ယေရမိ ၃၇:၁-၂၁

  • ခါလဒဲတွေ ခေတ္တဆုတ်ခွာ (၁-၁၀)

  • ယေရမိကို အကျဉ်းချ (၁၁-၁၆)

  • ယေရမိကို ဇေဒကိ ခေါ်တွေ့ (၁၇-၂၁)

    • ယေရမိစားဖို့ မုန့်ရ (၂၁)

၃၇  ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ယောရှိရဲ့သား ဇေဒကိကို+ နန်းတင်တယ်။ ဒါကြောင့် ဇေဒကိဟာ ယောယကိမ်ရဲ့သား ခေါနိနေရာကို+ ဆက်ခံပြီး ယုဒပြည်မှာ နန်းထိုင်တယ်။+ ၂  သူနဲ့ မင်းမှုထမ်းတွေရော ပြည်သူပြည်သားတွေပါ ပရောဖက် ယေရမိကတစ်ဆင့် ယေဟောဝါပြောတဲ့ စကားတွေကို နားမထောင်ကြဘူး။ ၃  ဘုရင်ဇေဒကိက ရှေလမိရဲ့သား ယေဟုကာ၊+ မာသေယရဲ့သား ပုရောဟိတ်ဇေဖနိကို+ ပရောဖက်ယေရမိဆီ လွှတ်ပြီး “ငါတို့အတွက် ယေဟောဝါဘုရားဆီမှာ ဆုတောင်းပေးပါ” လို့ပြောခိုင်းတယ်။ ၄  ယေရမိက ထောင်မကျသေးတဲ့အတွက် လူတောထဲ လွတ်လွတ်လပ်လပ် သွားလာနေတယ်။+ ၅  အဲဒီအချိန်မှာ ဖာရောရဲ့စစ်တပ်က အီဂျစ်ပြည်ကနေ စစ်ချီလာတယ်။+ ခါလဒဲလူတွေက အဲဒီသတင်းကို ကြားတဲ့အခါ ဂျေရုဆလင်ကို ဝိုင်းထားရာကနေ တပ်ဆုတ်သွားတယ်။+ ၆  အဲဒီနောက် ပရောဖက်ယေရမိကို ယေဟောဝါ ပြောတယ်– ၇  “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– ‘ငါ့ကို မေးမြန်းဖို့ မင်းတို့ကို လွှတ်လိုက်တဲ့ ယုဒဘုရင်ကို ပြန်ပြောလိုက်ပါ။ “မင်းတို့ကို စစ်ကူဖို့ လာနေတဲ့ ဖာရောရဲ့စစ်တပ်က နေရင်းပြည် အီဂျစ်ကို ပြန်သွားရလိမ့်မယ်။+ ၈  ခါလဒဲလူတွေ ပြန်ရောက်လာပြီး ဒီမြို့ကို တိုက်ခိုက်သိမ်းပိုက်လိမ့်မယ်၊ မီးရှို့လိမ့်မယ်။”+ ၉  ယေဟောဝါ ပြောတာက “‘ခါလဒဲလူတွေ ငါတို့ကို မတိုက်ခိုက်တော့ဘဲ ကျိန်းသေ ပြန်လှည့်သွားမှာပါ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မလှည့်စားကြနဲ့။ သူတို့ ပြန်လှည့်သွားမှာ မဟုတ်ဘူး။ ၁၀  လာတိုက်ခိုက်တဲ့ ခါလဒဲတစ်တပ်လုံးကို မင်းတို့ ချေမှုန်းလိုက်လို့ ဒဏ်ရာရသူတွေပဲ ကျန်ခဲ့ရင်တောင် အဲဒီလူတွေက ကိုယ့်တဲထဲကနေ ထလာပြီး ဒီမြို့ကို မီးရှို့လိမ့်မယ်။”’”+ ၁၁  ခါလဒဲစစ်တပ်က ဖာရောရဲ့စစ်တပ်ကြောင့် ဂျေရုဆလင်ကို