ယေရမိ ၁၈:၁-၂၃

  • အိုး​ထိန်း​သမား​လက်​ထဲ​က ရွှံ့​မြေ (၁-၁၂)

  • အစ္စရေးတွေ​ကို ယေဟောဝါ ကျော​ခိုင်း (၁၃-၁၇)

  • ယေ​ရ​မိ​ကို မကောင်း​ကြံ၊ သူ့​ရဲ့​အသနား​ခံ​ချက် (၁၈-၂၃)

၁၈  ယေဟောဝါ​က ယေ​ရ​မိ​ကို ပြော​တယ်– ၂  “အခု၊ အိုး​ထိန်း​သမား​ရဲ့ အိမ်​ကို ဆင်း​သွား​ပါ။+ အဲဒီ​မှာ မင်း​ကို ငါ​စကား​ပြော​မယ်။” ၃  ဒါ​နဲ့ ကျွန်​တော် ဆင်း​သွား​တဲ့​အခါ အိုး​ထိန်း​သမား​က အိုး​ထိန်း​စက်​ပေါ်​မှာ အိုး​လုပ်​နေ​တယ်။ ၄  သူ​လုပ်​နေ​တဲ့ မြေအိုး​ဟာ သူ့​လက်​ထဲ​မှာ ပျက်​စီး​သွား​တဲ့​အခါ အဲဒီ​ရွှံ့​မြေနဲ့​ပဲ နောက်​အိုး​တစ်​လုံး​ကို သင့်​တော်​သလို ပြန်​လုပ်​လိုက်​တယ်။ ၅  အဲဒီ​အခါ ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၆  “ငါ​ယေဟောဝါ ပြော​မယ်– ‘အစ္စရေး​အမျိုး၊ ဒီ​အိုး​ထိန်း​သမား​လုပ်​သလို မင်း​တို့​ကို ငါ​မလုပ်​နိုင်​ဘူး ထင်​နေ​လား။ အစ္စရေး​အမျိုး၊ ရွှံ့​မြေဟာ အိုး​ထိန်း​သမား​လက်​ထဲ​မှာ ရှိ​သလို မင်း​တို့​ဟာ ငါ့​လက်​ထဲ​မှာ ရှိ​တယ်။+ ၇  လူမျိုး​တစ်​မျိုး ဒါ​မှ​မဟုတ် နိုင်​ငံ​တစ်​နိုင်​ငံ​ကို နုတ်​ပစ်​မယ်၊ ဖြို​ဖျက်​မယ်၊ ဖျက်​ဆီး​မယ်​လို့ ငါ​ပြော​လိုက်​ပေမဲ့၊+ ၈  အဲဒီ​လူမျိုး​က ငါ​ရှုတ်​ချ​တဲ့ ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​မယ်​ဆို​ရင် ငါ​က​လည်း သူတို့​အပေါ် ကျ​ရောက်​စေ​မယ်​လို့ ရည်​ရွယ်​ထား​တဲ့ ဘေး​ဆိုး​နဲ့​ပတ်​သက်​ပြီး စိတ်​ကို​ပြောင်း​လဲ​မယ်။+ ၉  ဒါ​ပေမဲ့ လူမျိုး​တစ်​မျိုး ဒါ​မှ​မဟုတ် နိုင်​ငံ​တစ်​နိုင်​ငံ​ကို ပြန်​တည်​ဆောက်​မယ်၊ စိုက်​ပျိုး​မယ်​လို့ ငါ​ပြော​တဲ့​အခါ၊ ၁၀  အဲဒီ​လူမျိုး​က ငါ့​ရှေ့​မှာ မကောင်း​တာ​ကို လုပ်​ပြီး ငါ့​စကား​ကို မနာ​ခံ​ဘူး​ဆို​ရင် ငါ​က​လည်း သူတို့​အတွက် လုပ်​ဆောင်​ပေး​မယ်​လို့ ရည်​ရွယ်​ထား​တဲ့ ကောင်း​မှု​နဲ့​ပတ်​သက်​ပြီး စိတ်​ကို​ပြောင်း​လဲ​မယ်။’ ၁၁  “အခု၊ ယုဒ​လူ​တွေ​နဲ့ ဂျေရု​ဆ​လင်​မြို့​သူ​မြို့​သား​တွေ​ကို ပြော​လိုက်​ပါ​ဦး– ‘မင်း​တို့​အတွက် ဘေး​ဆိုး​တစ်​ခု ငါ​ပြင်​ဆင်​နေ​တယ်။ အကြံ​တစ်​ခု ကြံ​စည်​နေ​တယ်။ မကောင်း​တဲ့ လမ်း​စဉ်တွေ​က​နေ ပြန်​လှည့်​လာ​ကြ​ပါ​တော့။ မင်း​တို့​ရဲ့​လမ်း​စဉ်တွေ၊ အကျင့်​တွေ​ကို ပြု​ပြင်​ပြောင်း​လဲ​ကြ။” ဒါ​ဟာ ငါ​ယေဟောဝါ ပြော​တဲ့​စကား​ပဲ။’”+ ၁၂  ဒါ​ပေမဲ့ သူတို့​က “မျှော်​လင့်​မနေ​နဲ့​တော့။+ ကိုယ်​ထင်​ရာ​ပဲ လုပ်​တော့​မယ်။ ဆိုး​ညစ်​တဲ့ စိတ်​အလို​အတိုင်း ခေါင်း​မာ​မာ​နဲ့ လုပ်​မယ်” လို့​ပြော​ကြ​တယ်။+ ၁၃  ဒါ​ကြောင့်​ယေဟောဝါ​ပြော​ တယ်– “လူမျိုး​ခြား​တွေ​ကို မေးကြည့်​လိုက်။ ဒီ​လို​အဖြစ်​မျိုး​ကို ဘယ်​သူ​ကြား​ဖူး​သလဲ။ အစ္စရေး​သမီး​ပျို​က သိပ်​ဆိုး​ဝါး​တဲ့​အရာ​ကို လုပ်​ခဲ့​တယ်။+ ၁၄  လက်​ဘ​နွန်ရဲ့​ဆီး​နှင်း​တွေ တောင်​စောင်း​ပေါ်​မှာ အရည်​ပျော်​ဖူး​လို့​လား။ ဒါ​မှ​မဟုတ် အဝေး​က​စီး​ဆင်း​လာ​တဲ့ အေး​မြတဲ့​ရေတွေ ခန်းခြောက်​ဖူး​လို့​လား။ ၁၅  ငါ့​လူ​တွေ​ကျ​တော့ ငါ့​ကို မေ့​သွားပြီ။+ အသုံး​မဝင်​တဲ့​အရာတွေ​ဆီ ယဇ်​ပူ​ဇော်​တယ်။+ လမ်း​ဟောင်း​တွေ​ပေါ်​မှာ တိုက်​မိ​လဲ​အောင်၊+မဖြောင့်​ဖြူး၊ မညီ​ညာ​တဲ့​လမ်း​တွေ​ပေါ်​မှာ ပြန်​လျှောက်​အောင် အချင်း​ချင်း လုပ်​ကြ​တယ်။ ၁၆  ဒီ​နည်း​နဲ့ သူတို့​ရဲ့​ပြည်​ကို ကြောက်​စ​ရာ​ကောင်း​တဲ့​ပြည် ဖြစ်​အောင်၊+ထာ​ဝ​ရ လှောင်​ပြောင်​စ​ရာ*ဖြစ်​အောင် လုပ်​ကြ​တယ်။+ ဖြတ်​သန်း​သွား​လာ​သူ​တိုင်း ကြောက်​အား​လန့်​အား​နဲ့ ကြည့်​ပြီး ခေါင်း​ခါ​ကြ​လိမ့်​မယ်။+ ၁၇  အရှေ့​လေ​တိုက်​လို့ လွင့်​သွား​သလို သူတို့​ကို ရန်​သူ​တွေ​ရှေ့​မှာ ငါ​ကွဲ​လွင့်​စေ​မယ်။ ဘေး​ဒုက္ခရောက်​တဲ့​နေ့​မှာ မျက်နှာသာ​မပြဘဲ ကျော​ခိုင်း​ထား​မယ်။+ ၁၈  သူတို့​က “လာ​ကြ။ ယေ​ရ​မိ​ကို မကောင်း​ကြံ​ကြ​စို့။+ ပညတ်​သွန်သင်​မယ့် ပု​ရော​ဟိတ်​တွေ၊ အကြံ​ဉာဏ်​ပေး​မယ့် ပညာ​ရှိ​တွေ၊ ဘု​ရားရဲ့​သတင်း​စကား​ကို အသိ​ပေး​မယ့် ပရော​ဖက်​တွေ ရှိ​မြဲရှိ​နေ​ဦး​မှာ​ပဲ။ ဒီ​တော့ သူ့​ကို စွပ်စွဲ​ပြော​ဆို​ကြ​စို့။ သူ့​စကား​တွေ​ကို အရေး​မစိုက်​ဘဲ နေ​ကြ​စို့” လို့​ပြော​ကြ​တယ်။ ၁၉  အို ယေဟောဝါ၊ ကျွန်​တော့်​ကို အာရုံ​စိုက်​လှည့်​ပါ။ ရန်​သူ​တွေ​ပြော​နေ​တာ​ကို ကြား​လှည့်​ပါ။ ၂၀  အကောင်း​ကို အဆိုး​နဲ့ တုံ့​ပြန်​သင့်​သလား။ ကျွန်​တော့်​ကို​သတ်​ဖို့ သူတို့ တွင်းတူး​ထား​တယ်။+ သူတို့​အတွက် အကောင်း​ပြော​ပေး​ဖို့၊ သူတို့​ဆီ​က​နေ အမျက်​တော် ရုပ်​သိမ်း​စေ​ဖို့ ရှေ့​တော်​မှာ ကျွန်​တော် အကြိမ်​ကြိမ် ရပ်ခဲ့​ဖူး​တာ​ကို သတိ​ရ​ပေး​ပါ။ ၂၁  သူတို့​ရဲ့​သား​တွေ​ကို အငတ်​ဘေး​လက်​ထဲ အပ်​လိုက်​ပါ။ ဓား​ဘေး​လက်​ထဲ အပ်​လိုက်​ပါ။+ မိန်း​မတွေ သား​သမီး ဆုံး​ပါး​သွားပါစေ။ မု​ဆိုး​မ ဖြစ်​သွား​ပါစေ။+ ယောက်ျားတွေ ရော​ဂါ​ဆိုး​နဲ့ သေပါ​စေ။ လူငယ်​တွေ စစ်​ပွဲ​မှာ ဓား​ဘေး​နဲ့ ကျဆုံး​ပါ​စေ။+ ၂၂  ဓား​ပြတွေ​ကို ကိုယ်​တော် ရုတ်တရက်​စေ​လွှတ်​တဲ့​အခါ သူတို့​ရဲ့​အိမ်​ထဲ​က ငို​သံ​တွေ​ကို ကြား​ရ​ပါ​စေ။ သူတို့​က ကျွန်​တော့်​ကို​ဖမ်း​ဖို့ တွင်းတူး​ထား​တယ်။ ခြေ​ကို​ကျော့​မိ​စေ​ဖို့ ကျော့​ကွင်း​ထောင်​ထား​တယ်။+ ၂၃  အို ယေဟောဝါ၊ ကျွန်​တော့်​ကို​သတ်​ဖို့ သူတို့​ကြံ​စည်​နေ​သမျှ​ကို ကိုယ်​တော် ကောင်း​ကောင်း သိ​ပါ​တယ်။+ သူတို့​ရဲ့​အမှား​ကို မဖုံး​ထား​ပါ​နဲ့။ သူတို့​ရဲ့​အပြစ်​ကို ရှေ့​တော်​က​နေ မပယ်​ဖျက်​လိုက်​ပါ​နဲ့။ အမျက်​တော် ထွက်​ပြီး အရေး​ယူ​တဲ့​အချိန်​မှာ+ သူတို့​ကို တိုက်​မိ​လဲ​စေ​ပါ။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “လေ​ချွန်​စ​ရာ။”