်​နယ်​နိ​မိတ်​ပဲ။ ၁၈  “အရှေ့​ဘက် နယ်​နိ​မိတ်​က​တော့ ဟော​ရန်​အရပ်​နဲ့ ဒ​မတ်​စ​ကတ်​မြို့​ကြား တစ်​လျှောက်​လုံး၊ ဂိလဒ်​ပြည်​နဲ့+ အစ္စရေး​ပြည်​ကြား ဂျော်​ဒန်​မြစ်​တစ်​လျှောက်​လုံး ဖြစ်​တယ်။ မြောက်​ဘက်​နယ်​နိ​မိတ်​ရဲ့ အဆုံး​က​နေ အရှေ့​ဘက်​ပင်လယ်* အထိ တိုင်း​ရ​မယ်။ ဒါ​ဟာ အရှေ့​ဘက်​နယ်​နိ​မိတ်​ပဲ။ ၁၉  “တောင်​ဘက် နယ်​နိ​မိတ်​က​တော့ တာမာ​မြို့​က​နေ မေရိ​ဘ ကာဒေရှ​အရပ်​က စမ်း​ရေ​အထိ၊+ အဲဒီ​က​နေ သဲ​ချောင်း* အထိ၊ ပင်လယ်​ကြီး​အထိ ဖြစ်​တယ်။+ ဒါ​ဟာ တောင်​ဘက် နယ်​နိ​မိတ်​ပဲ။ ၂၀  “အနောက်​ဘက် နယ်​နိ​မိတ်​က​တော့ တောင်​ဘက်​နယ်​နိ​မိတ် အဆုံး​က​နေ ဟာ​မတ်​လမ်း​ဝ​ရဲ့+ မျက်​နှာ​ချင်း​ဆိုင် နေ​ရာ​အထိ ပင်လယ်​ကြီး​တစ်​လျှောက် ဖြစ်​တယ်။ ဒါ​ဟာ အနောက်​ဘက် နယ်​နိ​မိတ်​ပဲ။” ၂၁  “မင်း​တို့​အစ္စရေး ၁၂ နွယ်​က ဒီ​ပြည်​ကို ခွဲ​ဝေ​ယူ​ရ​မယ်။ ၂၂  ဒီ​ပြည်​ကို အမွေ​အဖြစ် ခွဲ​ဝေ​ယူ​ရ​မယ်။ မင်း​တို့​နဲ့​အတူ နေ​ထိုင်​ရင်း သား​သမီး​တွေရ​လာ​တဲ့ တိုင်း​တစ်ပါး​သား​တွေ​ကို​လည်း ခွဲ​ဝေ​ပေး​ရ​မယ်။ သူတို့​ကို ကိုယ့်​ပြည်​မှာ​မွေး​တဲ့ အစ္စရေးတွေ​လို​ပဲ သဘော​ထား​ရ​မယ်။ အစ္စရေး​အနွယ်​တွေ​နဲ့​အတူ သူတို့​အမွေ​ရ​လိမ့်​မယ်။ ၂၃  တိုင်း​တစ်ပါး​သား​ကို သူ​နေ​ထိုင်​တဲ့​အနွယ်​ရဲ့ နယ်​မြေထဲ​မှာ အမွေ​ပေး​ရ​မယ်။” ဒါ​ဟာ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။

အောက်ခြေမှတ်ချက်များ

တောင်(ရှည်)။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “ကန္တာရ​လွင်​ပြင်။”
ပင်လယ်​သေ။
မြေထဲ​ပင်လယ်။
ပင်လယ်​သေ။
အီဂျစ်​သဲ​ချောင်း။