ယေရမိ ၃၈:၁-၂၈

  • ယေ​ရ​မိ​ကို ရေ​လှောင်​ကန်​ထဲ ပစ်​ချ (၁-၆)

  • ဧ​ဗ​ဒ​မေလက် ယေ​ရ​မိ​ကို​ကယ် (၇-၁၃)

  • အညံ့​ခံ​ဖို့ ဇေ​ဒ​ကိ​ကို တိုက်​တွန်း (၁၄-၂၈)

၃၈  မဿန်ရဲ့​သား ရှေ​ဖတိ၊ ပါ​ရှု​ရရဲ့​သား ဂေဒ​လိ၊ ရှေ​လ​မိ​ရဲ့​သား ယေဟု​က​လ၊+ မာလခိ​ယ​ရဲ့​သား ပါ​ရှု​ရ​က+ လူ​တွေ​ကို ယေ​ရ​မိ ဒီ​လို​ပြော​နေ​တာ​ကို ကြား​တယ်– ၂  “‘ဒီ​မြို့​မှာ ဆက်​နေ​ထိုင်​သူ​က ဓား​ဘေး၊ အငတ်​ဘေး၊ ကပ်​ရော​ဂါ​ဘေး​နဲ့ သေရ​လိမ့်​မယ်။+ ခါလဒဲ​လူ​တွေ​ဆီ​မှာ အညံ့​ခံ​သူ​က​တော့ အသက်​ဆက်​ရှင်​လိမ့်​မယ်။ ကိုယ့်​အသက်​ကို တိုက်​ရာ​ပါ​ဥစ္စာ​လို ရ​ပြီး အသက်​ရှင်​လိမ့်​မယ်’+ လို့ ယေဟောဝါ​ပြော​တယ်။ ၃  ‘ဒီ​မြို့​က ဗာ​ဗု​လုန်​ဘု​ရင်​လက်​ထဲ ကျိန်း​သေ ရောက်​သွား​လိမ့်​မယ်။ မြို့​ကို သူ​သိမ်း​ပိုက်​လိမ့်​မယ်’ လို့ ယေဟောဝါ ပြော​တယ်။”+ ၄  အဲဒီ​အခါ မင်း​ညီ​မင်း​သား​တွေ​က ဘု​ရင်​ကို “အရှင်​မင်း​ကြီး၊ ဒီ​လူ​ကို ကွပ်​မျက်​လိုက်​ပါ။+ သူ​က ဒီ​မြို့​မှာ ကျန်​ကြွင်း​တဲ့ စစ်​သည်​တွေ၊ လူ​တွေ​ကို စိတ်​ဓာတ်​ကျ​အောင် ပြော​နေ​တယ်။ လူ​တွေ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း နေ​ရ​မှာ​ကို မလို​လား​ဘဲ ဘေး​ဆိုး​ကြုံ​ရ​မှာ​ကို​ပဲ လို​လား​နေ​တယ်” ဆို​ပြီး လျှောက်​တင်​တယ်။ ၅  ဘု​ရင်ဇေ​ဒ​ကိ​က “သူ​ဟာ မင်း​တို့ လက်​ထဲ​မှာ ရှိ​တာ​ပဲ။ မင်း​တို့​အလို​ကို ဆန့်​ကျင်​ပြီး ငါ​ဘာ​လုပ်​နိုင်​လို့​လဲ” လို့​ပြန်​ပြော​တယ်။ ၆  ဒီ​တော့ သူတို့​က ယေ​ရ​မိ​ကို ခေါ်​သွား​ပြီး အစောင့်​ရင်​ပြင်​မှာ​ရှိ​တဲ့+ သား​တော် မာလခိ​ယ​ရဲ့ ရေ​လှောင်​ကန်​ထဲ ကြိုး​နဲ့ လျှော​ချ​လိုက်​တယ်။ အဲဒီ​ရေ​လှောင်​ကန်​ထဲ​မှာ ရေ​မရှိ​ဘဲ ရွှံ့​နွံ​တွေ​ပဲ ရှိ​တယ်။ ဒါ​ကြောင့် ယေ​ရ​မိ​က ရွှံ့​နွံ​ထဲ​မှာ နစ်​နေ​တော့​တယ်။ ၇  ယေ​ရ​မိ​ကို