ယေရမိ ၂၆:၁-၂၄
၂၆ ယောရှိရဲ့သား ယုဒဘုရင်ယောယကိမ်+ နန်းတက်စမှာ ယေဟောဝါ မိန့်ဆိုတဲ့စကား–
၂ “ယေဟောဝါ ပြောတာက– ‘ယေဟောဝါရဲ့ အိမ်တော် ရင်ပြင်မှာ ရပ်နေပါ။ ယေဟောဝါရဲ့အိမ်တော်မှာ ဝတ်ပြုဖို့ ယုဒမြို့တွေကနေ ရောက်လာသူတွေနဲ့ပတ်သက်ပြီး ငါမိန့်မှာသမျှ မခြွင်းမချန် ပြောပြလိုက်ပါ။
၃ သူတို့ နားထောင်ပြီး ဆိုးညစ်တဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာကောင်းပါရဲ့။ ငါကလည်း အကျင့်ဆိုးတွေကြောင့် သူတို့အပေါ် ကျရောက်စေမယ်လို့ ရည်ရွယ်ထားတဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်ပြောင်းလဲလိုက်မှာပဲ။+
၄ ဒါကြောင့် သူတို့ကို မင်းပြောလိုက်။ “ယေဟောဝါ ပြောတာက– ‘ငါ့စကားကို မင်းတို့နားမထောင်ဘူး၊ ပေးထားတဲ့ ပညတ်ချက်အတိုင်း မလိုက်လျှောက်ဘူးဆိုရင်၊
၅ ငါအကြိမ်ကြိမ် စေလွှတ်တဲ့ ငါ့ကျွန်ပရောဖက်တွေ ပြောသမျှကို နားမထောင်ဘဲ နေခဲ့သလို အခုလည်း နားမထောင်ဘူးဆိုရင်၊+
၆ ရှိလောအရပ်ကို+ လုပ်ခဲ့သလို ဒီအိမ်တော်ကို ငါလုပ်မယ်။ ဒီမြို့ကိုလည်း ကမ္ဘာမြေပေါ်က လူမျိုးအားလုံးအတွက် ကျိန်ဆဲစရာ ဖြစ်စေမယ်။’”’”+
၇ ယေဟောဝါရဲ့အိမ်တော်မှာ ယေရမိ အဲဒီလိုပြောတာကို ပုရောဟိတ်တွေ၊ ပရောဖက်တွေ၊ လူတွေ အားလုံးကြားတယ်။+
၈ ယေဟောဝါ မိန့်မှာသမျှ ယေရမိပြောပြီးတဲ့အခါ ပုရောဟိတ်တွေ၊ ပရောဖက်တွေ၊ လူတွေက သူ့ကိုဖမ်းဆီးပြီး “ခင်ဗျား သေကိုသေရမယ်။
၉ ‘ဒီအိမ်တော်ဟာ ရှိလောအရပ်လို ဖြစ်သွားလိမ့်မယ်။ ဒီမြို့ဟာ နေထိုင်သူမရှိတဲ့အထိ ဖျက်ဆီးခံရလိမ့်မယ်’ ဆိုပြီး ယေဟောဝါနာမည်နဲ့ ဘာလို့ ပရောဖက်ပြုရတာလဲ” လို့အော်ဟစ်ကြတယ်။ လူအားလုံးက ယေဟောဝါရဲ့အိမ်တော်မှာ ရှိနေတဲ့ ယေရမိနားကို ဝိုင်းအုံလာကြတယ်။
၁၀ ယုဒမင်းညီမင်းသားတွေက ဒါကိုကြားတဲ့အခါ နန်းတော်ကနေ ယေဟောဝါရဲ့အိမ်တော်ကို ရောက်လာပြီး ယေဟောဝါရဲ့ အိမ်တော်တံခါးသစ် ဝင်ပေါက်မှာ ထိုင်ကြတယ်။+
၁၁ ပုရောဟိတ်တွေနဲ့ ပရောဖက်တွေက “ဒီလူဟာ သေဒဏ်ခံထိုက်တယ်။+ ဒီမြို့ပျက်စီးမယ့်အကြောင်း သူပရောဖက်ပြုနေတာကို ခင်ဗျားတို့ နားနဲ့ ဆတ်ဆတ်ကြားခဲ့သားပဲ” ဆိုပြီး သူတို့ကို တိုင်တန်းကြတယ်။+
၁၂ ဒါနဲ့ ယေရမိက မင်းညီမင်းသားတွေနဲ့ လူတွေကို “ခင်ဗျားတို့ကြားတဲ့အတိုင်း ဒီအိမ်တော်နဲ့ ဒီမြို့ ပျက်စီးမယ့်အကြောင်း ပရောဖက်ပြုဖို့ ကျွန်တော့်ကို စေလွှတ်တဲ့သူဟာ ယေဟောဝါဘုရားပဲ။+
