ယေဇကျေလ ၅:၁-၁၇
၅ “လူသား၊ ဆံသဆရာရဲ့ သင်တုန်းဓားလို ထက်တဲ့ဓားကို ယူပြီး မင်းရဲ့ဆံပင်နဲ့ မုတ်ဆိတ်တွေကို ရိတ်လိုက်ပါ။ အဲဒါတွေကို ချိန်ခွင်နဲ့ချိန်ပြီး သုံးပုံပုံပါ။
၂ မြို့ကို ဝိုင်းထားတဲ့ရက် စေ့တဲ့အခါ တစ်ပုံကို မြို့ထဲမှာ မီးရှို့လိုက်ပါ။+ နောက်တစ်ပုံကို မြို့ပတ်လည်မှာ ဓားနဲ့ခုတ်ဖြတ်ပါ။+ နောက်ဆုံးတစ်ပုံကို လေထဲ လွှင့်ပစ်ပါ။ ငါက ဓားကိုဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်းမယ်။+
၃ “နောက်ဆုံးတစ်ပုံထဲက အမွေးတချို့ကို ယူပြီး ဝတ်ရုံထဲမှာ ထုပ်ထားပါ။
၄ ကျန်တာကိုတော့ မီးရှို့ပြီး ပြာချလိုက်ပါ။ အဲဒီမီးဟာ အစ္စရေးတစ်မျိုးလုံးဆီ ပျံ့နှံ့သွားလိမ့်မယ်။+
၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ဒါဟာ ဂျေရုဆလင်မြို့ပဲ။ သူ့ကို လူမျိုးခြားတွေ အလယ်မှာ၊ တိုင်းနိုင်ငံတွေအလယ်မှာ ငါထားတယ်။
၆ ဒါပေမဲ့ သူက ငါ့တရားစီရင်ချက်တွေ၊ ဥပဒေတွေကို ဆန့်ကျင်တယ်။ ပတ်ဝန်းကျင်လူမျိုးခြားတွေ၊ တိုင်းနိုင်ငံတွေထက် ပိုပြီးဆိုးညစ်တယ်။+ မြို့သားတွေက ငါ့တရားစီရင်ချက်ကို ငြင်းပယ်ကြတယ်။ ငါ့ဥပဒေအတိုင်း မလိုက်လျှောက်ကြဘူး။’
၇ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းဟာ ပတ်ဝန်းကျင်လူမျိုးတွေထက် ပိုသောင်းကျန်းတယ်။ ငါ့ဥပဒေအတိုင်း မလိုက်လျှောက်ဘူး။ ငါ့တရားစီရင်ချက်တွေအတိုင်း မလုပ်ဆောင်ဘူး။ အဲဒီအစား ပတ်ဝန်းကျင်လူမျိုးတွေရဲ့ တရားစီရင်ချက်တွေကိုပဲ လိုက်နာတယ်။+
၈ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အို ဂျေရုဆလင်၊ အခု မင်းကို ငါတိုက်ခိုက်မယ်။+ လူမျိုးခြားတွေရှေ့မှာ မင်းကို တရားစီရင်မယ်။+
၉ မင်းရဲ့ ရွံမုန်းစရာအကျင့်တွေကြောင့် အရင်က မပေးဖူးတဲ့၊ နောက်နောင်လည်း ပေးမှာမဟုတ်တဲ့ ပြစ်ဒဏ် မင်းကို ငါပေးမယ်။+
၁၀ “‘“ဒါကြောင့် မင်းဆီက မိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ အသားကို စားကြလိမ့်မယ်။+ သားသမီးကလည်း မိဘရဲ့အသားကို စားကြလိမ့်မယ်။ မင်းကို ငါတရားစီရင်မယ်။ မင်းဆီမှာ ကျန်ကြွင်းသူတွေကို အရပ်ရပ် ကွဲလွင့်စေမယ်။”’+
၁၁ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ သန့်ရှင်းရာဌာနတော်ကို ရွံရှာဖွယ် ရုပ်တုတွေ၊ ရွံမုန်းဖွယ် အကျင့်တွေနဲ့ ညစ်ညူးစေတဲ့အတွက်+ မင်းကို ငါငြင်းပယ်မယ်။ မင်းအတွက် ငါဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+
၁၂ လူသုံးပုံတစ်ပုံဟာ မြို့ထဲမှာ ကပ်ရောဂါဘေးကြောင့်၊ အငတ်ဘေးကြောင့် သေဆုံးရလိမ့်မယ်။ နောက်တစ်ပုံက မြို့ပတ်လည်မှာ ဓားဘေးကြောင့် ကျဆုံးရလိမ့်မယ်။+ နောက်ဆုံးတစ်ပုံကိုတော့ အရပ်ရပ်ဆီ ငါကွဲလွင့်စေမယ်။ ငါက ဓားဆွဲထုတ်ပြီး နောက်ကနေ လိုက်ခိုင်းမယ်။+
၁၃ အဲဒီနောက်မှာတော့ ငါ အမျက်ပြေသွားလိမ့်မယ်။ ငါ့ဒေါသ ငြိမ်ကျပြီး စိတ်ကျေနပ်သွားလိမ့်မယ်။+ ငါ့ဒေါသကို ဖွင့်ချပြီးချိန်မှာ ငါယေဟောဝါဟာ ငါတစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရားဖြစ်လို့ ပြောခဲ့တာပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။+
၁၄ “‘ငါက မင်းကို ပျက်စီးယိုယွင်းတဲ့နေရာ ဖြစ်စေမယ်။ ပတ်ဝန်းကျင်လူမျိုးတွေ အလယ်မှာ၊ ဖြတ်သန်းသွားလာသူတွေ အမြင်မှာ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေမယ်။+
၁၅ မင်းကို ဒေါသတကြီး တရားစီရင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ပေးတဲ့အခါ မင်းဟာ ပတ်ဝန်းကျင် လူမျိုးတွေအတွက် ကဲ့ရဲ့ရှုတ်ချစရာ၊ နှာခေါင်းရှုံ့စရာ၊+ ကြောက်လန့်စရာ၊ သတိပေးပုံနမူနာ ဖြစ်လိမ့်မယ်။ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။
၁၆ “‘ငါက အငတ်ဘေးဖြစ်တဲ့ သေစေနိုင်တဲ့ မြားတွေကို မင်းဆီ လွှတ်လိုက်မယ်။ အဲဒီမြားတွေက မင်းကို ဖျက်ဆီးလိမ့်မယ်။+ မင်းရဲ့စားနပ်ရိက္ခာကို* ဖြတ်တောက်လိုက်တဲ့အတွက် အငတ်ဘေး ပိုဆိုးလာမယ်။+
၁၇ အငတ်ဘေးနဲ့ ကြမ်းကြုတ်တဲ့ သားရဲတွေကို မင်းဆီ စေလွှတ်မယ်။+ မင်းရဲ့သားသမီးတွေ သေဆုံးကုန်မယ်။ မင်းဆီမှာ ကပ်ရောဂါဘေးနဲ့ သွေးထွက်သံယိုမှုတွေ ပြည့်နေလိမ့်မယ်။ မင်းအပေါ် ဓားဘေး ကျရောက်စေမယ်။+ ဒါဟာ ငါယေဟောဝါ ပြောတဲ့ စကားပဲ။’”
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “မုန့်ချိတ်တံ။” မုန့်ကိုလျှိုပြီး သိမ်းဆည်းတဲ့ တုတ်တံ။