ယေဇကျေလ ၈:၁-၁၈
၈ ခြောက်နှစ်မြောက်၊* ခြောက်လပိုင်း၊ ငါးရက်နေ့မှာ ကျွန်တော် အိမ်မှာထိုင်နေတုန်း၊ ရှေ့မှာ ယုဒအကြီးအကဲတွေ ထိုင်နေတုန်း ကျွန်တော့်အပေါ် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ လက်တော် သက်ရောက်လာတယ်။
၂ ကျွန်တော် ကြည့်လိုက်တဲ့အခါ မီးသဏ္ဌာန်တစ်ခု တွေ့တယ်။ သူ့ခါးအောက်ပိုင်းလောက်ကနေ မီးတွေ တောက်နေတယ်။+ ခါးအပေါ် ပိုင်းလောက်ကနေ ပယင်းရောင်* တောက်နေတယ်။+
၃ လက်နဲ့တူတဲ့အရာတစ်ခုက ကျွန်တော့်ဆံပင်ကို လှမ်းဆုပ်ပြီး မလိုက်တယ်။ ဘုရားသခင်ဆီက စိတ်အာရုံထဲမှာ စွမ်းအားတော်က ကျွန်တော့်ကို မိုးနဲ့မြေကြားကနေ ခေါ်သွားပြီး ဂျေရုဆလင်မြို့ဆီ၊ မြောက်အရပ်ကို မျက်နှာမူထားတဲ့ အတွင်းတံခါး ဝင်ပေါက်ဆီ ခေါ်သွားတယ်။+ အဲဒီနေရာမှာ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တုရှိနေတယ်။+
၄ အဲဒီမှာ အစ္စရေးတို့ ဘုရားသခင်ရဲ့ ဘုန်းအသရေ တည်ရှိနေတယ်။+ ချိုင့်ဝှမ်းလွင်ပြင်မှာ ကျွန်တော်တွေ့ခဲ့တဲ့ ဘုန်းအသရေလိုမျိုးပဲ။+
၅ သူက “လူသား၊ မြောက်အရပ်ကို ကြည့်လိုက်ပါဦး” လို့ပြောတယ်။ ကျွန်တော်လည်း မြောက်အရပ်ကို ကြည့်လိုက်တဲ့အခါ ပူဇော်ရာပလ္လင်ရဲ့ မြောက်ဘက်တံခါးပေါက်မှာ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တုရှိနေတယ်။
၆ သူက “လူသား၊ သန့်ရှင်းရာဌာနတော်ကို ငါစွန့်သွားအောင် အစ္စရေးအမျိုးလုပ်နေတဲ့ ရွံစရာတွေကို မြင်သလား။+ ဒီထက်ရွံစရာကောင်းတာတွေကို မြင်ရဦးမယ်”+ လို့ ပြောတယ်။
၇ အဲဒီနောက် ကျွန်တော့်ကို ရင်ပြင်ရဲ့ဝင်ပေါက်ဆီ ခေါ်သွားတယ်။ ကျွန်တော် ကြည့်လိုက်တဲ့အခါ နံရံမှာ အပေါက်တစ်ပေါက် တွေ့တယ်။
၈ သူက “လူသား၊ ကျယ်ကျယ်ဖောက်လိုက်” လို့ပြောတော့ ကျွန်တော် ဖောက်လိုက်တဲ့အခါ ဝင်ပေါက်တစ်ခု တွေ့တယ်။
၉ သူက “အထဲဝင်သွားပြီး အဲဒီမှာ သူတို့လုပ်နေတဲ့ ဆိုးရွားပြီး ရွံစရာကောင်းတာတွေကို ကြည့်လိုက်ပါ” လို့ပြောတယ်။
