ယေရမိ ၃၃:၁-၂၆

  • န​ဂို​လို​ပြန်​ဖြစ်​စေ​မယ်​လို့ ကတိ​ပြု (၁-၁၃)

  • “ဖြောင့်​မတ်​တဲ့ အတက်” လက်​ထက် ဘေး​ကင်း​လုံခြုံ (၁၄-၁၆)

  • ဒါဝိဒ်​နဲ့၊ ပု​ရော​ဟိတ်​တွေ​နဲ့ ဖွဲ့​တဲ့ ပဋိ​ညာဉ် (၁၇-၂၆)

    • နေ့​ပဋိ​ညာဉ်၊ ည​ပဋိ​ညာဉ် (၂၀)

၃၃  အစောင့်​ရင်​ပြင်​မှာ ယေ​ရ​မိ အချုပ်​ခံ​နေ​ရ​တုန်း+ ယေဟောဝါ​က ယေ​ရ​မိ​ကို နောက်​တစ်​ကြိမ် ပြော​တယ်– ၂  “ကမ္ဘာ​မြေကို ပုံ​သွင်း​ပြီး အခိုင်​အမာ တည်​စေ​တဲ့​အရှင် ယေဟောဝါ၊ ကမ္ဘာ​မြေကို ဖန်​ဆင်း​တဲ့​အရှင် ယေဟောဝါ၊ ယေဟောဝါ​ဆို​တဲ့ နာမည်​ကို ပိုင်​ဆိုင်​တဲ့​အရှင် ပြော​တာ​က– ၃  ‘ငါ့​ကို ခေါ်​ပါ။ ပြန်​ထူး​မယ်။ ကြီးမြတ်​တဲ့​အရာ၊ မင်း မသိ​နား​မလည်​နိုင်​တဲ့​အရာတွေ​ကို ငါ​ပြော​ပြမယ်။’”+ ၄  “အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ​က ထိုး​စစ်​ကုန်း​ရိုး​တွေ​ကြောင့်၊ ဓား​ဘေး​ကြောင့် ဖြို​ချ​ခံ​ရ​တဲ့ ဒီ​မြို့​က​အိမ်​တွေ၊ ယုဒ​ဘု​ရင်ရဲ့​နန်း​တော်တွေ၊+ ၅  ခါလဒဲ​လူ​တွေ​ကို ခု​ခံ​တိုက်​ခိုက်​နေ​သူ​တွေ၊ အမျက်​ဒေါသ​နဲ့ ငါ​ဒဏ်​ခတ်​လိုက်​သူ​တွေရဲ့ အလောင်း​တွေ​နဲ့ ပြည့်​နေ​တဲ့ ဒီ​နေ​ရာတွေ၊ အကျင့်​ဆိုး​တွေ​ကျင့်​ပြီး ဒီ​မြို့​ကို ငါ​မျက်​နှာ​လွှဲ​အောင် လုပ်​ခဲ့​သူ​တွေ​နဲ့​ပတ်​သက်​ပြီး ပြော​တယ်– ၆  ‘ငါ​က ဒီ​မြို့​ကို ပြန်​နာ​လန်​ထူ​လာ​အောင်၊ ပြန်​ကျန်း​မာ​အောင် ကု​သပေး​မယ်။+ မြို့​သူ​မြို့​သား​တွေ​ကို ငြိမ်း​ချမ်း​သာ​ယာ​မှု၊ ဘေး​ကင်း​လုံ​ခြုံ​မှု ပေး​မယ်။+ ၇  ယုဒ​သုံ့​ပန်း​တွေ၊ အစ္စရေး​သုံ့​ပန်း​တွေ​ကို ပြန်​ခေါ်​လာ​မယ်။+ သူတို့​ကို န​ဂို​လို ပြန်​ဖြစ်​စေ​မယ်။+ ၈  သူတို့​လုပ်​ခဲ့​တဲ့ အပြစ်​တွေ​ကို သန့်​စင်​ပေး​မယ်။+ ငါ့​အပေါ် ကျူး​လွန်​ခဲ့​တဲ့ အမှား​တွေ၊ အပြစ်​တွေ​ကို ခွင့်​လွှတ်​မယ်။+ ၉  ငါ​ပြတဲ့​ကောင်း​မှု​တွေ​ကို ကြား​သိ​ကြ​မယ့် ကမ္ဘာ​ပေါ်​က လူမျိုး​အားလုံး​ရှေ့​မှာ ဒီ​မြို့​နာ​မည်​ဟာ ငါ့​ကို အား​ရ​ရွှင်​လန်း​စေ​တဲ့​အရာ၊ ငါ့​ကို ချီး​မွမ်း​ဂုဏ်​တင်​တဲ့​အရာ ဖြစ်​လာ​မယ်။+ ဒီ​မြို့​ကို ငါ​ပြမယ့်​ကောင်း​မှု​နဲ့ ငါ​ပေး​မယ့် ငြိမ်သက်​ခြင်း​ကြောင့်+ လူ​မျိုး​တွေ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မယ်။’”+ ၁၀  “ယေဟောဝါ ပြော​တာ​က– ‘လူ​သူ​တိ​ရစ္ဆာန်​မရှိ​တဲ့ လွင်​တီး​ခေါင်​လို့ မင်း​တို့​ပြော​ကြ​မယ့် ဒီ​နေ​ရာ​မှာ၊ လူ​သူ​တိ​ရစ္ဆာန်​မရှိ​တဲ့ ယုဒ​ရဲ့​မြို့​တွေ၊ ဂျေရု​ဆ​လင်​ရဲ့​လမ်း​တွေ​မှာ၊ ၁၁  ရွှင်​လန်း​ဝမ်း​မြောက်​တဲ့​အသံ၊+ သတို့​သား​ရဲ့​အသံ၊ သတို့​သမီး​ရဲ့​အသံ​တွေ ပြန်​ကြား​ရ​လိမ့်​မယ်။ “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ကို ကျေး​ဇူး​တင်​ကြ​ပါ။ ယေဟောဝါ​ဟာ ကောင်းမြတ်​တယ်၊+ ခိုင်​မြဲတဲ့​မေတ္တာ​တော် ထာ​ဝ​စဉ် တည်​မြဲတယ်”+ ဆို​တဲ့​အသံ​တွေ ပြန်​ကြား​ရ​လိမ့်​မယ်။’ “‘သုံ့​ပန်း​တွေ​ကို ငါ​ပြန်​ခေါ်​လာ​ပြီး နဂို​လို ပြန်​ဖြစ်​စေ​မယ်။ ဒါ​ကြောင့် သူတို့​က ကျေး​ဇူး​တင်​ချီး​မွမ်း​ရာ​အလှူ​ကို ယေဟောဝါ​ရဲ့ အိမ်​တော်​ဆီ ယူ​ဆောင်​လာ​မယ်။’+ ဒါ​ဟာ ငါ​ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။” ၁၂  “‘လူ​သူ​တိ​ရစ္ဆာန်​မရှိ​တဲ့ ဒီ​လွင်​တီး​ခေါင်​နဲ့ ဒီ​မြို့​တွေ​ဟာ စား​ကျက်​မြေ ပြန်​ဖြစ်​လာ​မယ်။ သိုးထိန်း​တွေ​က သိုး​အုပ်​တွေ​ကို အဲဒီ​မှာ နား​နေ​စေ​မယ်’+ လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။ ၁၃  “‘တောင်​တန်း​ဒေ​သက မြို့​တွေ​မှာ၊ မြေနိမ့်​ဒေ​သက မြို့​တွေ​မှာ၊ တောင်​အရပ်​က မြို့​တွေ​မှာ၊ ဗင်​ယာ​မိန်​နယ်​မြေမှာ၊ ဂျေရု​ဆ​လင်​ဝန်း​ကျင်​မှာ၊+ ယုဒ​ရဲ့​မြို့​တွေ​မှာ+ သိုးထိန်း​တွေ​က သိုး​တွေ​ကို ပြန်​ပြီး​ရေ​တွက်​မယ့်​အချိန် ရောက်​လာ​မယ်’ လို့ ယေဟောဝါ ပြော​တယ်။” ၁၄  “ယေဟောဝါ ပြော​တာ​က– ‘အစ္စရေး​အမျိုး၊ ယုဒ​အမျိုး​နဲ့​ပတ်​သက်​ပြီး ငါ့​ရဲ့​ကောင်း​မွန်​တဲ့​ကတိ​အတိုင်း လုပ်​ဆောင်​ပေး​မယ့်​နေ့​တွေ ရောက်​လာ​တော့​မယ်။+ ၁၅  အဲဒီ​နေ့​ရောက်ရင်၊ အဲဒီ​အချိန်​ရောက်ရင် ငါ​က ဒါဝိဒ်​အတွက် ဖြောင့်​မတ်​တဲ့ အတက်*+ ပေါက်​စေ​မယ်။ သူ​က ပြည်​မှာ တ​ရား​မျှ​တ​စွာ၊ ဖြောင့်​မတ်​စွာ စီ​ရင်​လိမ့်​မယ်။+ ၁၆  အဲဒီ​နေ့​ရောက်ရင် ယုဒ​ဟာ ကယ်​တင်​ခံ​ရ​လိမ့်​မယ်။+ ဂျေရု​ဆ​လင်​က​လည်း ဘေး​ကင်း​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​လိမ့်​မယ်။+ ‘ယေဟောဝါ​ဟာ ငါ​တို့​ရဲ့​ဖြောင့်​မတ်​ခြင်း’ ဆို​တဲ့​နာ​မည်​နဲ့ အဲဒီ​မြို့​ကို ခေါ်​ကြ​လိမ့်​မယ်။’”+ ၁၇  “ယေဟောဝါ ပြော​တာ​က– ‘အစ္စရေး​အမျိုး​ရဲ့ ရာ​ဇ​ပလ္လင်​ပေါ် နန်း​ထိုင်​မယ့် ဒါဝိဒ်ရဲ့​မျိုး​ဆက် ဘယ်​တော့​မှ မပြတ်​စေ​ရ​ဘူး။+ ၁၈  အကုန်​အစင် မီး​ရှို့​ရာ​အလှူ၊ ပူ​ဇော်​သက္ကာ၊ ကောက်​နှံ​အလှူ​တွေ​ကို ပူ​ဇော်​မယ့် လေ​ဝိအနွယ် ပုရော​ဟိတ်​မျိုး​ဆက်​လည်း ငါ့​ရှေ့​မှာ မပြတ်​စေ​ရ​ဘူး။’” ၁၉  ယေဟောဝါ​က ယေ​ရ​မိ​ကို ပြော​တယ်– ၂၀  “ယေဟောဝါ ပြော​မယ်– ‘ငါ​ပြဋ္ဌာန်း​ထား​တဲ့ နေ့​ပဋိ​ညာဉ်​နဲ့ ည​ပဋိ​ညာဉ်​ကို မင်း​တို့​ချိုး​ဖျက်​ပြီး နေ့​တွေ​ည​တွေ သူ့​အချိန်​နဲ့​သူ ရောက်​မလာ​အောင် တား​ဆီး​နိုင်​မှ​ပဲ၊+ ၂၁  ငါ့​အတွက် အမှု​ဆောင်​မယ့် လေ​ဝိအ​နွယ် ပု​ရော​ဟိတ်​တွေ​နဲ့​ဖွဲ့​ထား​တဲ့ ပဋိ​ညာဉ်ရော+ ငါ့​ကျွန်​ဒါဝိဒ်​နဲ့ ဖွဲ့​ထား​တဲ့ ပဋိ​ညာဉ်​ပါ ပျက်​ပြယ်​နိုင်​လိမ့်​မယ်။+ အဲဒီ​လို​သာ ပျက်​ပြယ်​ခဲ့ရင် ဒါဝိဒ်ရဲ့ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​မယ့် သား​တစ်​ယောက်​မှ ကျန်​မှာ​မဟုတ်​ဘူး။+ ၂၂  ကောင်း​ကင်​ကြယ်​တွေ မရေ​တွက်​နိုင်​အောင် များ​ပြား​သလို၊ ပင်လယ်​သဲ​ပွင့်​တွေ မချိန်​တွယ်​နိုင်​အောင် များ​ပြား​သလို ငါ့​ကျွန်​ဒါဝိဒ်ရဲ့ မျိုး​နွယ်​နဲ့ ငါ့​အတွက် အမှု​ဆောင်​နေ​တဲ့ လေ​ဝိအမျိုး​သား​တွေ​ကို ငါ​တိုး​ပွား​များ​ပြား​စေ​မယ်။’” ၂၃  ယေဟောဝါ​က ယေ​ရ​မိ​ကို ပြော​တယ်– ၂၄  “‘ယေဟောဝါ​က ရွေး​ချယ်​ထား​တဲ့ အမျိုး​နှစ်​မျိုး​ကို ငြင်း​ပယ်​လိမ့်​မယ်’ လို့ သူတို့​ပြော​နေ​တာ​ကို မင်း​သတိ​မထား​မိ​ဘူး​လား။ သူတို့​က ငါ့​လူ​တွေ​ကို မလေး​မစား ဆက်ဆံ​နေ​တဲ့​အပြင် လူမျိုး​တစ်​မျိုး​လို့​တောင် မသတ်​မှတ်​ကြ​ဘူး။ ၂၅  “ယေဟောဝါ ပြော​တာ​က– ‘နေ့​ပဋိ​ညာဉ်​နဲ့ ည​ပဋိ​ညာဉ်​ကို၊+ မိုး​ကောင်း​ကင်​နဲ့ ကမ္ဘာ​မြေအတွက် နိ​ယာ​မတ​ရားတွေ​ကို+ ငါ​ပြဋ္ဌာန်းခဲ့​တာ ကျိန်း​သေသလို၊ ၂၆  ယာကုပ်​နဲ့ ငါ့​ကျွန်​ဒါဝိဒ်ရဲ့ မျိုး​နွယ်​ကို ဘယ်​တော့​မှ ငြင်း​ပယ်​မှာ မဟုတ်​ဘူး​ဆို​တာ ကျိန်း​သေတယ်။ အဲဒီ​လို​သာ ငြင်း​ပယ်​လိုက်​ရင် အာဗြဟံ၊ အိ​ဇက်၊ ယာကုပ်​ရဲ့ သား​မြေး​တွေ​အပေါ် အုပ်​စိုး​မယ့်​သူ​တွေ​ကို ဒါဝိဒ်ရဲ့​မျိုး​နွယ်​က​နေ ဖယ်​ရှား​လိုက်​သလို ဖြစ်​သွား​မှာ​ပေါ့။ အဲဒီ​လို​လုပ်​မယ့်​အစား သူတို့​ရဲ့​သုံ့​ပန်း​တွေ​ကို ငါ​ပြန်​စု​သိမ်း​မယ်။+ သူတို့​ကို သနား​မယ်။’”+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “အမွေ​ခံ။”