ယေရမိ ၁၇:၁-၂၇

  • အရိုး​စွဲ​နေ​တဲ့ ယုဒ​ရဲ့​အပြစ် (၁-၄)

  • ယေဟောဝါ​ကို ယုံ​ကြည်​အား​ထား​ရင် ကောင်း​ချီး​ရ (၅-၈)

  • စဉ်း​လဲ​တဲ့ စိတ်​နှလုံး (၉-၁၁)

  • အစ္စရေး​တို့​ရဲ့​မျှော်​လင့်​ချက် ယေဟောဝါ (၁၂၊ ၁၃)

  • ယေ​ရ​မိ​ရဲ့ ဆုတောင်း​ချက် (၁၄-၁၈)

  • ဥ​ပုသ်​နေ့​ကို မြင့်မြတ်​တဲ့​နေ့​အဖြစ် စောင့်​ထိန်း (၁၉-၂၇)

၁၇  “ယုဒ​ရဲ့​အပြစ်​ကို သံ​က​လောင်​တံ​နဲ့ ရေး​မှတ်​ထား​တယ်။ သူတို့​ရဲ့​နှလုံး​သား​ပေါ်​မှာ၊ ယဇ်​ပလ္လင် ဦး​ချို​အတက်​တွေ​ပေါ်​မှာ စိန်​သွား​နဲ့ ရေး​ထွင်း​ထား​တယ်။  ၂  သူတို့​ရဲ့​သား​တွေ​က စိမ်း​လန်း​တဲ့​ သစ်​ပင်​နား​မှာ၊ ကုန်း​မြင့်တွေ​ပေါ်​မှာ၊တောင်​တန်း​တွေ​ ပေါ်​မှာ ရှိ​တဲ့+ယဇ်​ပလ္လင်တွေ​နဲ့ ကိုးကွယ်​ရာ​သစ်​တိုင်​တွေ*+ အကြောင်း​ပဲ တွေး​နေ​ကြ​တယ်။  ၃  နယ်​မြေတစ်​လျှောက်​လုံး​မှာ မင်း​လုပ်​ခဲ့​တဲ့ အပြစ်​တွေ​ကြောင့် မင်း​ရဲ့​ပစ္စည်း​ဥစ္စာတွေ၊ အဖိုး​တန်​ရတနာ​တွေ၊အထွတ်​အမြတ်​နေ​ရာတွေ​ကို+ လုယက်​ပစ္စည်း​အဖြစ် ငါ​ပေး​ပစ်​မယ်။+  ၄  ငါ​ပေး​တဲ့​အမွေ​ကို မင်း ဆုံး​ရှုံး​ရ​လိမ့်​မယ်။ ဒါ​ဟာ ကိုယ့်​အပြစ်​နဲ့​ကိုယ်​ပဲ။+ မင်း​မသိ​တဲ့​ပြည်​က ရန်​သူ​တွေ​ဆီ​မှာ ငါ​ကျွန်​ခံ​စေ​မယ်။+ ငါ့​ဒေါသ​ကို မီး​လို​တောက်​အောင် မင်း ဆွ​ပေး​တယ်။*+ အဲဒီ​မီး​ဟာ အမြဲ တောက်​လောင်​နေ​လိမ့်​မယ်။”  ၅  ယေဟောဝါ ပြော​တာ​က– “လူ​တွေ​ကို ယုံ​ကြည်​ကိုး​စား​တဲ့​သူ၊+လူ့​အစွမ်း​တန်ခိုး​ကို အား​ကိုး​တဲ့​သူ၊+ယေဟောဝါ​ဆီ​က​နေ စိတ်​နှလုံး​လမ်း​လွဲ​သွား​တဲ့​သူ ကျိန်​စာ​သင့်​ပါ​စေ။  ၆  သူ​ဟာ ကန္တာရ​မှာ ထီး​တည်း​ရှိ​နေ​တဲ့ သစ်​ပင်​နဲ့ တူ​လိမ့်​မယ်။ ကောင်း​မွန်​ရာတွေ ခံစား​ရ​မှာ မဟုတ်​ဘူး။ တော​ကန္တာရ​ထဲ​က ခြောက်​သွေ့​တဲ့​နေ​ရာတွေ​မှာ၊လူ​မနေ​နိုင်​တဲ့ ဆား​ငန်​မြေမှာ နေထိုင်​ရ​လိမ့်​မယ်။  ၇  ယေဟောဝါ​ကို