ယေရမိ ၁၅:၁-၂၁
၁၅ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ငါ့ရှေ့မှာ မောရှေနဲ့ ရှမွေလ ရပ်နေရင်တောင်+ သူတို့ကို ငါမျက်နှာသာပေးမှာ မဟုတ်ဘူး။ ငါ့ရှေ့ကနေ မောင်းထုတ်ပစ်။ သူတို့ သွားပါစေ။
၂ ‘ဘယ်ကိုသွားရမှာလဲ’ လို့မေးခဲ့ရင် ပြောလိုက်။ ‘ယေဟောဝါ ပြောတာက–
“တချို့ ရောဂါဆိုးနဲ့ သေမယ်။
တချို့ ဓားဘေးနဲ့ သေမယ်။+
တချို့ အငတ်ဘေးနဲ့ သေမယ်။
တချို့ သုံ့ပန်းဘဝ ရောက်သွားမယ်။”’+
၃ “‘သတ်ဖြတ်မယ့်ဓား၊ ကိုက်ဆွဲမယ့်ခွေး၊ ဝါးမျိုဖျက်ဆီးမယ့် မိုးကောင်းကင်ငှက်တွေနဲ့ မြေပေါ်က သားရဲတွေဆိုတဲ့+ ဘေးဆိုး* လေးမျိုးကို သူတို့အပေါ် ငါကျရောက်စေမယ်။+ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။
၄ ဂျေရုဆလင်မြို့မှာ ဟေဇကိရဲ့သား၊ ယုဒဘုရင် မနာရှေ လုပ်ခဲ့တာတွေကြောင့်+ သူတို့ကို ကမ္ဘာ့တိုင်းနိုင်ငံတွေ ထိတ်လန့်စရာ ဖြစ်စေမယ်။+
၅ အို ဂျေရုဆလင်၊ မင်းကို ဘယ်သူ သနားမှာလဲ။
ဘယ်သူ ကိုယ်ချင်းစာမှာလဲ။
နေကောင်းရဲ့လားလို့ ဘယ်သူမေးမှာလဲ။’
၆ ‘မင်းက ငါ့ကို စွန့်ပစ်တယ်။+
အမြဲကျောခိုင်းတယ်။*+
ဒီတော့ ငါလည်း လက်ကိုဆန့်ပြီး မင်းကို ဖျက်ဆီးမယ်။+
မင်းကို သနားရတာ ငြီးငွေ့လာပြီ။’ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။
၇ ‘ငါက မြို့တံခါးတွေမှာ သူတို့ကို ကောက်ဆွနဲ့ လှေ့မယ်။
သူတို့ရဲ့သားသမီးတွေကို ဆုံးပါးစေမယ်။+
ငါ့လူတွေက သူတို့ရဲ့လမ်းစဉ်ကနေ ပြန်မလှည့်လာတဲ့အတွက် သူတို့ကို ဖျက်ဆီးပစ်မယ်။+
၈ သူတို့ရဲ့ မုဆိုးမတွေဟာ ငါ့ရှေ့မှာ ပင်လယ်သဲပွင့်တွေထက် များလိမ့်မယ်။
ဖျက်ဆီးသူကို မွန်းတည့်ချိန်မှာ မိခင်တွေနဲ့လူငယ်တွေဆီ ငါခေါ်လာမယ်။
တုန်လှုပ်ချောက်ချားစရာတွေ ရုတ်တရက် ကျရောက်စေမယ်။
၉ ကလေးခုနစ်ယောက် မွေးထားတဲ့ မိန်းမက မေ့မြောနေတယ်။
အသက်ကို မနည်း လုရှူနေရတယ်။
နေ့အချိန်မှာပဲ နေဝင်သွားတဲ့အတွက် သူ အရှက်တကွဲ အကျိုးနည်းဖြစ်သွားပြီ။’*
‘ကျန်ကြွင်းသူ အနည်းငယ်ကိုတော့
ရန်သူတွေရှေ့မှာ ဓားဘေးနဲ့ ငါသေစေမယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”+
၁၀ အမေရယ်၊ ကျွန်တော့်အဖြစ်က ဆိုးလိုက်တာ။+
တစ်တိုင်းပြည်လုံး ငြင်းခုံရန်တွေ့ကြမယ့်သူကို အမေ မွေးထုတ်လိုက်တာပဲ။
ကျွန်တော်က သူများကို မချေးပေးဖူးပါဘူး။ မချေးယူဖူးပါဘူး။
ဒါတောင် အားလုံးက ကျွန်တော့်ကို ကျိန်ဆဲကြတယ်။
၁၁ အဲဒီအခါ ယေဟောဝါက “မင်းရဲ့ကောင်းကျိုးအတွက် ငါဆက်ဆက် လုပ်ဆောင်ပေးမယ်။
ဘေးဆိုးကြုံရတဲ့အခါ၊ ဒုက္ခရောက်တဲ့အခါ