၁၃ ဒါကြောင့် အခု ခင်ဗျားတို့ရဲ့ လမ်းစဉ်တွေ၊ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲပြီး ယေဟောဝါရဲ့စကားကို နာခံကြပါ။ ဒါဆိုရင် ယေဟောဝါဘုရားက မိန့်မှာထားတဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်ပြောင်းလဲမှာပါ။+
၁၄ ကျွန်တော်ကတော့ ခင်ဗျားတို့လက်ထဲမှာပဲလေ။ ကောင်းတယ်၊ မှန်တယ်ထင်သလို လုပ်ကြပါ။
၁၅ ကျွန်တော့်ကို သတ်မယ်ဆိုရင်တော့ ခင်ဗျားတို့ရော၊ ဒီမြို့နဲ့ ဒီမြို့သူမြို့သားတွေရော အပြစ်မဲ့သူကို သတ်တဲ့အမှုနဲ့ ပြစ်ဒဏ်သင့်မယ်ဆိုတာ သိထားကြပါ။ ဒီစကားတွေပြောဖို့ ကျွန်တော့်ကို တကယ်စေလွှတ်လိုက်တဲ့သူဟာ ယေဟောဝါဘုရား ဖြစ်နေလို့ပဲ” ဆိုပြီး ပြောလိုက်တယ်။
၁၆ အဲဒီအခါ မင်းညီမင်းသားတွေနဲ့ လူတွေက “ဒီလူဟာ ယေဟောဝါရဲ့နာမည်ကို သုံးပြီး ဟောတာပဲ။ သေဒဏ်မခံထိုက်ပါဘူး” လို့ ပုရောဟိတ်တွေ၊ ပရောဖက်တွေကို ပြောတယ်။
၁၇ မြို့မိမြို့ဖတချို့ကလည်း စုရုံးနေသူအားလုံးကို၊
၁၈ “မောရရှမြို့သား မိက္ခာက+ ယုဒဘုရင် ဟေဇကိလက်ထက်မှာ+ ပရောဖက်ပြုပြီး‘“ဇိအုန်ဟာ လယ်လို ထွန်ယက်ခံရလိမ့်မယ်။
ဂျေရုဆလင်ဟာ အပျက်အယွင်းပုံ ဖြစ်သွားမယ်။+
အိမ်တော်တည်တဲ့တောင်ဟာ တောထူတဲ့တောင်လို ဖြစ်သွားမယ်”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်’ ဆိုပြီး ယုဒလူတွေကို ပြောခဲ့တယ်။
၁၉ “အဲဒီအခါ ယုဒဘုရင်ဟေဇကိနဲ့ ယုဒလူတွေက သူ့ကို သတ်ခဲ့ကြလို့လား။ ဘုရင်က ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေပြီး ယေဟောဝါရဲ့ မျက်နှာသာရဖို့ အသနားခံတဲ့အတွက် ယေဟောဝါက မိန့်မှာခဲ့တဲ့ ဘေးဆိုးနဲ့ပတ်သက်ပြီး စိတ်ပြောင်းလဲခဲ့တယ် မဟုတ်လား။+ အခုတော့ ကျွန်တော်တို့က ကိုယ့်အပေါ် ဘေးဆိုးကြီး ကျရောက်အောင် လုပ်နေကြတာပဲ။
၂၀ “ယေဟောဝါရဲ့နာမည်သုံးပြီး ပရောဖက်ပြုသူတစ်ယောက် ရှိသေးတယ်။ ကိရယတ်ယာရိမ်မြို့က+ ရှေမာယရဲ့သား ဥရိယပဲ။ သူလည်း ဒီမြို့၊ ဒီပြည်နဲ့ပတ်သက်ပြီး ယေရမိပြောတဲ့အတိုင်း ပရောဖက်ပြုခဲ့တယ်။
၂၁ ယောယကိမ်မင်းနဲ့+ စစ်သူရဲတွေ၊ မင်းညီမင်းသားတွေ ကြားတဲ့အခါ သူ့ကို သတ်ဖို့ ရှာတယ်။+ ဒါကို ဥရိယကြားတော့ ကြောက်ပြီး အီဂျစ်ပြည်ကို ချက်ချင်း ထွက်ပြေးသွားတယ်။
၂၂ အဲဒီအခါ ယောယကိမ်မင်းက အာခဗော်ရဲ့သား ဧလနာသန်နဲ့အတူ+ တခြားလူတွေကို အီဂျစ်ပြည်ဆီ လွှတ်လိုက်တယ်။
၂၃ သူတို့က ဥရိယကို အီဂျစ်ပြည်ကနေ ယောယကိမ်မင်းဆီ ဖမ်းခေါ်လာတယ်။ မင်းကြီးက သူ့ကို ဓားနဲ့သတ်ပြီး+ သာမန်လူတွေရဲ့ သင်္ချိုင်းမှာ အလောင်းကို ပစ်ထားလိုက်တယ်” လို့ပြောကြတယ်။
၂၄ ဒါပေမဲ့ ယေရမိကို သတ်ချင်နေတဲ့သူတွေလက်ထဲ မရောက်ရအောင် ရှာဖန်ရဲ့သား အဟိကံက+ ကူညီပေးခဲ့တယ်။+