ယေရမိ ၃:၁-၂၅
၃ “ကွာရှင်းခံလိုက်ရလို့ အိမ်ကထွက်သွားတဲ့ ဇနီးဟာ နောက်အိမ်ထောင်ပြုလိုက်တယ် ဆိုပါစို့။ အရင်ယောက်ျားက သူနဲ့ပြန်ပေါင်းပါ့မလား” ဆိုပြီး ပြောတတ်ကြတယ်။
ဒီပြည်ဟာ ရစရာမရှိအောင် ညစ်ညူးနေပြီ။+
“မင်းဟာ* အဖော်တွေအများကြီးနဲ့ ပြည့်တန်ဆာလုပ်ပြီးမှ+
ငါ့ဆီ ပြန်လာဦးမလို့လား” လို့ ယေဟောဝါပြောတယ်။
၂ “တောင်ကတုံးတွေကို လှမ်းကြည့်လိုက်။
ယောက်ျားတွေနဲ့ မင်း မဖောက်ပြန်ဖူးတဲ့နေရာ ရှိလို့လား။
မင်းက တောကန္တာရမှာ လှည့်လည်သွားလာတဲ့သူလို
သူတို့ကို လမ်းမှာ ထိုင်စောင့်တယ်။
ပြည့်တန်ဆာလုပ်ပြီး၊မကောင်းမှုတွေလုပ်ပြီး ပြည်ကို ညစ်ညူးစေတယ်။+
၃ ဒါကြောင့် မိုးမရွာတော့ဘူး။+
နွေဦးမိုးလည်း မရွာတော့ဘူး။
မင်းဟာ ပြည့်တန်ဆာလုပ်တဲ့ ဇနီးလို မျက်နှာပြောင်တိုက်တယ်။
ရှက်ရကောင်းမှန်း မသိဘူး။+
၄ အခုတော့ မင်းက ‘အဖေ၊ အဖေဟာ ကျွန်မအတွက် ငယ်ကျွမ်းဆွေလိုပါပဲ။+
၅ အမြဲတမ်း အငြိုးထားနေမှာလား။
အမြဲ တေးမှတ်ထားမှာလား’ လို့ပြောတယ်။
အဲဒီလို ပြောပြီးတော့ မကောင်းတာမှန်သမျှ အစွမ်းကုန် ဆက်လုပ်နေတယ်။”+
၆ ယောရှိမင်းလက်ထက်မှာ+ ယေဟောဝါ ပြောတယ်– “‘သစ္စာမဲ့တဲ့အစ္စရေးရဲ့ လုပ်ရပ်ကို မြင်သလား။ သူက မြင့်မားတဲ့တောင်တန်းတွေပေါ်မှာ၊ စိမ်းလန်းတဲ့အပင်တွေ အောက်မှာ ပြည့်တန်ဆာ သွားလုပ်နေတယ်။+
၇ ဒီလိုလုပ်ပြီးတာတောင် ပြန်လာပါလို့ ငါအကြိမ်ကြိမ် ခေါ်တယ်။+ ဒါပေမဲ့ သူပြန်မလာဘူး။ ယုဒကလည်း သစ္စာမဲ့တဲ့အစ်မကို ကြည့်နေတယ်။+
၈ အဲဒါကို ငါတွေ့တဲ့အခါ သစ္စာမရှိ၊ အိမ်ထောင်ရေးဖောက်ပြန်တဲ့+ အစ္စရေးကို ကွာရှင်းစာချုပ်ပေးပြီး မောင်းထုတ်လိုက်တယ်။+ ဒါတောင် သစ္စာမဲ့တဲ့ညီမ ယုဒဟာ အကြောက်အလန့်မရှိ ပြည့်တန်ဆာ သွားလုပ်တယ်။+
၉ ပြည့်တန်ဆာလုပ်တာကို ပေါ့ပေါ့တန်တန် သဘောထားတယ်။ ပြည်ကို ညစ်ညူးစေပြီး ကျောက်တုံးတွေ၊ သစ်ပင်တွေနဲ့ ဖောက်ပြန်တယ်။+
၁၀ သစ္စာဖောက်တဲ့ညီမ ယုဒဟာ ဒါတွေမြင်လျက်နဲ့ ငါ့ဆီကို စိတ်ရောကိုယ်ပါ ပြန်မလာဘူး၊ ဟန်ဆောင်ပန်ဆောင် ပြန်လာတယ်’ ဆိုပြီး ယေဟောဝါပြောတယ်။”
၁၁ ငါ့ကို ယေဟောဝါ ပြောတယ်– “သစ္စာမဲ့တဲ့ အစ္စရေးဟာ သစ္စာဖောက်တဲ့ ယုဒလောက် အပြစ်မကြီးဘူး။+
၁၂ မြောက်အရပ်ကို သွားပြီး ပြောလိုက်ပါ–+
“‘“ဖောက်ပြန်တဲ့အစ္စရေး၊ ပြန်လာပါ” လို့ ယေဟောဝါ ပြောတယ်။’+ ‘“ငါဟာ သစ္စာစောင့်သိသူဖြစ်လို့ မင်းကို အထင်သေး၊ စိတ်ဆိုးမှာ မဟုတ်ဘူး”+ လို့ ယေဟောဝါပြောတယ်။’ ‘“ငါ အမြဲအငြိုးထားမှာ မဟုတ်ဘူး။
၁၃ မင်းရဲ့ဘုရား ယေဟောဝါကို ပုန်ကန်ခဲ့တဲ့အတွက် မင်းအပြစ်ကို ဝန်ခံပါ။ စိမ်းလန်းတဲ့အပင်တွေအောက်မှာ သူစိမ်းတွေကို* အခွင့်အရေးပေးနေတယ်။ ငါ့စကားကိုတော့ မနာခံဘူး” လို့ ယေဟောဝါပြောတယ်။’”