ရေ​လှောင်​ကန်​ထဲ​ပစ်​ချ​လိုက်​တဲ့​အကြောင်း နန်း​တော်​ထဲ​က အီသီယိုး​ပီးယား​လူမျိုး မိန်း​မစိုး* ဧ​ဗ​ဒ​မေလက်+ ကြား​သွား​တယ်။ ဗင်​ယာ​မိန်​တံခါး​မှာ ဘု​ရင်​ထိုင်​နေ​တုန်း၊+ ၈  နန်း​တော်​က​နေ ဧ​ဗ​ဒ​မေလက် ထွက်​လာ​ပြီး၊ ၉  “အရှင်​မင်း​ကြီး၊ ပရော​ဖက်​ယေ​ရ​မိ​အပေါ် ဒီ​လူ​တွေရဲ့​လုပ်​ပုံ​ဟာ တော်​တော်​ဆိုး​တယ်။ သူတို့​က ယေ​ရ​မိ​ကို ရေ​လှောင်​ကန်​ထဲ ပစ်​ချ​လိုက်​ပြီ။ အဲဒီ​မှာ သူ ငတ်​ပြီး​သေသွား​လိမ့်​မယ်။ မြို့​ထဲ​မှာ​လည်း စား​စ​ရာ လုံး​ဝ​မကျန်​တော့​ဘူး”+ လို့​လျှောက်​တင်​တယ်။ ၁၀  ဒါ​နဲ့ ဘု​ရင်​က “ဒီ​မှာ​ရှိ​တဲ့ လူ ၃၀ ကို ခေါ်​သွား​ပြီး ပရော​ဖက်​ယေ​ရ​မိ​ကို ရေ​လှောင်​ကန်​ထဲ​က​နေ ဆွဲ​တင်​လိုက်။ မဟုတ်​ရင် သူ သေသွား​လိမ့်​မယ်” လို့ အီသီယိုး​ပီးယား​လူမျိုး ဧ​ဗ​ဒ​မေလက်​ကို အမိန့်​ပေး​တယ်။ ၁၁  ဧ​ဗ​ဒ​မေလက်​လည်း လူ​တွေ​ကို ခေါ်​သွား​ပြီး နန်း​တော်​ထဲ​က ဘဏ္ဍာ​တိုက်​အောက်​ကို ဆင်း​သွား​တယ်။+ အဲဒီ​ထဲ​က အဝတ်​စုတ်​တွေ​ကို ယူ​ပြီး ရေ​လှောင်​ကန်​ထဲ​မှာ​ရှိ​တဲ့ ယေ​ရ​မိ​ဆီ ကြိုး​နဲ့ လျှော​ချ​ပေး​တယ်။ ၁၂  အဲဒီ​နောက် ဧ​ဗ​ဒ​မေလက်​က “အသား​မပွန်း​အောင် အဝတ်​စုတ်​တွေ​ကို ချိုင်း​အောက်​မှာ ခု​လိုက်” လို့​ပြော​တယ်။ ယေ​ရ​မိ​လည်း ပြော​တဲ့​အတိုင်း လုပ်​တယ်။ ၁၃  အဲဒီ​နောက် ယေ​ရ​မိ​ကို ရေ​လှောင်​ကန်​ထဲ​က​နေ ကြိုး​နဲ့​ဆွဲ​တင်​ကြ​တယ်။ ဒီ​လို​နဲ့ ယေ​ရ​မိ​ဟာ အစောင့်​ရင်​ပြင်​မှာ ဆက်​နေ​ရ​တယ်။+ ၁၄  ဘု​ရင်ဇေ​ဒ​ကိ​က ပရော​ဖက်​ယေရ​မိ​ဆီ လူ​လွှတ်​ပြီး ယေဟောဝါ​အိမ်​တော်ရဲ့ တ​တိ​ယ​ဝင်​ပေါက်​ကို လာ​ခိုင်း​တယ်။ ပြီး​တော့ “မင်း​ကို မေး​စ​ရာ​ရှိ​တယ်။ မထိမ်​မချန်​ဘဲ ဖြေပါ” လို့ ပြော​တဲ့​အခါ၊ ၁၅  ယေ​ရ​မိ​က “ကျွန်​တော်​ပြော​လိုက်​ရင် ကျွန်​တော့်​ကို မင်း​ကြီး​သတ်​မှာ သေချာ​တယ်။ အကြံ​ပေး​ရင်​လည်း