ယေရမိ ၁၄:၁-၂၂
၁၄ မိုးခေါင်ခြင်းဘေးနဲ့ပတ်သက်ပြီး ယေဟောဝါက ယေရမိကို ပြောတယ်–+
၂ ယုဒက ညည်းတွားငိုကြွေးနေတယ်။+
မြို့တံခါးတွေ ပျက်စီးပြီး စိတ်ပျက်လက်ပျက်နဲ့ မြေပေါ် လဲပြိုနေတယ်။
ဂျေရုဆလင်ရဲ့ငိုသံဟာ အထက်ကို တက်နေတယ်။
၃ သခင်တွေက ကျွန်တွေကို ရေခပ်ခိုင်းတယ်။
သူတို့က ရေတွင်းကိုသွားပေမဲ့ ရေမတွေ့ဘူး။
အိုးထဲမှာ ရေမပါဘဲ ပြန်လာကြတယ်။
အရှက်တကွဲဖြစ်ပြီး စိတ်ပျက်နေတဲ့အတွက် ခေါင်းကို ဖုံးထားကြတယ်။
၄ တိုင်းပြည်မှာ မိုးမရွာတဲ့အတွက် မြေတွေ အက်ကွဲနေတယ်။+
လယ်သမားတွေ တုန်လှုပ်ချောက်ချားပြီး ခေါင်းကိုဖုံးထားကြတယ်။
၅ မြက်တွေ မရှိတဲ့အတွက် သမင်မတောင် သားပေါက်လေးကို ပစ်ထားခဲ့တယ်။
၆ မြည်းရိုင်းတွေက တောင်ကတုံးတွေပေါ်မှာ ရပ်ပြီး ခွေးအတွေလို အသက်ကို လုရှူရင်း မောဟိုက်နေတယ်။
အပင်တွေမရှိတဲ့အတွက် အစာရှာရင်း မျက်စိတွေ မှုန်ဝါးနေတယ်။+
၇ အို ယေဟောဝါ၊ ကျွန်တော်တို့ရဲ့ အမှားတွေက ကျွန်တော်တို့မှားကြောင်း သက်သေထွက်ဆိုနေပေမဲ့ နာမတော်ကိုထောက်ပြီး လုပ်ဆောင်ပေးပါ။+
ကျွန်တော်တို့ သစ္စာမဲ့ပေါင်းလည်း များလှပါပြီ။+
ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။
၈ အစ္စရေးရဲ့ မျှော်လင့်ချက်၊ ဒုက္ခရောက်ချိန်မှာ ကယ်တင်တဲ့အရှင်၊+ကိုယ်တော်ဟာ တိုင်းပြည်မှာ သူစိမ်းတစ်ယောက်လို ဘာလို့ ဖြစ်နေတာလဲ။
ညအိပ်တည်းခိုတဲ့ ခရီးသည်လို ဘာလို့ ဖြစ်နေတာလဲ။
၉ မှင်တက်နေတဲ့သူလို၊ခွန်အားကြီးလျက်နဲ့ မကယ်တင်နိုင်တဲ့သူလို ဘာလို့ ဖြစ်နေတာလဲ။
အို ယေဟောဝါ၊ ကျွန်တော်တို့အလယ်မှာ ဘုရားရှိနေတာပဲ။+
ကျွန်တော်တို့ကို နာမတော်နဲ့ မှည့်ခေါ်ထားတာပဲ။+
ကျွန်တော်တို့ကို မစွန့်ပစ်လိုက်ပါနဲ့။
၁၀ ဒီလူတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက “သူတို့ဟာ လှည့်လည်သွားလာရတာကို ကြိုက်တယ်။+ ခြေထောက်ကို မထိန်းချုပ်ကြဘူး။+ ဒါကြောင့် သူတို့ကို ယေဟောဝါ မနှစ်သက်ဘူး။+ အခု သူတို့ရဲ့အမှားတွေကို သတိရပြီး အပြစ်တွေအတွက် ဖြေရှင်းချက်တောင်းမယ်။”+
၁၁ အဲဒီနောက် ကျွန်တော့်ကို ယေဟောဝါ ပြောတယ်– “ဒီလူတွေ ကောင်းစားဖို့ ဆုမတောင်းပေးပါနဲ့။+
၁၂ အစာရှောင်ချိန်မှာ သူတို့ အသနားခံတာကို ငါနားမထောင်ဘူး။+ သူတို့ပူဇော်တဲ့ အကုန်အစင် မီးရှို့ရာအလှူတွေ၊ ကောက်နှံအလှူတွေကို ငါမနှစ်သက်ဘူး။+ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သူတို့ကို ပယ်ရှင်းမယ်။”+
၁၃ အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ပရောဖက်တွေက ‘ဓားဘေးကို မင်းတို့ မြင်ရမှာမဟုတ်ဘူး။ အငတ်ဘေး ကြုံရမှာလည်း မဟုတ်ဘူး။ ဘုရားက ဒီနေရာမှာ စစ်မှန်တဲ့ငြိမ်သက်ခြင်း ပေးမယ်’ လို့ ဟောနေပါတယ်” ဆိုပြီး ပြောလိုက်တယ်။+
