ယေရမိ ၂၅:၁-၃၈

  • လူမျိုးတွေနဲ့ ယေဟောဝါ တရားဆိုင် (၁-၃၈)

    • ဗာဗုလုန်မှာ လူမျိုးတွေ အနှစ် ၇၀ ကျွန်ခံရမယ် (၁၁)

    • ဘုရားရဲ့ အမျက်တော်ဝိုင်ခွက် (၁၅)

    • တစ်နိုင်ငံပြီး တစ်နိုင်ငံဆီ ကူးစက်မယ့်ဘေးဆိုး (၃၂)

    • ယေဟောဝါကွပ်မျက်လို့ သေတဲ့လူတွေ (၃၃)

၂၅  ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနန်းစံ ပထမနှစ်၊ ယောရှိရဲ့သား ယုဒဘုရင် ယောယကိမ်နန်းစံ လေးနှစ်မှာ+ ယုဒလူတွေနဲ့ပတ်သက်တဲ့စကား ယေရမိဆီ ရောက်လာတယ်။ ၂  ယုဒလူတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေနဲ့ပတ်သက်ပြီး ပရောဖက်ယေရမိ ပြောတာက– ၃  “အာမုန်ရဲ့သား ယုဒဘုရင်ယောရှိနန်းစံ ၁၃ နှစ်ကစပြီး+ ဒီနေ့အထိ ၂၃ နှစ်လုံးလုံး ကျွန်တော့်ဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာခဲ့တယ်။ ကျွန်တော် အကြိမ်ကြိမ် ပြောပေမဲ့ ခင်ဗျားတို့ နားမထောင်ခဲ့ဘူး။+ ၄  ယေဟောဝါက မိမိကျွန်ပရောဖက်တွေကို အကြိမ်ကြိမ် စေလွှတ်ပေမဲ့ ခင်ဗျားတို့ နားမထောင်ကြဘူး။ နားမစွင့်ကြဘူး။+ ၅  အဲဒီပရောဖက်တွေက ‘မကောင်းတဲ့ လမ်းစဉ်တွေ၊ အကျင့်ဆိုးတွေကို စွန့်ပြီး ပြန်လှည့်လာကြပါ။+ ဒါဆိုရင် ဟိုးအရင်ကတည်းက မင်းတို့ကိုရော ဘိုးဘေးတွေကိုပါ ယေဟောဝါ ပေးထားတဲ့ပြည်မှာ အကြာကြီး နေထိုင်ရမယ်။ ၆  တခြားဘုရားတွေနောက် မလိုက်ကြနဲ့။ ဦးမချ၊ ဝတ်မပြုကြနဲ့။ ရုပ်တုတွေလုပ်ပြီး ငါ့ကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ အဲဒီလိုလုပ်ရင် မင်းတို့အပေါ် ငါ ဘေးဆိုးကျရောက်စေမယ်’ လို့ ဆင့်ဆိုခဲ့ကြတယ်။ ၇  “‘ဒါပေမဲ့ ငါ့စကားကို မင်းတို့ နားမထောင်ကြဘူး။ ရုပ်တုတွေလုပ်ပြီး ငါ့ကို စိတ်ဆိုးအောင် လုပ်ကြတယ်။ ဒီနည်းနဲ့ ဘေးဆိုး ကျရောက်စေကြတယ်’+ လို့ ယေဟောဝါ ပြောတယ်။ ၈  “ဒါကြောင့် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– ‘“ငါ့စကားကို မင်းတို့ မနာခံတဲ့အတွက်၊ ၉  ငါက မြောက်အရပ်မှာရှိတဲ့ မျိုးနွယ်အားလုံး၊+ ငါ့ကျွန် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို+ ဆင့်ခေါ်ပြီး ဒီပြည်ကိုရော၊+ ပြည်သူပြည်သားတွေနဲ့ ပတ်ဝန်းကျင် လူမျိုးတွေကိုရော လာတိုက်ခိုင်းမယ်။+ ငါက သူတို့ကို ဖျက်ဆီးပစ်မယ်၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ* ဖြစ်စေမယ်။ ထာဝရ ဆိတ်သုဉ်းစေမယ်” လို့ ယေဟောဝါ ပြောတယ်။ ၁၀  “ငါက ရွှင်လန်းဝမ်းမြောက်တဲ့အသံ၊+ သတို့သားရဲ့အသံ၊ သတို့သမီးရဲ့အသံ၊+ ကြိတ်ဆုံကြိတ်သံကို တိတ်ဆိတ်စေမယ်။ မီးခွက်အလင်းကို ငြိမ်းစေမယ်။ ၁၁  တစ်ပြည်လုံး ပျက်စီးယိုယွင်းတဲ့နေရာ၊ ထိတ်လန့်စရာကောင်းတဲ့နေရာ ဖြစ်သွားမယ်။ ဒီလူမျိုးတွေဟာ ဗာဗုလုန်ဘုရင်ဆီမှာ အနှစ် ၇၀ ကျွန်ခံရလိမ့်မယ်။”’+ ၁၂  “ယေဟောဝါ ပြောတာက– ‘အနှစ် ၇၀ ပြည့်တဲ့အခါ+ ဗာဗုလုန်ဘုရင်နဲ့ သူ့လူမျိုးတွေ မှားခဲ့တာတွေအတွက် ငါဒဏ်ခတ်မယ်။+ ခါလဒဲပြည်ကို ထာဝရလွင်တီးခေါင် ဖြစ်စေမယ်။+ ၁၃  အဲဒီပြည်နဲ့ပတ်သက်ပြီး ငါပြောခဲ့သမျှ၊ လူမျိုးခြားတွေနဲ့ပတ်သက်ပြီး ဒီကျမ်းစောင်မှာ ရေးထားတဲ့ ယေရမိရဲ့ ပရောဖက်ပြုချက်မှန်သမျှ ငါပြည့်စုံစေမယ်။ ၁၄  လူမျိုးခြားတွေ၊ တန်ခိုးကြီးဘုရင်တွေက+ သူတို့ကို ကျွန်အဖြစ် ခိုင်းစေပြီး+ အမြတ်ထုတ်လိမ့်မယ်။ သူတို့ရဲ့အကျင့်တွေ၊ လုပ်ရပ်တွေအတိုင်း ငါပြန်ဆပ်ပေးမယ်။”+ ၁၅  အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ငါ့လက်ထဲက ဒီအမျက်တော်ဝိုင်ခွက်ကို ယူပြီး ငါစေလွှတ်တဲ့အတိုင်း လူမျိုးအားလုံးကို သောက်ခိုင်းပါ။ ၁၆  အဲဒီဝိုင်ကို သောက်တဲ့အခါ သူတို့ မူးယစ်ယိမ်းယိုင်သွားမယ်။ ငါစေလွှတ်မယ့် ဓားဘေးကြောင့် ရူးသွပ်သွားမယ်။”+ ၁၇  ဒါနဲ့ ကျွန်တော်က ယေဟောဝါလက်ထဲက ခွက်ကိုယူပြီး ယေဟောဝါ စေလွှတ်တဲ့အတိုင်း လူမျိုးအားလုံးကို သောက်ခိုင်းတယ်။+ ၁၈  အရင်ဆုံး ဂျေရုဆလင်မြို့နဲ့ ယုဒရဲ့မြို့တွေ၊+ ဘုရင်တွေနဲ့ မင်းညီမင်းသားတွေကို ကျွန်တော် သောက်ခိုင်းတယ်။ ဒါကြောင့် အခုလို ပျက်စီးယိုယွင်းတဲ့နေရာ၊ ကြောက်လန့်စရာ၊ လှောင်ပြောင်စရာ၊* ကျိန်ဆဲစရာ ဖြစ်သွားတာပေါ့။+ ၁၉  အဲဒီနောက် အီဂျစ်ဘုရင် ဖာရောနဲ့ မင်းမှုထမ်းတွေ၊ မင်းညီမင်းသားတွေနဲ့ သူ့လူတွေ၊+ ၂၀  အီဂျစ်ပြည်မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေ၊ ဥဇပြည်ရဲ့ ဘုရင်တွေ၊ ဖိလိတိဘုရင်တွေဖြစ်တဲ့+ အာရှကေလုန်ဘုရင်၊+ ဂါဇာဘုရင်၊ ဧကြုန်ဘုရင်၊ အာဇုတ်မြို့မှာကျန်ကြွင်းတဲ့သူတွေ၊ ၂၁  ဧဒုံ၊+ မောဘနဲ့+ အမ္မုန်လူမျိုးတွေ၊+ ၂၂  တိုင်ရာနဲ့ ဆိုင်ဒုန်ဘုရင်တွေ၊+ ကျွန်းနိုင်ငံရဲ့ ဘုရင်တွေ၊ ၂၃  ဒေဒန်၊+ တေမနဲ့ ဗုဇပြည်သားတွေ၊ နားသယ်မွေး ရိတ်ထားသူတွေ၊+ ၂၄  အာရပ်ဘုရင်တွေ၊+ တောကန္တာရမှာနေတဲ့ တိုင်းတစ်ပါးသားတို့ရဲ့ ဘုရင်တွေ၊ ၂၅  ဇိမရိအရပ်က ဘုရင်တွေ၊ ဧလံဘုရင်တွေ၊+ မီးဒီးယားဘုရင်တွေ၊+ ၂၆  မြောက်အရပ်မှာရှိတဲ့ ရပ်နီးရပ်ဝေးက ဘုရင်တွေ၊ ကမ္ဘာ့တိုင်းနိုင်ငံတို့ရဲ့ ဘုရင်တွေကို တစ်ယောက်ပြီးတစ်ယောက် သောက်ခိုင်းတယ်။ နောက်ဆုံးမှာ ရှေရှက်*+ ဘုရင်လည်း သောက်ရမှာပဲ။ ၂၇  “‘“မထနိုင်တဲ့အထိ သောက်ကြ။ မူးယစ်အော့အန်ပြီး ပြိုလဲကြ။+ ဓားဘေးကို ငါစေလွှတ်မယ်” ဆိုပြီး အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်’ လို့ သူတို့ကို မင်းပြောလိုက်ပါ။ ၂၈  မင်းလက်ထဲက ဝိုင်ခွက်ကို ယူသောက်ဖို့ သူတို့ငြင်းဆန်မယ်ဆိုရင် မင်းပြောရမှာက ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောခိုင်းတယ်– “မင်းတို့ သောက်ကိုသောက်ရမယ်။ ၂၉  ငါ့နာမည်ခံယူထားတဲ့ မြို့ကိုတောင် ငါက အရင်ဆုံး ဘေးဆိုး ကျရောက်စေတယ်ဆိုရင်+ မင်းတို့ကော ပြစ်ဒဏ်လွတ်မတဲ့လား။”’+ “‘မလွတ်စေရဘူး။ ကမ္ဘာသူကမ္ဘာသားအားလုံးကို တိုက်ဖို့ ဓားဘေးကို ငါခေါ်လိုက်ပြီ။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။ ၃၀  “မင်း ပရောဖက်ပြုပြီး ပြောရမယ့် စကားတွေကတော့– ‘ယေဟောဝါက အထက်အရပ်ကနေ ခြင်္သေ့လို ဟိန်းလိမ့်မယ်။ စံမြန်းရာ သန့်ရှင်းတဲ့အရပ်ကနေ အသံပြုလိမ့်မယ်။ စံမြန်းရာနေရာကို အကျယ်ကြီး ဟိန်းဟောက်လိမ့်မယ်။ စပျစ်ကျင်းမှာ နင်းနယ်သူတွေ သီချင်းအော်ဆိုသလို ဘုရားက ကမ္ဘာပေါ်နေထိုင်သူအားလုံးကို အောင်ပွဲခံပြီး သီချင်းဆိုလိမ့်မယ်။’ ၃၁  ‘အသံတစ်သံက ကမ္ဘာမြေအစွန်အဖျားအထိ ပဲ့တင်ထပ်သွားလိမ့်မယ်။ ယေဟောဝါက လူမျိုးတွေနဲ့ တရားဆိုင်လိမ့်မယ်။ လူအားလုံးကို ကိုယ်တိုင် စီရင်ချက်ချလိမ့်မယ်။+ လူဆိုးတွေကို ဓားဘေးလက်ထဲ အပ်လိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ၃၂  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ဘေးဆိုးတစ်ခုဟာ တစ်နိုင်ငံပြီး တစ်နိုင်ငံဆီ ကူးစက်သွား မယ်။+ မုန်တိုင်းကြီးတစ်ခုက ကမ္ဘာမြေအစွန်အဖျားကနေ တိုက်ခတ်လာမယ်။+ ၃၃  “‘အဲဒီနေ့မှာ ယေဟောဝါကွပ်မျက်လို့ သေတဲ့လူတွေဟာ မြေတစ်ပြင်လုံးမှာ ရှိလိမ့်မယ်။ သူတို့အတွက် ဘယ်သူမှ ညည်းတွားငိုကြွေးမှာ မဟုတ်ဘူး။ သူတို့ကို စုသိမ်းမှာ၊ မြှုပ်နှံမှာ မဟုတ်ဘူး။ မြေပေါ်မှာ နောက်ချေးပုံလို ဖြစ်သွားမယ်။’ ၃၄  သိုးထိန်းတို့၊ ငိုကြွေးမြည်တမ်းပြီး အော်ဟစ်ကြ။ သိုးကောင်းသိုးမြတ်တို့၊ မြေမှာ လူးလှိမ့်ကြ။ မင်းတို့ ကွပ်မျက်ခံရပြီး တကွဲတပြားဖြစ်မယ့်အချိန် ရောက်လာပြီ။ အဖိုးတန်အိုးခွက်လို မင်းတို့ ကျကွဲသွားလိမ့်မယ်။ ၃၅  သိုးထိန်းတွေ ပြေးစရာမြေ မရှိဘူး။ သိုးကောင်းသိုးမြတ်တွေလည်း လွတ်လမ်း မရှိဘူး။ ၃၆  သိုးထိန်းတွေရဲ့ အော်ဟစ်သံ၊သိုးကောင်းသိုးမြတ်တွေရဲ့ ငိုကြွေးမြည်တမ်းသံကို ကြားနေရတယ်။ သူတို့ရဲ့စားကျက်ကို ယေဟောဝါ ဖျက်ဆီးလိုက်ပြီ။ ၃၇  ငြိမ်းချမ်းသာယာတဲ့ နေရာတွေဟာ ယေဟောဝါရဲ့ ဒေါသမီးကြောင့် ဆိတ်သုဉ်းသွားပြီ။ ၃၈  ဘုရားက ခြင်္သေ့ပျိုလို မိမိရဲ့ဂူကို စွန့်သွားပြီ။+ ရက်စက်တဲ့ဓားကြောင့်၊အမျက်တော်မီးကြောင့် သူတို့ရဲ့ပြည်ဟာ ကြောက်လန့်စရာဖြစ်သွားပြီ။”

အောက်ခြေမှတ်ချက်များ

မူရင်း၊ “လေချွန်စရာ။”
မူရင်း၊ “လေချွန်စရာ။”
ဘေဘယ်မြို့(ဗာဗုလုန်)ရဲ့ နာမည်နောက်တစ်မျိုး။