မင်း​ကြီး​နား​ထောင်​မှာ မဟုတ်​ပါ​ဘူး” လို့ ဇေ​ဒ​ကိ​ကို ပြော​တယ်။ ၁၆  ဒါ​နဲ့ ဘု​ရင်ဇေ​ဒ​ကိ​က “အသက်​ပေး​ရှင်၊ အသက်​ရှင်​နေ​တဲ့​ဘု​ရား ယေဟောဝါ​ကို တိုင်​တည်​ပြီး ငါ​ပြော​မယ်။ မင်း​ကို ငါ​မသတ်​ဘူး။ မင်း​ကို သတ်​ချင်​နေ​သူ​တွေ​လက်​ထဲ​လည်း မအပ်​ပါ​ဘူး” လို့ ယေ​ရ​မိ​ကို တိုး​တိုး​တိတ်​တိတ် ကတိ​ပေး​တယ်။ ၁၇  အဲဒီ​အခါ ယေ​ရ​မိ​က “အစ္စရေး​တို့​ရဲ့​ဘု​ရား၊ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– ‘မင်း​ကြီး​သာ ဗာဗု​လုန်​ဘု​ရင်ရဲ့ မင်း​ညီ​မင်း​သား​တွေ​ဆီ​မှာ အညံ့​ခံ​ရင် အသက်​ချမ်း​သာ​ရ​မယ်။ ဒီ​မြို့ မီး​ရှို့​ခံ​ရ​မှာ​မဟုတ်​ဘူး။ မင်း​ကြီး​နဲ့ မင်း​ကြီး​ရဲ့​မိသား​စု​လည်း အသက်​ချမ်း​သာ​ရ​မယ်။+ ၁၈  ဒါ​ပေမဲ့ ဗာ​ဗု​လုန်​ဘု​ရင်ရဲ့ မင်း​ညီ​မင်း​သား​တွေ​ဆီ​မှာ အညံ့​မခံ​ရင်​တော့ ဒီ​မြို့​က ခါလဒဲ​လူ​တွေ​လက်​ထဲ ရောက်​သွား​မယ်။ မြို့​ကို သူတို့ မီး​ရှို့​လိမ့်​မယ်။+ မင်း​ကြီး​လည်း သူတို့​လက်​က​နေ လွတ်​မှာ မဟုတ်​ဘူး’”+ လို့ဇေ​ဒ​ကိ​ကို ပြော​တယ်။ ၁၉  အဲဒီ​အခါ ဘု​ရင်ဇေ​ဒ​ကိ​က​ “ခါလဒဲ​လူ​တွေ​ဆီ သွား​ခိုလှုံ​တဲ့ ဂျူး​တွေ​ကို ငါ​ကြောက်​တယ်။ သူတို့​လက်​ထဲ ရောက်​သွား​ရင် ငါ့​ကို ရက်ရက်​စက်​စက် ညှဉ်း​ဆဲ​ကြ​မှာ” လို့ ယေ​ရ​မိ​ကို ပြော​တယ်။ ၂၀  ဒါ​ပေမဲ့ ယေ​ရ​မိ​က “မင်း​ကြီး သူတို့​လက်​ထဲ ရောက်​မှာ မဟုတ်​ပါ​ဘူး။ ကျွန်​တော်​ပြော​နေ​တဲ့ ယေဟောဝါ​ရဲ့​စကား​ကို နာ​ခံ​ပါ။ ဒါ​ဆို​ရင် မင်း​ကြီး ကောင်း​စား​ပြီး အသက်​ဆက်​ရှင်​လိမ့်​မယ်။ ၂၁  ဒါ​ပေမဲ့ မင်း​ကြီး အညံ့​မခံ​ဘူး​ဆို​ရင် ကျွန်​တော့်​ကို ယေဟောဝါ​ဘု​ရား ဖော်​ပြတဲ့​အရာ​က​တော့– ၂၂  ယုဒ​ဘု​ရင်ရဲ့ နန်း​တော်​မှာ ကျန်​ရစ်ခဲ့​တဲ့ အမျိုး​သမီး​တွေ​ဟာ ဗာဗု​လုန်​ဘု​ရင်ရဲ့ မင်း​ညီ​မင်း​သား​တွေ​ဆီ+ ခေါ်​သွား​ခံ​ရ​လိမ့်​မယ်။ ‘မင်း​ကြီး ယုံ​ကြည်​ကိုး​စား​သူ​တွေ​က မင်း​ကြီး​ကို လှည့်​စား​ပြီး အနိုင်​ယူ​လိုက်​ပြီ။+ မင်း​ကြီး​ရဲ့​ခြေ​ကို ရွှံ့​နွံ​ထဲ နစ်​ဝင်​သွား​အောင် လုပ်​ကြ​ပြီ။ သူတို့​ကျ​တော့ ဆုတ်​ခွာ​သွား​ပြီ’ လို့ ပြော​နေ​ကြ​တယ်။ ၂၃  မိ​ဖု​ရားတွေ​ကို​ရော သား​တော်တွေ​ကို​ပါ ခါလဒဲ​လူ​တွေ​ဆီ ဖမ်း​ခေါ်​သွား​ကြ​လိမ့်​မယ်။ မင်း​ကြီး​က သူတို့​လက်​က​နေ လွတ်​မှာ မဟုတ်​ဘူး။ ဗာ​ဗု​လုန်​ဘု​ရင်​ဆီ​မှာ အဖမ်း​ခံ​ရ​လိမ့်​မယ်။+ ဒီ​မြို့​ဟာ မင်း​ကြီး​ကြောင့် မီး​ရှို့​ခံ​ရ​လိမ့်​မယ်။”+ ၂၄  အဲဒီ​အခါ ဇေ​ဒ​ကိ​က “ဒီ​အ​ကြောင်း​တွေ​ကို ဘယ်​သူ​မှ မသိ​စေ​နဲ့။ သိသွား​ရင် မင်း အသတ်​ခံ​ရ​မှာ။ ၂၅  တ​ကယ်​လို့ မင်း​ညီ​မင်း​သား​တွေ​က မင်း​နဲ့ ငါ​ပြော​နေ​တာ​တွေ​ကို ကြား​သွား​လို့ မင်း​ဆီ​လာ​ပြီး ‘ဘု​ရင်​ကို ဘာ​တွေ​ပြော​လိုက်​လဲ။ မထိမ်​ချန်​ဘဲ အကုန်​ပြော​ပြ။ မင်း​ကို မသတ်​ပါ​ဘူး။+ ဘု​ရင်​က​ကော ဘာ​ပြန်​ပြော​လိုက်​လဲ’ လို့​မေး​ခဲ့ရင်၊ ၂၆  ‘ကျွန်​တော့်​ကို ယေ​ဟော​န​သန်​အိမ်​ဆီ ပြန်​မပို့​ပါ​နဲ့။ ပြန်​ပို့​ရင် ကျွန်​တော် သေရ​ပါ​လိမ့်​မယ်​ဆို​ပြီး+ မင်း​ကြီး​ကို အသနား​ခံ​တာ​ပါ’ လို့ ပြန်​ပြော​လိုက်” ဆို​ပြီး ယေ​ရ​မိ​ကို မှာ​တယ်။ ၂၇  နောက်​ပိုင်း​မှာ မင်း​ညီ​မင်း​သား​အားလုံး ယေ​ရ​မိ​ဆီ ရောက်​လာ​ပြီး မေး​မြန်း​ကြ​တယ်။ ယေ​ရ​မိ​က ဘု​ရင်​မှာ​တဲ့​အတိုင်း ပြန်​ဖြေတဲ့​အခါ သူတို့ ဘာ​မှ ဆက်​မပြော​တော့​ဘူး။ ဘု​ရင်​နဲ့ ဘာ​တွေ​ပြော​ခဲ့​မှန်း မသိ​ကြ​လို့​ပဲ။ ၂၈  ယေ​ရ​မိ​က ဂျေရု​ဆ​လင် သိမ်း​ပိုက်​ခံ​ရ​တဲ့​နေ့​အထိ အစောင့်​ရင်​ပြင်​မှာ+ ဆက်​နေ​ရ​တယ်။ ဂျေရု​ဆ​လင် သိမ်း​ပိုက်​ခံ​ရ​ချိန်​မှာ အဲဒီ​မှာ​ပဲ သူ​ရှိ​နေ​တယ်။+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “နန်း​တွင်း​အရာ​ရှိ။”