ယုံ​ကြည်​ကိုး​စား​သူ၊ယေဟောဝါ​ကို ယုံ​ကြည်​အား​ထား​သူ​က​တော့ ကောင်း​ချီး​ခံစား​ရ​မယ်။+  ၈  သူ​ဟာ မြစ်​နား​မှာ စိုက်​ပြီး ရေ​ရှိ​ရာ​ဘက်​ကို အမြစ်​ဖြာ​တဲ့​သစ်ပင်​နဲ့ တူ​လိမ့်​မယ်။ နေ​ပူ​ရှိန်​ကို ခံ​ရ​မှာ မဟုတ်​ဘူး။ အရွက်​တွေ အမြဲစိမ်း​လန်း​နေ​လိမ့်​မယ်။+ မိုး​ခေါင်​တဲ့​နှစ်​မှာ စိုး​ရိမ်​စ​ရာ​မလို​ဘူး။ အသီး​မသီး​ဘဲ မနေ​ဘူး။  ၉  စိတ်​နှလုံး​ဟာ အရာ​အားလုံး​ထက် စဉ်း​လဲ​တယ်။* ထင်​ရာ​စိုင်း​တတ်​တယ်။*+ စိတ်​ရဲ့​သဘော​ကို ဘယ်​သူ သိနိုင်​သလဲ။ ၁၀  ငါ​ယေဟောဝါ​က လူ​တစ်​ယောက်​စီ​ကို သူ့​လမ်း​စဉ်တွေ၊ လုပ်​ရပ်တွေရဲ့ အကျိုး​ဆက်​ကို ပြန်​ဆပ်​ပေး​ဖို့+ စိတ်​နှလုံး​ကို စစ်​ကြော​ပြီး+ အနက်​ရှိုင်း​ဆုံး​ခံစား​ချက်​တွေ​ကို* စစ်​ဆေး​တယ်။ ၁၁  မသမာ​နည်း​နဲ့ ချမ်း​သာ​နေ​တဲ့​သူ​ဟာ သူ​တစ်ပါး​ရဲ့​ဥ​တွေ​ကို ဝပ်​တဲ့ ခါ​ငှက်​နဲ့​တူ​တယ်။+ သက်​တမ်း​တစ်​ဝက်​မှာ​ပဲ စည်း​စိမ်​တွေ​ကို ထား​ခဲ့ရ​လိမ့်​မယ်။ နောက်​ဆုံး​တော့ အသိ​တ​ရား​မဲ့​သူ ဖြစ်​သွား​လိမ့်​မယ်။” ၁၂  အစ​က​တည်း​က ချီး​မြှောက်​ထား​တဲ့ ဘုန်း​ကြီး​တဲ့​ရာ​ဇ​ပလ္လင်​ဟာ ကျွန်​တော်​တို့​ရဲ့ သန့်​ရှင်း​ရာ​ဌာန​တော်​ပဲ။+ ၁၃  အစ္စရေး​တို့​ရဲ့ မျှော်​လင့်​ချက်​ဖြစ်​တဲ့ ယေဟောဝါ၊ကိုယ်​တော့်​ကို စွန့်​ပစ်​သူ​တိုင်း အရှက်​ကွဲ​ရ​လိမ့်​မယ်။ ကိုယ်​တော့်​ကို စွန့်​ခွာ​သွား​တဲ့​ အယူ​ဖောက်​ပြန်​သူ​တွေရဲ့ နာမည်​ကို မြေပေါ်​မှာ ရေး​မှတ်​လိမ့်​မယ်။+ သူတို့​ဟာ အသက်​ရေရဲ့​ပင်​ရင်း ယေဟောဝါ​ဘု​ရား​ကို စွန့်​ပစ်​ကြ​လို့​ပဲ။+ ၁၄  ယေဟောဝါ​ဘု​ရား၊ ကျွန်​တော့်​ကို ကု​သပေး​ပါ။ ဒါ​ဆို​ရင် ရော​ဂါ​ပျောက်​ကင်း​သွား​မှာ​ပါ။ ကျွန်​တော့်​ကို ကယ်​တင်​ပါ။ ဒါ​ဆို​ရင် ကယ်​တင်​ခံ​ရ​မှာ​ပါ။+ ကိုယ်​တော့်​ကို ချီး​မွမ်း​ပါ​တယ်။ ၁၅  “ယေဟောဝါ​ရဲ့ နှုတ်​ထွက်​စကား​တွေ ဘယ်​ရောက်​သွား​ပြီလဲ။+ အဲဒီ​စကား​တွေ​အတိုင်း