ယေရမိ ၁၆:၁-၂၁
၁၆ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်–
၂ “မင်းက ဒီနေရာမှာ မိန်းမ မယူရဘူး။ သားသမီးတွေ မမွေးရဘူး။
၃ ဒီမှာမွေးတဲ့ သားသမီးတွေနဲ့ပတ်သက်ပြီး၊ ဒီပြည်မှာရှိတဲ့ သူတို့ရဲ့မွေးမိခင်၊ မွေးဖခင်တွေနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောတာက–
၄ ‘ရောဂါဆိုးနဲ့ သူတို့ သေရလိမ့်မယ်။+ ညည်းတွားငိုကြွေးမယ့်သူ၊ သင်္ဂြိုဟ်မယ့်သူ တစ်ယောက်မှရှိမှာ မဟုတ်ဘူး။ မြေပေါ်မှာ မစင်လို ဖြစ်သွားမယ်။+ ဓားဘေး၊ အငတ်ဘေးနဲ့ ပျက်စီးသွားမယ်။+ အလောင်းတွေဟာ မိုးကောင်းကင်ငှက်တွေ၊ မြေသားရဲတွေအတွက် စားစရာဖြစ်သွားမယ်။’
၅ ယေဟောဝါ ပြောတာက ‘ညည်းတွားငိုကြွေးသူတွေရဲ့ အိမ်မှာ စားသောက်ပွဲလုပ်ရင် အဲဒီအိမ်ထဲ မင်းမဝင်နဲ့။
ငိုကြွေးမြည်တမ်းဖို့၊ ကိုယ်ချင်းစာကြောင်းပြောဖို့ အဲဒီကို မသွားနဲ့။’+
ငါယေဟောဝါ ပြောမယ်–‘ဒီလူတွေဆီကနေ ငြိမ်သက်ခြင်း၊ ခိုင်မြဲတဲ့မေတ္တာနဲ့ ကရုဏာကို ငါရုပ်သိမ်းလိုက်ပြီ။+
၆ ဒီပြည်မှာရှိတဲ့ အယုတ်အမြတ်မရွေး သေဆုံးလိမ့်မယ်။
သူတို့ကို သင်္ဂြိုဟ်မှာ မဟုတ်ဘူး။
သူတို့အတွက် ငိုကြွေးမယ့်သူ၊ကိုယ့်အသားကို ဓားနဲ့မွှန်းတဲ့သူ၊ ခေါင်းရိတ်တဲ့သူ ရှိမှာ မဟုတ်ဘူး။*
၇ သေလွန်သူအတွက် ငိုကြွေးနေသူကို နှစ်သိမ့်တဲ့အနေနဲ့
အစားအစာ ပြင်ဆင်ပေးမယ့်သူ၊မိဘသေဆုံးသွားလို့ ငိုကြွေးနေသူကို နှစ်သိမ့်တဲ့အနေနဲ့
ဝိုင်တိုက်မယ့်သူ ရှိမှာမဟုတ်ဘူး။
၈ စားသောက်ပွဲလုပ်နေတဲ့ အိမ်ထဲ မင်းမဝင်ပါနဲ့။
သူတို့နဲ့အတူ ထိုင်ပြီး မစားသောက်ပါနဲ့။’
၉ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက ‘ဒီနေရာမှာ ရွှင်လန်းဝမ်းမြောက်တဲ့အသံ၊ သတို့သားရဲ့အသံ၊ သတို့သမီးရဲ့အသံကို မင်းတို့ရှေ့မှာ၊ မင်းတို့လက်ထက်မှာ ငါတိတ်ဆိတ်စေမယ်။’+
၁၀ “အဲဒီစကားတွေကို မင်းပြောတဲ့အခါ သူတို့က ‘ဒီဘေးဆိုးကြီးတွေ ငါတို့အပေါ် ကျရောက်မယ်လို့ ယေဟောဝါဘုရား ဘာလို့ပြောရတာလဲ။ ယေဟောဝါအပေါ် ငါတို့ ဘာအမှားတွေ၊ အပြစ်တွေ ကျူးလွန်ခဲ့လို့လဲ’ ဆိုပြီး မေးလိမ့်မယ်။+
၁၁ အဲဒီအခါ မင်းက ‘ယေဟောဝါ ပြောတယ်– “မင်းတို့ရဲ့ ဘိုးဘေးတွေက ငါ့ကိုစွန့်ပစ်ခဲ့တယ်။+ တခြားဘုရားတွေနောက် လိုက်ပြီး ဦးချဝတ်ပြုခဲ့တယ်။+ ငါ့ကိုတော့ စွန့်ပစ်ပြီး ငါ့ပညတ်ကို မလိုက်နာခဲ့ကြဘူး။+
၁၂ မင်းတို့က ဘိုးဘေးတွေထက်တောင် ပိုဆိုးတယ်။+ ငါ့ကို နာခံမယ့်အစား ဆိုးညစ်တဲ့ စိတ်အလိုနောက်ကို ခေါင်းမာမာနဲ့ လိုက်ကြတယ်။+
