ယေဇကျေလ ၆:၁-၁၄

  • အစ္စရေးတောင်တန်းတွေကို စီရင်ချက် (၁-၁၄)

    • ရွံမုန်းဖွယ်ရုပ်တုတွေ အရှက်ကွဲ (၄-၆)

    • ‘ငါဟာ ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်’ ()

၆  ကျွန်တော့်ကို ယေဟောဝါ ပြောတယ်– ၂  “လူသား၊ အစ္စရေးတောင်တန်းတွေဘက် မျက်နှာမူပါ။ သူတို့ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။ ၃  မင်းပြောရမှာက– ‘အစ္စရေးတောင်တန်းတို့၊ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာကို နားထောင်ပါ။ တောင်တန်း၊ တောင်ကုန်း၊ မြစ်ချောင်း၊ ချိုင့်ဝှမ်းတို့ကို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “မင်းတို့အပေါ် ဓားဘေးကို ငါကျရောက်စေမယ်။ မင်းတို့ရဲ့ အထွတ်အမြတ်နေရာတွေကို ဖျက်ဆီးမယ်။ ၄  ယဇ်ပလ္လင်တွေ ဖြိုချခံရလိမ့်မယ်။ နံ့သာပေါင်းပလ္လင်တွေ ပြိုကျသွားလိမ့်မယ်။+ မင်းတို့ရဲ့ အလောင်းတွေကို ရွံမုန်းဖွယ်ရုပ်တုတွေ* ရှေ့မှာ ငါပစ်ချမယ်။+ ၅  အစ္စရေးတွေရဲ့ အလောင်းတွေကို ရွံမုန်းဖွယ် ရုပ်တုတွေရှေ့မှာ ပစ်ချမယ်။ အရိုးတွေကို ယဇ်ပလ္လင်ပတ်လည်မှာ ဖြန့်ကြဲမယ်။+ ၆  မင်းတို့နေထိုင်ရာ အရပ်ရပ်မှာရှိတဲ့ မြို့တွေ ပျက်စီးသွားလိမ့်မယ်။+ အထွတ်အမြတ်နေရာတွေ ဖြိုချခံရပြီး ပျက်စီးသွားလိမ့်မယ်။+ ယဇ်ပလ္လင်တွေ ဖြိုချခံရပြီး တစ်စစီ ဖြစ်သွားလိမ့်မယ်။ ရွံမုန်းဖွယ်ရုပ်တုတွေ ပျက်စီးသွားပြီး နံ့သာပေါင်းပလ္လင်တွေ ခုတ်လှဲခံရမယ်။ မင်းတို့လုပ်ထားသမျှ ဖယ်ရှားခံရမယ်။ ၇  မင်းတို့အလယ်မှာ လူသေတွေ လဲကျနေလိမ့်မယ်။+ အဲဒီအခါ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။+ ၈  “‘“တိုင်းပြည်အရပ်ရပ်ဆီ မင်းတို့ကွဲလွင့်သွားတဲ့အခါ တချို့ကို လူမျိုးတွေအလယ်မှာ ဓားဘေးကနေ ငါလွတ်မြောက်စေမှာဖြစ်လို့ ကျန်ကြွင်းသူတွေ ရှိလိမ့်မယ်။+ ၉  လွတ်မြောက်သွားသူတွေဟာ သုံ့ပန်းဘဝရောက်သွားတဲ့ လူမျိုးတွေအလယ်မှာ ငါ့ကိုသတိရကြလိမ့်မယ်။+ ငါ့ဆီကနေ လမ်းလွဲပြီး သစ္စာမဲ့သွားတဲ့အတွက်၊ ရွံမုန်းဖွယ်ရုပ်တုတွေကို ရာဂစိတ်နဲ့ တပ်မက်နေတဲ့အတွက် ငါရင်ကျိုးရတယ်ဆိုတာ သူတို့ နားလည်လာလိမ့်မယ်။+ သူတို့လုပ်ခဲ့တဲ့ မကောင်းမှုတွေ၊ ရွံစရာအကျင့်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံပြီး အရှက်ရလိမ့်မယ်။+ ၁၀  ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။ သူတို့အပေါ် ဒီဘေးဆိုးကျရောက်စေမယ်ဆိုပြီး ငါအလကားကြိမ်းနေတာ မဟုတ်မှန်း သိရကြလိမ့်မယ်။”’+ ၁၁  “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်း လက်ခုပ်တီးပြီး ခြေဆောင့်ပါ။ အစ္စရေးအမျိုးရဲ့ မကောင်းမှုတွေ၊ ရွံစရာအကျင့်တွေကြောင့် ဝမ်းနည်းပူဆွေးကြောင်း ပြပါ။ သူတို့ဟာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးကြောင့် ကျဆုံးရမှာဖြစ်လို့ပဲ။+ ၁၂  ရပ်ဝေးကလူတွေ ကပ်ရောဂါဘေးကြောင့် သေဆုံးရလိမ့်မယ်။ အနီးတစ်ဝိုက်ကလူတွေ ဓားဘေးကြောင့် ကျဆုံးရလိမ့်မယ်။ အသက်ရှင် လွတ်မြောက်သူတွေကတော့ အငတ်ဘေးကြောင့် သေဆုံးရလိမ့်မယ်။ ငါ့ဒေါသကို သူတို့အပေါ် အကုန်အစင် ဖွင့်ချမယ်။+ ၁၃  ရွံမုန်းဖွယ် ရုပ်တုတွေအလယ်မှာ၊ အဲဒီရုပ်တုတွေ ကျေနပ်အောင် မွှေးကြိုင်တဲ့အလှူတွေ ဆက်သတဲ့+ ယဇ်ပလ္လင်တွေ ပတ်လည်မှာ၊ တောင်ကုန်းတွေ၊ တောင်ထိပ်တွေပေါ်မှာ၊ စိမ်းလန်းတဲ့သစ်ပင်၊ သစ်ပင်ကြီးတွေအောက်မှာ လူတွေ အတုံးအရုံး သေတဲ့အခါ+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။+ ၁၄  ငါ့လက်ကိုဆန့်ပြီး သူတို့ကို ဒဏ်ခတ်မယ်။ သူတို့ရဲ့ပြည်ကို လွင်တီးခေါင်ဖြစ်စေမယ်။ သူတို့နေထိုင်တဲ့ နေရာတွေကို ဒိဗလတ်အရပ်နားက တောကန္တာရထက် လူသူကင်းမဲ့စေမယ်။ အဲဒီအခါ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရကြလိမ့်မယ်။’”

အောက်ခြေမှတ်ချက်များ

မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်။