ယေရမိ ၃၀:၁-၂၄

  • နဂိုအခြေအနေ ပြန်ရောက်စေမယ်၊ ကုသပေးမယ်ဆိုတဲ့ကတိ (၁-၂၄)

၃၀  ယေရမိဆီ ယေဟောဝါရဲ့စကား ရောက်လာတယ်– ၂  “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– ‘ငါပြောသမျှစကားတွေကို စာစောင်ထဲမှာ ရေးမှတ်ထားပါ။ ၃  ယေဟောဝါ ပြောတယ်– “သုံ့ပန်းဘဝရောက်နေတဲ့ ငါ့လူမျိုး အစ္စရေးနဲ့ယုဒကို ပြန်စုသိမ်းမယ့်နေ့ရက်တွေ ရောက်တော့မယ်။+ ဘိုးဘေးတွေကို ငါပေးခဲ့တဲ့ပြည်ဆီ သူတို့ကို ပြန်ခေါ်ဆောင်လာမယ်။ အဲဒီပြည်ကို သူတို့ ပြန်ပိုင်ဆိုင်ရလိမ့်မယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’”+ ၄  အစ္စရေးနဲ့ယုဒကို ယေဟောဝါ မိန့်မှာတယ်။  ၅  ယေဟောဝါ ပြောတာက– “ကြောက်ရွံ့တုန်လှုပ်နေတဲ့အသံတွေ ကြားနေရတယ်။ ကြောက်လန့်စရာတွေပဲ ရှိတယ်။ ငြိမ်သက်ခြင်း မရှိဘူး။  ၆  ယောက်ျားဟာ သားဖွားနိုင်သလားဆိုတာ မေးကြည့်ပါ။ ဒါဆိုရင် ယောက်ျားတန်မဲ့ သားဖွားနေတဲ့မိန်းမလို+ ဗိုက်ကို လက်နဲ့နှိပ်နေတာကို ငါ ဘာလို့တွေ့နေရတာလဲ။ သူတို့မျက်နှာတွေ ဘာလို့ ဖြူဖပ်ဖြူရော် ဖြစ်နေတာလဲ။  ၇  အဲဒီနေ့ဟာ တုန်လှုပ်စရာကောင်းတဲ့နေ့ပဲ။+ အဲဒီနေ့လောက် ကြောက်စရာကောင်းတဲ့နေ့မျိုး မရှိဘူး။ ယာကုပ်အတွက် ဒုက္ခရောက်တဲ့အချိန်ပဲ။ ဒါပေမဲ့ အဲဒီနေ့မှာ သူကယ်တင်ခံရလိမ့်မယ်။” ၈  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောမယ်– “အဲဒီနေ့မှာ သူတို့ထမ်းထားတဲ့ ထမ်းပိုးကို ငါချိုးမယ်။ ကြိုးတွေကိုလည်း နှစ်ပိုင်းဖြတ်မယ်။ သူစိမ်းတွေက သူတို့ကို ကျွန်အဖြစ်ခိုင်းစေပြီး အမြတ်ထုတ်တော့မှာ မဟုတ်ဘူး။ ၉  သူတို့ရဲ့ဘုရား ယေဟောဝါဆီမှာ၊ သူတို့အတွက် ငါပေါ်ထွန်းစေမယ့် ဘုရင်ဒါဝိဒ်ဆီမှာ သူတို့ အစေခံကြလိမ့်မယ်။”+ ၁၀  “အို ငါ့ကျွန်ယာကုပ်၊ မကြောက်နဲ့။ အို အစ္စရေး၊ မထိတ်လန့်နဲ့။+ မင်းကို ဝေးလံတဲ့နေရာကနေ၊မင်းရဲ့သားမြေးတွေကို သုံ့ပန်းဘဝရောက်နေတဲ့ ပြည်ကနေ ငါကယ်တင်မယ်။+ ယာကုပ်က ပြန်လာပြီး အနှောင့်အယှက်မရှိဘဲ စိတ်အေးလက်အေး နေရလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ၁၁  “မင်းကိုကယ်တင်ဖို့ မင်းနဲ့အတူ ငါရှိတယ်။ မင်းတို့ တကွဲတပြားရောက်သွားတဲ့ တိုင်းနိုင်ငံတွေကို အစတုံးဖျက်ဆီးမယ်။+ မင်းတို့ကိုတော့ အစတုံးဖျက်ဆီးမှာ မဟုတ်ဘူး။+ တော်သင့်ရုံပဲ ဆုံးမမယ်။ အပြစ်မပေးဘဲနဲ့တော့ မနေဘူး။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ၁၂  ယေဟောဝါ ပြောတယ်– “မင်းရဲ့ဒဏ်ရာအတွက် ဆေးမရှိဘူး။+ မင်းရဲ့အနာဟာ ကုသလို့ မရဘူး။ ၁၃  