၁၃ ဒါကြောင့် မင်းတို့ရော ဘိုးဘေးတွေပါ မသိတဲ့ ပြည်ဆီ မင်းတို့ကို ငါပစ်ထုတ်လိုက်မယ်။+ ငါမျက်နှာသာ မပေးတော့တဲ့အတွက် မင်းတို့က အဲဒီမှာ တခြားဘုရားတွေကို နေ့ညမပြတ် ဝတ်ပြုရလိမ့်မယ်”+ လို့ပြန်ပြောလိုက်ပါ။’
၁၄ “ယေဟောဝါ ပြောတာက– ‘“အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ကျိန်ဆိုတယ်” ဆိုပြီး မပြောရတော့မယ့်နေ့တွေ ရောက်တော့မယ်။+
၁၅ “အစ္စရေးတွေကို မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ၊ သူတို့ တကွဲတပြား ရောက်သွားတဲ့ ပြည်တွေကနေ ပြန်ခေါ်လာတဲ့အရှင်၊ အသက်ရှင်တဲ့ဘုရား ယေဟောဝါကို တိုင်တည်ကျိန်ဆိုမယ်” ဆိုပြီးတော့ပဲ ပြောကြတော့မယ်။ ဘိုးဘေးတွေကို ပေးခဲ့တဲ့ ပြည်ဆီ သူတို့ကို ငါပြန်ခေါ်လာမယ်။’+
၁၆ ယေဟောဝါ ပြောတာက–
‘တံငါသည်အများကြီးကို ငါစေလွှတ်မယ်။ အဲဒီတံငါသည်တွေက သူတို့ကို မျှားလိမ့်မယ်။
အဲဒီနောက် မုဆိုးအများကြီးကို စေလွှတ်မယ်။
အဲဒီမုဆိုးတွေက တောင်တန်းတောင်ကုန်းတွေပေါ်မှာ၊ကျောက်ကြိုကျောက်ကြားတွေမှာ သူတို့ကို လိုက်ဖမ်းလိမ့်မယ်။
၁၇ သူတို့လုပ်သမျှကို ငါကြည့်နေတယ်။
ငါမမြင်အောင် ပုန်းရှောင်လို့မရဘူး။
သူတို့ရဲ့အမှားတွေကို ငါမတွေ့အောင် ဝှက်ထားလို့မရဘူး။
၁၈ အရင်ဆုံး၊ သူတို့ရဲ့အမှားတွေ၊ အပြစ်တွေအတွက် အပြည့်အဝ ငါပြန်ဆပ်ပေးမယ်။+
သူတို့က ငါ့ပြည်ကို ရွံရှာဖွယ် သက်မဲ့ရုပ်တုတွေနဲ့ ညစ်ညူးစေပြီးငါ့အမွေကို ရွံမုန်းစရာတွေနဲ့ ပြည့်စေခဲ့လို့ပဲ။’”+
၁၉ အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော့်အစွမ်းခွန်အား၊ ကျွန်တော့်ရဲတိုက်ပါ။
ဒုက္ခရောက်ချိန်မှာ ပြေးဝင်ခိုနားတဲ့နေရာပါ။+
လူမျိုးတွေက ကမ္ဘာမြေအစွန်အဖျားကနေ ကိုယ်တော့်ဆီ လာပြီး“ကျွန်တော်တို့ဘိုးဘေးတွေက လုံးဝ မှားယွင်းတဲ့အရာ၊အချည်းနှီးဖြစ်တဲ့အရာ၊ အသုံးမဝင်တဲ့ အရာတွေကိုပဲ အမွေရခဲ့တယ်”+ လို့ပြောကြလိမ့်မယ်။
၂၀ လူက ကိုယ့်အတွက် ဘုရားတွေ လုပ်နိုင်ပါ့မလား။
လူလုပ်တဲ့အရာတွေဟာ ဘုရားစစ်ဘုရားမှန်မှ မဟုတ်တာ။+
၂၁ “ဒါကြောင့် ငါက သူတို့သိအောင် လုပ်မယ်။
ဒီအချိန်မှာ ငါ့တန်ခိုးနဲ့ ခွန်အားကို သူတို့သိအောင် လုပ်မယ်။
ငါ့နာမည်ဟာ ယေဟောဝါဖြစ်မှန်း သူတို့သိရကြလိမ့်မယ်။”
အောက်ခြေမှတ်ချက်များ
^ အယူဖောက်ပြန်တဲ့ အစ္စရေးပြည်မှာ လုပ်နေကြတဲ့ အယူမှားဓလေ့ထုံးစံ။