၁၄ ဒါနဲ့ ယေဟောဝါက “အဲဒီပရောဖက်တွေ ငါ့နာမည်သုံးပြီး မဟုတ်မမှန်တာတွေ ဟောနေတယ်။+ သူတို့ကို ငါစေလွှတ်တာ မဟုတ်ဘူး။ အဲဒီလို ငါမမိန့်မှာခဲ့သလို ပြောလည်း မပြောခဲ့ဘူး။+ မမှန်တဲ့စိတ်အာရုံတွေ၊ အသုံးမဝင်တဲ့ နတ်ဆိုးပညာတွေ၊ စိတ်ရဲ့လှည့်စားမှုတွေအတိုင်း ပရောဖက်ပြုနေကြတာ။+
၁၅ ဒါကြောင့် ငါမစေလွှတ်ဘဲ ငါ့နာမည်သုံးပြီး ဟောနေတဲ့ ပရောဖက်တွေ၊ ဒီပြည်မှာ ဓားဘေး၊ အငတ်ဘေးကြုံရမှာ မဟုတ်ဘူးလို့ ဟောနေတဲ့ ပရောဖက်တွေနဲ့ပတ်သက်ပြီး ငါယေဟောဝါပြောမယ်– ‘ဒီပရောဖက်တွေဟာ ဓားဘေး၊ အငတ်ဘေးနဲ့ ပျက်စီးရလိမ့်မယ်။+
၁၆ သူတို့ပရောဖက်ပြုတာကို နားထောင်တဲ့သူတွေလည်း ဓားဘေး၊ အငတ်ဘေးကြောင့် ဂျေရုဆလင်ရဲ့ လမ်းတွေပေါ်မှာ စွန့်ပစ်ခံရလိမ့်မယ်။ သူတို့ကိုရော သားမယားတွေကိုပါ သင်္ဂြိုဟ်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။+ သူတို့ခံထိုက်တဲ့ ဘေးဆိုးကို ငါကျရောက်စေမယ်။’+
၁၇ “သူတို့ကို ပြောလိုက်ပါ–
‘ကျွန်တော့်မျက်ရည်တွေ ချောင်းရေလို နေ့ရောညပါ စီးဆင်းပါစေ။+
ကျွန်တော့်ရဲ့လူမျိုး သမီးပျိုဟာ
အပြင်းအထန် ဒဏ်ရာရပြီး ပြိုလဲပျက်စီးသွားပြီ။+
၁၈ လယ်ပြင်ကို သွားကြည့်ရင် ဓားဘေးကြောင့် သေနေသူတွေကို တွေ့ရတယ်။+
မြို့ထဲ ဝင်လာရင်လည်း အငတ်ဘေးကြောင့် ရောဂါရနေသူတွေကို မြင်ရတယ်။+
ပရောဖက်တွေရော ပုရောဟိတ်တွေပါ သူတို့ မသိတဲ့ပြည်မှာ လျှောက်သွားနေတယ်။’”+
၁၉ ဘုရားသခင်၊ ယုဒကို လုံးဝ ပစ်ပယ်လိုက်ပြီလား။ ဇိအုန်ကို စက်ဆုပ်ရွံရှာနေပြီလား။+
ကုသလို့ မရတဲ့အထိ ဘာလို့ ဒဏ်ခတ်တာလဲ။+
ငြိမ်သက်ခြင်းကို မျှော်လင့်ပေမဲ့ ကောင်းတာတစ်ခုမှ ရောက်မလာဘူး။
ကုသခံရမယ့်အချိန်ကို မျှော်လင့်ပေမဲ့ ထိတ်လန့်စရာတွေပဲ ရောက်လာတယ်။+
၂၀ ယေဟောဝါဘုရား၊ ကိုယ်တိုင်ရဲ့ ဆိုးညစ်မှုနဲ့
ဘိုးဘေးတို့ရဲ့ အမှားတွေကို ဝန်ခံပါတယ်။
ကိုယ်တော့်ကို ကျွန်တော်တို့ ပြစ်မှားမိပါပြီ။+
၂၁ နာမတော်ကိုထောက်ပြီး ကျွန်တော်တို့ကို မပစ်ပယ်လိုက်ပါနဲ့။+
ဘုန်းကြီးတဲ့ရာဇပလ္လင်ကို အထင်မသေးလိုက်ပါနဲ့။
ကျွန်တော်တို့နဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ကို သတိရပေးပါ။ မပယ်ဖျက်လိုက်ပါနဲ့။+
၂၂ လူမျိုးခြားတို့ရဲ့ အသုံးမဝင်တဲ့ရုပ်တုတွေက မိုးရွာစေနိုင်လို့လား။
ကောင်းကင်က သူ့အလိုလို မိုးရွာနိုင်လို့လား။
ယေဟောဝါဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ လုပ်ဆောင်နိုင်တာပါ။+
ကိုယ်တော်တစ်ပါးတည်းသာ လုပ်ဆောင်ခဲ့တဲ့အတွက် ကိုယ်တော့်ကိုပဲ မျှော်လင့်နေပါတယ်။