ယေရမိ ၃၄:၁-၂၂
၃၄ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနဲ့ သူ့တပ်မကြီးတစ်ခုလုံး၊ လက်အောက်ခံ ကမ္ဘာ့တိုင်းနိုင်ငံတွေမှာရှိတဲ့ လူအားလုံးက ဂျေရုဆလင်နဲ့ ပတ်ဝန်းကျင်မြို့တွေကို တိုက်ခိုက်နေချိန်မှာ ယေရမိဆီ ယေဟောဝါရဲ့စကား ရောက်လာတယ်။+
၂ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ မိန့်မှာတာက– ‘ယုဒဘုရင်ဇေဒကိကို+ သွားပြောလိုက်– “ယေဟောဝါပြောတာက ‘ဒီမြို့ကို ဗာဗုလုန်ဘုရင်လက်ထဲ ငါအပ်မယ်။ မြို့ကို သူ မီးရှို့လိမ့်မယ်။+
၃ မင်းက ဗာဗုလုန်ဘုရင်လက်ကနေ လွတ်မှာ မဟုတ်ဘူး။ ကျိန်းသေ အဖမ်းခံရပြီး သူ့လက်ထဲ ရောက်သွားမယ်။+ သူနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး စကားပြောရမယ်။ ဗာဗုလုန်ကို မင်း လိုက်ပါသွားရမယ်။’+
၄ ဒါပေမဲ့ ယုဒဘုရင်ဇေဒကိ၊ ယေဟောဝါပြောတာကို နားထောင်ပါ။ ‘မင်းနဲ့ပတ်သက်ပြီး ယေဟောဝါ ပြောမယ်– “မင်းဟာ ဓားနဲ့ ကွပ်မျက်ခံရမှာ မဟုတ်ဘူး။
၅ အေးချမ်းစွာ သေဆုံးရမယ်။+ သူတို့က မင်းမတိုင်ခင်က ဘုရင်တွေဖြစ်တဲ့ ဘိုးဘေးတွေအတွက် မီးရှို့အခမ်းအနား လုပ်ပေးခဲ့သလို မင်းအတွက်လည်း လုပ်ပေးလိမ့်မယ်။ ‘သခင်ကြီး၊ ဖြစ်မှဖြစ်ရလေ’ ဆိုပြီး မင်းအတွက် ညည်းတွားငိုကြွေးလိမ့်မယ်။ ‘ဒါဟာ ငါပြောတဲ့စကားပဲ’ လို့ ယေဟောဝါ ပြောတယ်။”’”’”
၆ ပရောဖက်ယေရမိလည်း ဂျေရုဆလင်မှာရှိတဲ့ ယုဒဘုရင်ဇေဒကိကို အဲဒီအတိုင်း ပြောပြတယ်။
၇ ဂျေရုဆလင်မြို့၊ ယုဒမြို့တွေဖြစ်တဲ့+ လာခိရှမြို့နဲ့+ အဇေကာမြို့ကို+ ဗာဗုလုန်တပ်တွေ တိုက်ခိုက်နေချိန်မှာ အဲဒီလို ပြောလိုက်တာ။ ယုဒရဲ့မြို့တွေထဲမှာ အဲဒီခံတပ်မြို့တွေပဲ ကျန်တော့တယ်။
၈ ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။ အဲဒီအချိန်မှာ ဘုရင်ဇေဒကိက လူတွေကို လွတ်လပ်ခွင့်ပေးမယ်လို့ ကြေညာဖို့ ဂျေရုဆလင်မြို့သူမြို့သားတွေနဲ့ ကတိသစ္စာပြုပြီးခါစပဲ ရှိသေးတယ်။+
၉ လူတိုင်း ဂျူးအမျိုးသားချင်းကို ကျွန်အဖြစ် မခိုင်းစေတော့ဘဲ ဟီဘရူးကျွန်ယောက်ျား၊ ကျွန်မိန်းမတွေကို လွှတ်ပေးရမယ်။
၁၀ ဒါကို မင်းညီမင်းသားတွေရော လူတွေပါ နာခံကြတယ်။ ကိုယ့်ရဲ့ကျွန်ယောက်ျား၊ ကျွန်မိန်းမကို ကျွန်အဖြစ် မခိုင်းစေတော့ဘဲ လွှတ်ပေးရမယ်ဆိုတဲ့ ကတိသစ္စာကို သဘောတူနာခံပြီး ကျွန်တွေကို လွှတ်ပေးကြတယ်။
၁၁ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က လွှတ်ပေးလိုက်တဲ့ ကျွန်တွေကို ပြန်ခေါ်ပြီး အတင်းအကျပ် ခိုင်းစေပြန်တယ်။
၁၂ ဒါကြောင့် ယေဟောဝါဆီက ယေဟောဝါရဲ့ စကားတော် ယေရမိဆီ ရောက်လာတယ်–