မင်းအတွက် ရန်သူတွေရှေ့မှာ ငါကြားဝင်ဆောင်ရွက်ပေးမယ်။
၁၂ သံကို၊ အထူးသဖြင့် မြောက်အရပ်ကထွက်တဲ့ သံကို၊ကြေးနီကို ဘယ်သူ အပိုင်းပိုင်း ချိုးဖြတ်နိုင်သလဲ။
၁၃ နယ်မြေတစ်လျှောက်မှာ မင်းတို့လုပ်ခဲ့တဲ့ အပြစ်တွေကြောင့်
မင်းတို့ရဲ့ ပစ္စည်းဥစ္စာတွေ၊ အဖိုးတန်ရတနာတွေကို လုယက်ပစ္စည်းတွေအဖြစ် ငါအလကားပေးမယ်။+
၁၄ အဲဒါတွေကို ရန်သူတွေဆီ ပေးပစ်လိုက်မယ်။
မင်းတို့မသိတဲ့ပြည်ဆီ သိမ်းသွားကြလိမ့်မယ်။+
ငါ့အမျက်ကြောင့်လောင်တဲ့ မီးဟာ
မင်းတို့ကို ဝါးမျိုသွားမယ်”+ လို့ပြောတယ်။
၁၅ ယေဟောဝါဘုရား၊ ကျွန်တော့်အဖြစ်ကို ကိုယ်တော် သိပါတယ်။
ကျွန်တော့်ကို သတိရပြီး အာရုံစိုက်လှည့်ပါ။
ညှဉ်းပန်းနှိပ်စက်နေသူတွေကို လက်စားချေပေးပါ။+
ထွက်ခဲလှတဲ့ အမျက်တော်ကြောင့် ကျွန်တော် မပျက်စီးသွားပါရစေနဲ့။
ကိုယ်တော့်ကြောင့် ဒီလိုကဲ့ရဲ့ရှုတ်ချခံနေရတာကို သိမှတ်ပေးပါ။+
၁၆ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ နှုတ်တော်ထွက်စကားတွေကို တွေ့တာနဲ့ ကျွန်တော် စားလိုက်တယ်။+
နာမတော်ကို ခံယူထားတဲ့အတွက် နှုတ်တော်ထွက်စကားတွေက ကျွန်တော့်ကို ရွှင်လန်းစေတယ်။ ရင်ကို ကြည်နူးစေပါတယ်။
၁၇ ပျော်ပွဲရွှင်ပွဲကြိုက်တဲ့ လူတွေနဲ့အတူ ကျွန်တော် မထိုင်ပါဘူး။ သူတို့နဲ့အတူ လိုက်မပျော်ပါဘူး။+
ကျွန်တော့်ကို အမျက်ဒေါသနဲ့* ပြည့်စေတဲ့အတွက်၊ကျွန်တော့်အပေါ် လက်တော်သက်ရောက်နေတဲ့အတွက် တစ်ယောက်တည်းပဲ ထိုင်နေပါတယ်။+
၁၈ ကျွန်တော် ဘာလို့ ဒီလောက်အကြာကြီး ဝေဒနာခံနေရတာလဲ။ ဒဏ်ရာကလည်း ဘာဖြစ်လို့ ကုလို့မရတာလဲ။
ပျောက်ကို မပျောက်နိုင်ပါလား။
ကိုယ်တော်ဟာ ကျွန်တော့်အတွက် လှည့်စားတတ်တဲ့ ချောင်းရေလို ဖြစ်နေပြီလား။
ယုံစားလို့ မရတော့ဘူးလား။
၁၉ ဒါကြောင့် ယေဟောဝါက “မင်းပြန်လှည့်လာမယ်ဆိုရင် ငါ မျက်နှာသာပြန်ပေးမယ်။
ငါ့ရှေ့မှာ ရပ်ရလိမ့်မယ်။
မင်းက တန်ဖိုးမရှိတဲ့အရာတွေထဲကနေ တန်ဖိုးရှိတာကို ခွဲထုတ်မယ်ဆိုရင် ငါ့ရဲ့နှုတ်လို ဖြစ်လာမယ်။*
သူတို့ မင်းဆီ ပြန်လှည့်လာမယ်။
မင်းကတော့ သူတို့ဆီ ပြန်မလှည့်သွားရဘူး” လို့ပြောတယ်။
၂၀ အဲဒီအပြင် ယေဟောဝါက “ငါက ဒီလူတွေအလယ်မှာ မင်းကို ခိုင်ခံ့တဲ့ ကြေးနီမြို့ရိုး ဖြစ်စေမယ်။+
မင်းကို သူတို့ ကျိန်းသေတိုက်ခိုက်ကြမယ်။
ဒါပေမဲ့ အနိုင်ရမှာ မဟုတ်ဘူး။+
မင်းကို ကယ်တင်ဖို့၊ ကယ်ဆယ်ဖို့ မင်းနဲ့အတူ ငါရှိတယ်။
၂၁ မင်းကို လူဆိုးတွေရဲ့ လက်ထဲကနေ ငါကယ်မယ်။
ရက်စက်သူတွေရဲ့ လက်ခုပ်ထဲကနေ ငါရွေးမယ်” လို့ပြောတယ်။