၁၄ “ဖောက်ပြန်တဲ့သားတို့၊ ပြန်လာကြ” လို့ ယေဟောဝါပြောတယ်။ “ငါဟာ မင်းတို့ရဲ့ အရှင်သခင်ပါ။* မင်းတို့ကို တစ်မြို့မှာ တစ်ယောက်၊ တစ်မိသားစုမှာ နှစ်ယောက် ရွေးချယ်ပြီး ဇိအုန်ဆီ ခေါ်သွားမယ်။+
၁၅ မင်းတို့ကို ငါ့စိတ်နဲ့ကိုက်ညီတဲ့ သိုးထိန်းတွေ ပေးမယ်။+ သူတို့က အသိပညာရှိရှိ၊ ထိုးထွင်းသိမြင်မှုရှိရှိ ကျွေးမွေးမယ်။
၁၆ အဲဒီအချိန်မှာ မင်းတို့က ပြည်မှာ တိုးပွားများပြားလာမယ်” လို့ ယေဟောဝါပြောတယ်။+ “‘ယေဟောဝါဘုရားရဲ့ ပဋိညာဉ်သေတ္တာပဲ’ လို့ မင်းတို့ပြောတော့မှာ မဟုတ်ဘူး။ မင်းတို့စိတ်ထဲ ပေါ်လာမှာ မဟုတ်ဘူး။ လွမ်းဆွတ်တမ်းတနေမှာ မဟုတ်ဘူး။ အဲဒီလိုသေတ္တာမျိုးကိုလည်း လုပ်တော့မှာ မဟုတ်ဘူး။
၁၇ အဲဒီအချိန်မှာ ဂျေရုဆလင်မြို့ကို ယေဟောဝါရဲ့ ရာဇပလ္လင်လို့ သူတို့ခေါ်ကြလိမ့်မယ်။+ လူမျိုးအားလုံးဟာ ယေဟောဝါရဲ့နာမည်ကို ချီးမွမ်းဖို့ ဂျေရုဆလင်မြို့မှာ စုရုံးလာကြလိမ့်မယ်။+ သူတို့က ဆိုးညစ်တဲ့ စိတ်နှလုံးနောက်ကို ခေါင်းမာမာနဲ့လိုက်တော့မှာ မဟုတ်ဘူး။”
၁၈ “အဲဒီအချိန်မှာ ယုဒအမျိုးနဲ့ အစ္စရေးအမျိုးဟာ အတူလျှောက်လာကြလိမ့်မယ်။+ မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ ထွက်ပြီး ဘိုးဘေးတွေကို ငါအမွေပေးခဲ့တဲ့ပြည်ထဲ ဝင်လာကြလိမ့်မယ်။+
၁၉ ‘မင်းတို့ကို ငါ့သားတွေနဲ့အတူ ထားမယ်။ သာယာတဲ့ပြည်၊ လူမျိုးခြားတွေအလယ်က အလှဆုံးအမွေကိုပေးမယ်’+ လို့ ငါစိတ်ကူးထားတာ။ မင်းတို့က ငါ့ကို ‘အဖေ’ လို့ခေါ်ပြီး ငါ့နောက်ကိုပဲ အမြဲလိုက်နေမယ်လို့ ငါထင်ခဲ့တာ။
၂၀ ‘ဒါပေမဲ့ ယောက်ျားကို သစ္စာဖောက်ပြီးထားခဲ့တဲ့ ဇနီးသည်လို မင်းတို့အစ္စရေးအမျိုးက ငါ့ကို သစ္စာဖောက်သွားပြီ’+ လို့ ယေဟောဝါ ပြောတယ်။”
၂၁ တောင်ကတုံးတွေပေါ်မှာ အသံတွေ ကြားနေရတယ်။
အစ္စရေးတွေရဲ့ ငိုကြွေးသံ၊ အသနားခံသံပဲ။
သူတို့ လမ်းလွဲသွားပြီ။
ယေဟောဝါဘုရားကို မေ့သွားပြီ။+
၂၂ “ဖောက်ပြန်တဲ့သားတို့၊ ပြန်လာကြ။
ဖောက်ပြန်နေတဲ့ မင်းတို့ကို ငါကုသပေးမယ်။”+
“အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဘုရားပါ။+
ကျွန်တော်တို့ ပြန်လာပါပြီ။
၂၃ တောင်ကုန်းတွေ၊ တောင်တန်းတွေပေါ် ရုတ်ရုတ်သဲသဲ ဖြစ်နေတာတွေဟာ လှည့်စားမှုသက်သက်ပါ။+
တကယ်တော့ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါကသာ အစ္စရေးတို့ရဲ့ ကယ်တင်ရှင်ပါ။+
၂၄ ရှက်ဖွယ်ကောင်းတဲ့ဘုရားက ဘိုးဘေးတွေ အပင်ပန်းခံလုပ်ခဲ့သမျှကို ဝါးမျိုလိုက်တာ ကျွန်တော်တို့ ငယ်ငယ်ကတည်းကပါ။+
သူတို့ရဲ့သိုးအုပ်၊ တိရစ္ဆာန်အုပ်၊သားသမီးတွေကိုလည်း ဝါးမျိုလိုက်ပြီ။
၂၅ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွန်တော်တို့ရော ဘိုးဘေးတွေပါ+ ယေဟောဝါဘုရားကို ပြစ်မှားခဲ့ကြတယ်။+
ယေဟောဝါဘုရားရဲ့စကားကို နာမခံကြဘူး။
ဒါကြောင့် ကျွန်တော်တို့ အရှက်တကွဲ လဲလျောင်းပြီး အရှက်ကို လွှမ်းခြုံထားပါတယ်။”