၁၃ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက– ‘ငါဟာ ဘိုးဘေးတွေကို ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာခဲ့တဲ့နေ့မှာ၊+
၁၄ “ဟီဘရူးညီအစ်ကို တစ်ယောက်ကို ကျွန်အဖြစ် ဝယ်ထားရင် ခြောက်နှစ်ပဲ ကျွန်ခံခိုင်းရမယ်။ ခုနစ်နှစ်ပြည့်ရင် ပြန်လွှတ်ပေးရမယ်။ သူတို့ကို လွတ်လပ်ခွင့် ပေးရမယ်”+ ဆိုပြီး သူတို့နဲ့ ကတိသစ္စာပြုခဲ့တယ်။+ ဒါပေမဲ့ ဘိုးဘေးတွေက ငါ့စကားကို နားမထောင်ခဲ့ကြဘူး။ နားမစွင့်ခဲ့ကြဘူး။
၁၅ မကြာသေးခင်က မင်းတို့လည်း စိတ်ပြောင်းပြီး ငါ့အမြင်မှာ မှန်ရာကို လုပ်ခဲ့ကြတယ်။ ကိုယ့်အမျိုးသားချင်းကို လွတ်လပ်ခွင့်ပေးမယ်လို့ ကြေညာပြီး ငါ့နာမည်ခံယူထားတဲ့ အိမ်တော်မှာ၊ ငါ့ရှေ့မှာ ကတိသစ္စာပြုခဲ့ကြတယ်။
၁၆ ဒါပေမဲ့ မင်းတို့ စိတ်ပြောင်းသွားပြန်ပြီ။ ကျွန်တွေကို သူတို့ဆန္ဒအတိုင်း လွှတ်ပေးခဲ့ပြီးမှ ပြန်ခေါ်ပြီး အတင်းအကျပ် ခိုင်းစေပြန်ပြီ။ ဒီနည်းနဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချခဲ့ကြပြီ။’+
၁၇ “ဒါကြောင့် ယေဟောဝါ ပြောတာက– ‘ကိုယ့်ညီအစ်ကိုကို၊ ကိုယ့်အမျိုးသားချင်းကို လွတ်လပ်ခွင့်ပေးရမယ်ဆိုတဲ့ ငါ့အမိန့်ကို မင်းတို့ မနာခံကြဘူး။+ ဒါကြောင့် မင်းတို့ရမယ့် လွတ်လပ်ခွင့်ကို ငါကြေညာမယ်– ဓားဘေး၊ ကပ်ရောဂါဘေး၊ အငတ်ဘေးနဲ့ မင်းတို့ သေရလိမ့်မယ်။+ မင်းတို့ကြောင့် ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ထိတ်လန့်သွားလိမ့်မယ်။’+ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။
၁၈ ‘နွားကလေးကို နှစ်ခြမ်းခွဲ၊ ဘယ်ညာတစ်ခြမ်းစီ ချထားပြီးနောက် အလယ်ကနေ ဖြတ်လျှောက်ပြီး ငါ့ရှေ့မှာ ဖွဲ့ခဲ့တဲ့ ပဋိညာဉ်စကားတွေအတိုင်း မလုပ်ဆောင်ဘဲ ငါ့ပဋိညာဉ်ကို ချိုးဖောက်သူတွေ၊+
၁၉ ဘယ်ညာတစ်ခြမ်းစီ ချထားတဲ့ နွားကလေးရဲ့အလယ်ကနေ ဖြတ်လျှောက်တဲ့ ယုဒမင်းညီမင်းသားတွေ၊ ဂျေရုဆလင်မင်းညီမင်းသားတွေ၊ နန်းတွင်းအရာရှိတွေ၊ ပုရောဟိတ်တွေ၊ ပြည်သူပြည်သားတွေ ကြုံရမယ့်အရာကတော့–
၂၀ ရန်သူတွေ၊ အသက်အန္တရာယ် ပေးချင်သူတွေလက်ထဲ သူတို့ကို ငါအပ်မယ်။ သူတို့ရဲ့အလောင်းတွေကို မိုးကောင်းကင်ငှက်တွေ၊ မြေသားရဲတွေ စားကြလိမ့်မယ်။+
၂၁ ရန်သူတွေ၊ အသက်အန္တရာယ် ပေးချင်သူတွေ၊ ဆုတ်ခွာသွားတဲ့+ ဗာဗုလုန်တပ်တွေလက်ထဲ+ ယုဒဘုရင်ဇေဒကိနဲ့ မင်းညီမင်းသားတွေကို ငါအပ်မယ်။’
၂၂ “‘အခု ငါအမိန့်ပေးမယ်။ သူတို့ကို ပြန်လာခိုင်းမယ်။ သူတို့က ဒီမြို့ကို တိုက်ခိုက်သိမ်းယူပြီး မီးရှို့လိမ့်မယ်။+ ငါက ယုဒရဲ့မြို့တွေကို လူသူမရှိတဲ့ လွင်တီးခေါင် ဖြစ်စေမယ်။’+ ဒါဟာ ငါယေဟောဝါပြောတဲ့ စကားပဲ။”