ဖြစ်​လာ​ပါ​စေ” လို့ ကျွန်​တော့်​ကို ပြော​နေ​ကြ​တယ်။ ၁၆  ကျွန်​တော်​ဟာ သိုးထိန်း​လို နောက်​တော်​ကို လိုက်​မြဲလိုက်​နေ​ပါ​တယ်။ ထွက်​မပြေး​ပါ​ဘူး။ ဘေး​ဒုက္ခရောက်​မယ့်​နေ့​ကို​လည်း မတောင့်​တ​ပါ​ဘူး။ ကျွန်​တော်​ပြော​သမျှ ကိုယ်​တော် အသိ​ဆုံး​ပါ။ ရှေ့​တော်​မှာ ကျွန်​တော် ပြော​ခဲ့​တာ​ပါ။ ၁၇  ကျွန်​တော် ထိတ်​လန့်​အောင် မလုပ်ပါနဲ့။ ဘေး​ဆိုး​ကျ​ရောက်​တဲ့​နေ့​မှာ ကိုယ်တော်​ဟာ ကျွန်​တော့်​ခိုလှုံရာပါ။ ၁၈  ညှဉ်း​ပန်း​နှိပ်​စက်​သူ​တွေ အရှက်​ကွဲပါ​စေ။+ ကျွန်​တော်​တော့ အရှက်​မကွဲ​ပါရစေ​နဲ့။ သူတို့​တွေ ထိတ်​လန့်​သွား​ပါ​စေ။ ကျွန်​တော်​တော့ မထိတ်​လန့်​ပါ​ရ​စေ​နဲ့။ သူတို့​အပေါ် ဘေး​ဆိုး​ကျ​ရောက်​စေ​ပါ။+ သူတို့​ကို ခြေ​မွှ​ပြီး အကုန်​အစင် ဖျက်​ဆီး​လိုက်​ပါ။ ၁၉  ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– “ယုဒ​ဘု​ရင်တွေ​ဝင်​ထွက်​နေ​တဲ့ ပြည်​သူ့​မြို့​တံခါး​နဲ့ ဂျေရု​ဆ​လင်​မြို့​တံခါး​တွေ​ဆီ သွား​ပြီး ရပ်​နေ​ပါ။+ ၂၀  ပြီး​တော့ သူတို့​ကို ပြော​ရ​မှာ​က ‘ဒီ​မြို့​တံခါး​တွေ​က​နေ ဝင်​ထွက်​နေ​တဲ့ ယုဒ​ရှင်​ဘု​ရင်​တို့၊ ယုဒ​လူ​အပေါင်း​တို့၊ ဂျေရု​ဆ​လင်​မြို့​သူ​မြို့​သား​အပေါင်း​တို့၊ ယေဟောဝါ​ရဲ့​စကား​ကို နား​ထောင်​ကြ။ ၂၁  ယေဟောဝါ​ပြော​တာ​က “ဥ​ပုသ်​နေ့​မှာ ဝန်​ထုပ်​တွေ မသယ်​ဖို့၊ ဂျေရု​ဆ​လင်​မြို့​တံခါး​တွေ​ကို ဖြတ်​ပြီး မသယ်​လာ​ဖို့ သတိ​ပြု​ကြ​ပါ။+ ၂၂  ဥ​ပုသ်​နေ့​မှာ ဝန်​ထုပ်​တွေ​ကို အိမ်​ထဲ​က​နေ မသယ်​ထုတ်​ရ​ဘူး။ ဘာ​အလုပ်​မှ မလုပ်​ရ​ဘူး။+ ဘိုး​ဘေး​တွေ​ကို ငါ​မိန့်မှာ​ခဲ့​တဲ့​အတိုင်း ဥပုသ်​နေ့​ကို မြင့်မြတ်​တဲ့​နေ့​အဖြစ် စောင့်​ထိန်း​ပါ။+ ၂၃  ဘိုး​ဘေး​တွေ​က​တော့ နား​မထောင်​ခဲ့​ဘူး။ နား​မစွင့်ခဲ့​ဘူး။ မနာ​ခံ​ဘဲ ခေါင်း​မာ​ခဲ့​ကြ​တယ်။* ဆုံးမ​တာ​ကို လက်မခံ​​ခဲ့​ကြ​ဘူး။”’+ ၂၄  “ငါ​ယေဟောဝါ ပြော​မယ်– ‘“မင်း​တို့​သာ ငါ့​စကား​ကို မြေဝယ်​မကျ နာ​ခံ​မယ်​ဆို​ရင်၊ ဥ​ပုသ်​နေ့​မှာ ဒီ​မြို့​တံခါး​တွေ​ကို ဖြတ်​ပြီး ဝန်​ထုပ်​တွေ မသယ်​လာ​ဘူး​ဆို​ရင်၊ ဥ​ပုသ်​နေ့​မှာ ဘာ​အလုပ်​မှ မလုပ်​ဘဲ မြင့်မြတ်​တဲ့​နေ့​အဖြစ် စောင့်​ထိန်း​မယ်​ဆို​ရင်၊+ ၂၅  ဒါဝိဒ်ရဲ့ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​တဲ့ ဘု​ရင်တွေ၊ မင်း​ညီ​မင်း​သား​တွေ၊+ ယုဒ​လူ​တွေ၊ ဂျေရု​ဆ​လင်​မြို့​သူ​မြို့​သား​တွေ​ဟာ မြင်း​ရ​ထား​တွေ၊ မြင်း​တွေ​စီး​ပြီး ဒီ​မြို့​တံခါး​တွေ​က​နေ ဝင်​ထွက်​ရ​လိမ့်​မယ်။+ ဒီ​မြို့​မှာ လူ​တွေ အမြဲနေ​ထိုင်​ကြ​လိမ့်​မယ်။ ၂၆  လူ​တွေ​က ယုဒ​ရဲ့​မြို့​တွေ​က​နေ၊ ဂျေရု​ဆလင်​ပတ်​လည်​က​နေ၊ ဗင်ယာ​မိန်​နယ်မြေက​နေ၊+ မြေနိမ့်​ဒေ​သက​နေ၊+ တောင်​တန်း​ဒေ​သက​နေ၊ နေ​ဂပ်​အရပ်​က​နေ အကုန်​အစင် မီး​ရှို့​ရာ​အလှူ၊+ ပူဇော်​သက္ကာ၊+ ကောက်​နှံ​အလှူ၊+ လော​ဗန်၊ ကျေး​ဇူး​တင်​ချီး​မွမ်း​ရာ ပူ​ဇော်​သက္ကာတွေ​ကို ယေဟောဝါ​ရဲ့ အိမ်​တော်​ဆီ ယူ​လာ​ကြ​လိမ့်​မယ်။+ ၂၇  “‘“ဒါ​ပေမဲ့ မင်း​တို့​က ဥ​ပုသ်​နေ့​ကို မြင့်မြတ်​တဲ့​နေ့​အဖြစ် မစောင့်​ထိန်း​ဘူး၊ ငါ့ကို​မနာ​ခံ​ဘဲ ဥ​ပုသ်​နေ့​မှာ ဂျေရု​ဆ​လင်​မြို့​တံခါး​တွေ​က​နေ ဝန်​ထုပ်​တွေ သယ်​လာ​မယ်​ဆို​ရင် မြို့​တံခါး​တွေ​ကို ငါ​မီး​ရှို့​မယ်။ မငြိမ်း​နိုင်​တဲ့+ အဲဒီ​မီး​ဟာ ဂျေရု​ဆလင်​ရဲ့ ခံ​တပ်​မျှော်​စင်​တွေ​ကို ဝါး​မျို​သွား​မယ်။”’”+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
“မင်း​ဟာ ငါ့​ဒေါသ​ကြောင့် မီး​လို စွဲ​လောင်​နေ​တယ်” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “သစ္စာ​ဖောက်​တတ်​တယ်။”
“ပြင်​လို့​မရ ဖြစ်​တတ်​တယ်” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “ကျောက်​ကပ်​တွေ​ကို။”
မူ​ရင်း၊ “လည်​ပင်း​ခိုင်​မာ​ခဲ့​ကြ​တယ်။”