တိုက်ခိုက်ရာကနေ ဆုတ်ခွာသွားတယ်။+ ၁၂  အဲဒီအချိန်မှာ ယေရမိက ဂျေရုဆလင်ကနေ ဗင်ယာမိန်နယ်မြေကိုထွက်သွားတယ်။+ အဲဒီမှာရှိတဲ့ သူ့မြေကွက်ကို သူ့လူတွေဆီကနေ ပြန်ယူဖို့ပဲ။ ၁၃  ဗင်ယာမိန်တံခါးကို ရောက်တဲ့အခါ ဟာနနိရဲ့မြေး၊ ရှေလမိရဲ့သား မြို့စောင့်တပ်မှူး အိရိယက ပရောဖက်ယေရမိကို ဖမ်းပြီး “ခါလဒဲလူတွေဆီ ထွက်ပြေးမလို့လား” ဆိုပြီးပြောတယ်။ ၁၄  ယေရမိက “မဟုတ်ပါဘူး။ ခါလဒဲလူတွေဆီ မထွက်ပြေးပါဘူး” လို့ဖြေပေမဲ့ အိရိယက နားမထောင်ဘဲ ယေရမိကို မင်းညီမင်းသားတွေဆီ ဖမ်းခေါ်သွားတယ်။ ၁၅  မင်းညီမင်းသားတွေက ယေရမိကို ဒေါသတကြီး ရိုက်နှက်ပြီး+ အကျဉ်းထောင်အဖြစ် လုပ်ထားတဲ့ စာရေးတော် ယေဟောနသန်ရဲ့အိမ်မှာ အကျဉ်းချလိုက်တယ်။+ ၁၆  ယေရမိဟာ မြေအောက်အကျဉ်းခန်းတစ်ခုမှာ* ရက်ပေါင်းများစွာ နေရတယ်။ ၁၇  အဲဒီနောက် ဘုရင်ဇေဒကိက ယေရမိကို နန်းတော်ဆီ ဆင့်ခေါ်ပြီး “ယေဟောဝါဘုရားဆီက သတင်းတစ်ခုခု ရှိသလား” လို့ တိုးတိုးတိတ်တိတ် မေးတယ်။+ ယေရမိက “ရှိပါတယ်။ မင်းကြီးက ဗာဗုလုန်ဘုရင်လက်ထဲ ရောက်သွားမယ်” လို့ဖြေတယ်။+ ၁၈  ယေရမိက ဘုရင်ဇေဒကိကို “မင်းကြီးနဲ့ အမှုထမ်းတွေကို၊ ဒီလူတွေကို ကျွန်တော် ဘာများပြစ်မှားခဲ့လို့ အခုလို ထောင်ချရတာလဲ။ ၁၉  ‘မင်းကြီးနဲ့ဒီပြည်ကို ဗာဗုလုန်ဘုရင် လာတိုက်မှာ မဟုတ်ဘူး’ လို့ ဟောခဲ့တဲ့ ပရောဖက်တွေ ဘယ်ရောက်ကုန်ပြီလဲ။+ ၂၀  အရှင်မင်းကြီး၊ နားထောင်ပါဦး။ ကျွန်တော် အသနားခံတဲ့အတိုင်း လုပ်ဆောင်ပေးပါ။ ကျွန်တော့်ကို စာရေးတော် ယေဟောနသန်အိမ်ဆီ ပြန်မပို့ပါနဲ့။+ ပြန်ပို့ရင် အဲဒီမှာ ကျွန်တော် သေရပါလိမ့်မယ်”+ လို့ပြောတယ်။ ၂၁  ဒါကြောင့် ဘုရင်ဇေဒကိက ယေရမိကို အစောင့်ရင်ပြင်မှာ ချုပ်ထားဖို့ အမိန့်ပေးလိုက်တယ်။+ မြို့ထဲမှာ မုန့်မကုန်မချင်း+ မုန့်သည်တန်းကနေ မုန့်တစ်လုံးကို သူစားဖို့ နေ့တိုင်းပေးတယ်။+ ဒီလိုနဲ့ ယေရမိက အစောင့်ရင်ပြင်မှာ ဆက်နေရတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ ‘ရေလှောင်ကန်ထဲမှာ။’