မင်းရဲ့အမှုအတွက် အသနားခံပေးမယ့်သူ မရှိဘူး။ မင်းရဲ့အနာအတွက် ကုသနည်း မရှိဘူး။ မင်းအတွက် ဆေးမရှိဘူး။ ၁၄  မင်းအချစ်ကြီးချစ်ခဲ့သူတွေ မင်းကို မေ့သွားပြီ။+ မင်းကို လိုက်မရှာတော့ဘူး။ မင်းရဲ့ များလွန်းတဲ့အမှားတွေ၊ ကြီးလေးတဲ့ အပြစ်တွေကြောင့်+ ငါက ရန်သူတစ်ယောက်လို မင်းကို ရိုက်နှက်မယ်။+ ရက်စက်သူတစ်ယောက်လို ဒဏ်ပေးမယ်။ ၁၅  မင်းရဲ့ဒဏ်ရာအတွက် ဘာလို့ အော်ဟစ်နေတာလဲ။ မင်းရဲ့ဝေဒနာဟာ ကုလို့မှ မရတာ။ မင်းရဲ့ များလွန်းတဲ့ အမှားတွေ၊ ကြီးလေးတဲ့ အပြစ်တွေကြောင့်+ ငါ ဒီလိုလုပ်ရတာ။ ၁၆  မင်းကို ဝါးမျိုသူတွေ ဝါးမျိုခံရမယ်။+ မင်းရဲ့ရန်သူတွေ သုံ့ပန်းဘဝ ရောက်လိမ့်မယ်။+ မင်းကို လုယူသူတွေ လုယူခံရမယ်။ မင်းကို လုယက်သူတွေလည်း လုယက်ခံရဖို့ ငါအပ်မယ်။”+ ၁၇  “သူတို့က မင်းကို အပယ်ခံ၊‘ဘယ်သူမှ လိုက်မရှာတဲ့ ဇိအုန်’ လို့ခေါ်ပေမဲ့+ မင်းကို ငါပြန်ကျန်းမာစေမယ်။ မင်းရဲ့ဒဏ်ရာတွေကို ကုသပေးမယ်”+ လို့ယေဟောဝါ ပြောတယ်။ ၁၈  ယေဟောဝါ ပြောတယ်– “ယာကုပ်ရဲ့တဲဆီ ငါပြန်လာမယ်။ သုံ့ပန်းတွေကို ပြန်စုသိမ်းမယ်။+ သူ့အိမ်တွေကို သနားမယ်။ သူ့တောင်ကုန်းပေါ်မှာ မြို့ကို ပြန်တည်ဆောက်မယ်။+ ခံတပ်မျှော်စင်ကလည်း ရှိသင့်တဲ့နေရာမှာ ပြန်ရှိနေလိမ့်မယ်။ ၁၉  သူတို့ဆီကနေ ကျေးဇူးတင်ချီးမွမ်းသံ၊ ရယ်မောသံတွေ ထွက်ပေါ်လာမယ်။+ သူတို့ကို ငါတိုးပွားများပြားစေမယ်။ လျော့နည်းသွားမှာ မဟုတ်ဘူး။+ သူတို့ကို တိုးများစေမယ်။* လူနည်းစုဖြစ်မှာ မဟုတ်ဘူး။+ ၂၀  သူ့သားသမီးတွေဟာ အရင်တုန်းကလိုပဲ ကြီးပွားကောင်းစားလိမ့်မယ်။ သူတို့ကို ငါ့ရှေ့မှာ အင်အားကြီးတဲ့လူမျိုး ဖြစ်စေမယ်။+ သူ့ကိုဖိနှိပ်တဲ့သူကို ငါအရေးယူမယ်။+ ၂၁  ကြီးမြတ်သူဟာ သူ့အမျိုးထဲက ဖြစ်လိမ့်မယ်။ အုပ်စိုးရှင်ဟာ သူ့ဆီကနေ ပေါ်ထွန်းလိမ့်မယ်။ သူ့ကို ငါ့အနား လာခိုင်းမယ်။ သူလည်း ငါ့ဆီ လာလိမ့်မယ်။” “ဒီလိုမှမဟုတ်ရင် ငါ့ဆီ ဘယ်သူလာဝံ့မလဲ။” ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။ ၂၂  “မင်းတို့ဟာ ငါ့လူတွေဖြစ်ပြီး+ ငါကလည်း မင်းတို့ရဲ့ဘုရားသခင် ဖြစ်မယ်။”+ ၂၃  ယေဟောဝါရဲ့ဒေါသက မုန်တိုင်းလို ရုတ်တရက် တိုက်ခတ် မယ်။+ လူဆိုးတွေရဲ့ ခေါင်းပေါ်မှာ လေပွေလို ဝှေ့နေမယ်။ ၂၄  ယေဟောဝါက စိတ်ထဲ ရည်ရွယ်ထားတာတွေကို အကောင်အထည်ပေါ်လာအောင်၊ပြီးမြောက်အောင် မလုပ်မချင်း+ ပြင်းထန်တဲ့ဒေါသကို ရုပ်သိမ်းမှာ မဟုတ်ဘူး။ အဆုံးပိုင်းကာလမှာ မင်းတို့ အဲဒါကို နားလည်လာမယ်။+

အောက်ခြေမှတ်ချက်များ

“ချီးမြှောက်မယ်” လည်းဖြစ်နိုင်။