ယေရမိ ၂၈:၁-၁၇

  • ယေရမိနဲ့ ပရောဖက်အတု ဟာနနိ (၁-၁၇)

၂၈  ယုဒဘုရင်ဇေဒကိ+ နန်းစံအစောပိုင်း စတုတ္ထနှစ်၊ ငါးလပိုင်းဖြစ်တဲ့ အဲဒီနှစ်မှာပဲ ဂိဗောင်မြို့က+ အာဇုရရဲ့သား ပရောဖက်ဟာနနိက ယေဟောဝါရဲ့အိမ်တော်မှာ၊ ပုရောဟိတ်တွေနဲ့ လူအားလုံးရှေ့မှာ ကျွန်တော့်ကို ပြောတယ်– ၂  “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ငါချိုးမယ်။+ ၃  ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ သိမ်းသွားတဲ့ ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းအားလုံးကို နောက်နှစ်နှစ်အတွင်း ဒီကို ငါပြန်ယူဆောင်လာမယ်။’”+ ၄  “‘ဗာဗုလုန်ကို ရောက်နေတဲ့+ ယောယကိမ်ရဲ့သား+ ယုဒဘုရင် ယေခေါနိနဲ့+ ယုဒပြည်နှင်ခံတွေကို ဒီနေရာ ငါပြန်ခေါ်ဆောင်လာမယ်။ ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ငါချိုးမယ်’ လို့ ယေဟောဝါပြောတယ်။” ၅  အဲဒီအခါ ယေဟောဝါရဲ့ အိမ်တော်မှာ ရပ်နေတဲ့ ပုရောဟိတ်တွေနဲ့ လူအားလုံးရှေ့မှာ ပရောဖက်ဟာနနိကို ပရောဖက်ယေရမိ ပြောလိုက်တာက– ၆  “အာမင်။* အဲဒီအတိုင်း ယေဟောဝါဘုရား လုပ်ဆောင်ပါစေ။ ခင်ဗျားဟောတဲ့အတိုင်း ယေဟောဝါက ပြည်နှင်ခံအားလုံးကို ယေဟောဝါရဲ့အိမ်တော် အသုံးအဆောင်ပစ္စည်းတွေနဲ့အတူ ဗာဗုလုန်ကနေ ဒီနေရာ ပြန်ခေါ်ဆောင်လာပါစေ။ ၇  ဒါပေမဲ့ ခင်ဗျားကိုရော လူတွေကိုပါ ကျွန်တော်ပြောနေတဲ့ ဒီသတင်းစကားကို နားထောင်ပါ။ ၈  ကျွန်တော်တို့နှစ်ယောက် မရှိခင် ဟိုးအရင်ကတည်းကရှိခဲ့တဲ့ ပရောဖက်တွေက တိုင်းပြည်တွေ၊ နိုင်ငံကြီးတွေကြုံရမယ့် ဘေးဆိုး၊ စစ်ဘေး၊ ကပ်ရောဂါဘေးအကြောင်း ပရောဖက်ပြုခဲ့တယ်။ ၉  ပရောဖက်တစ်ယောက်က ငြိမ်းချမ်းမယ့်အကြောင်း ဟောတယ်ဆိုရင် သူ့စကားအတိုင်း ဖြစ်လာမှသာ သူဟာ ယေဟောဝါစေလွှတ်တဲ့ ပရောဖက်မှန်း သိနိုင်မယ်။” ၁၀  အဲဒီအခါ ပရောဖက်ဟာနနိက ယေရမိရဲ့ပခုံးပေါ်က ထမ်းပိုးကို ယူပြီး ချိုးပစ်တယ်။+ ၁၁  ပြီးတော့ “‘လူမျိုးအားလုံးရဲ့ပခုံးပေါ် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ တင်ထားတဲ့ ထမ်းပိုးကို နှစ်နှစ်အတွင်း ငါ ဒီလိုချိုးမယ်’ လို့ယေဟောဝါ ပြောတယ်” ဆိုပြီး လူအများရှေ့မှာ ပြောတယ်။+ ဒါနဲ့ ပရောဖက်ယေရမိလည်း ထွက်သွားလိုက်တယ်။ ၁၂  ပရောဖက်ယေရမိရဲ့ ပခုံးပေါ်က ထမ်းပိုးကို ပရောဖက်ဟာနနိ ချိုးပြီးတဲ့နောက် ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်– ၁၃  “ဟာနနိဆီ သွားပြီး ပြောလိုက်– ‘“သစ်သားထမ်းပိုးကို မင်း ချိုးလိုက်ပေမဲ့+ သံထမ်းပိုး အစားဝင်လိမ့်မယ်” လို့ယေဟောဝါ ပြောတယ်။ ၁၄  “လူမျိုးအားလုံးရဲ့ ပခုံးပေါ်မှာ သံထမ်းပိုးကို ငါတင်မယ်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီမှာ သူတို့ ကျွန်ခံရလိမ့်မယ်။+ တောသားရဲတွေကိုတောင် သူ့ဆီ ငါအပ်မယ်”+ လို့ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။’” ၁၅  ဒါနဲ့ ပရောဖက်ယေရမိက “ဟာနနိ၊+ နားထောင်ပါဦး။ ယေဟောဝါဘုရား မစေလွှတ်ဘဲနဲ့ ခင်ဗျားက လိမ်ညာပြောပြီး ဒီလူတွေကို အယုံသွင်းနေတယ်။+ ၁၆  ဒါကြောင့် ‘မြေပေါ်ကနေ မင်းကို ဖယ်ရှားမယ်။ မင်းက ငါယေဟောဝါကို ပုန်ကန်အောင် အားပေးအားမြှောက် လုပ်တဲ့အတွက် ဒီနှစ်အတွင်းမှာ သေရလိမ့်မယ်’ လို့ ယေဟောဝါ ပြောတယ်။”+ ၁၇  အဲဒီနှစ်၊ ခုနစ်လပိုင်းမှာပဲ ပရောဖက်ဟာနနိ သေဆုံးသွားတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”