၁၀ ဒါနဲ့ ကျွန်တော် ဝင်ကြည့်လိုက်တဲ့အခါ နံရံပတ်လည်မှာ တွားသွားသတ္တဝါတွေ၊ ရွံရှာဖွယ် သားရဲမျိုးစုံရဲ့ ပုံတွေ၊+ အစ္စရေးအမျိုးရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေ*+ ရေးထွင်းထားတာကို တွေ့တယ်။
၁၁ အဲဒီရှေ့မှာ အစ္စရေးအကြီးအကဲ ၇၀ ရပ်နေတယ်။ သူတို့အလယ်မှာ ရှာဖန်ရဲ့သား+ ယာဇညာ ရပ်နေတယ်။ နံ့သာခွက်ကိုယ်စီ ကိုင်ထားတယ်။ မွှေးကြိုင်တဲ့ နံ့သာပေါင်းငွေ့ တလူလူတက်နေတယ်။+
၁၂ သူက “လူသား၊ အမှောင်ထဲမှာ၊ ရုပ်တုတွေ ရေးထွင်းထားတဲ့ အတွင်းခန်းတွေထဲမှာ အစ္စရေးအကြီးအကဲတွေ ဘာလုပ်နေလဲဆိုတာ မြင်သလား။ သူတို့က ‘ကျုပ်တို့ကို ယေဟောဝါဘုရား မမြင်ပါဘူး။ ဒီပြည်ကို ယေဟောဝါ စွန့်သွားပြီ’ လို့ပြောနေကြတယ်”+ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။
၁၃ သူက “ဒီထက် ဆိုးရွားပြီး ရွံစရာကောင်းတာတွေကို သူတို့လုပ်နေတာ မြင်ရဦးမယ်” လို့ ဆက်ပြောတယ်။
၁၄ အဲဒီနောက် ယေဟောဝါအိမ်တော်ရဲ့ မြောက်ဘက်တံခါးပေါက်ဆီ ကျွန်တော့်ကို ခေါ်သွားတယ်။ အဲဒီမှာ တမ္မုဇနတ်ဘုရားအတွက် ထိုင်ပြီး ငိုကြွေးနေတဲ့ အမျိုးသမီးတွေကို မြင်လိုက်ရတယ်။
၁၅ သူက “လူသား၊ မင်းမြင်ပြီလား။ ဒီထက် ဆိုးရွားပြီး ပိုရွံစရာကောင်းတာတွေ ရှိသေးတယ်”+ လို့ပြောတယ်။
၁၆ အဲဒီနောက် ကျွန်တော့်ကို ယေဟောဝါအိမ်တော်ရဲ့အတွင်းရင်ပြင်ဆီ ခေါ်သွားတယ်။+ ယေဟောဝါရဲ့ ဗိမာန်တော်မုခ်ဝနဲ့ ပူဇော်ရာပလ္လင်ကြားက ဝင်ပေါက်မှာ အမျိုးသား ၂၅ ယောက်လောက် ရှိနေတယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ကို ကျောခိုင်းပြီး အရှေ့အရပ်ကို မျက်နှာမူရင်း နေမင်းကို ဦးချရှိခိုးနေကြတယ်။+
၁၇ သူက “လူသား၊ မင်းမြင်ပြီလား။ ဒီလိုရွံစရာတွေ လုပ်ရတာ၊ တိုင်းပြည်ကို အကြမ်းဖက်မှုတွေနဲ့ ပြည့်စေပြီး+ ငါ့ကိုစိတ်ဆိုးအောင် လုပ်ရတာဟာ အသေးအဖွဲလေးပါလို့ ယုဒအမျိုး ထင်နေတာလား။ သူတို့က ငါ့နှာခေါင်းကို သစ်ခက်နဲ့* တို့ကြတယ်။
၁၈ ဒါကြောင့် ငါဒေါသတကြီး အရေးယူမယ်။ သူတို့အတွက် ဝမ်းမနည်းဘူး။ သနားညှာတာမှာ မဟုတ်ဘူး။+ သူတို့ အကျယ်ကြီး အော်ခေါ်ရင်တောင် ငါနားမထောင်ဘူး”+ လို့ပြောတယ်။