ယေရမိ ၃၉:၁-၁၈
၃၉ ယုဒဘုရင်ဇေဒကိ နန်းစံကိုးနှစ်၊ ဆယ်လပိုင်းမှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက စစ်တပ်အလုံးအရင်းနဲ့ ချီတက်လာပြီး ဂျေရုဆလင်မြို့ကို ဝိုင်းထားတယ်။+
၂ သူတို့က ဇေဒကိနန်းစံ ၁၁ နှစ်၊ လေးလပိုင်း၊ ကိုးရက်နေ့မှာ မြို့ရိုးကို ထိုးဖောက်လိုက်တယ်။+
၃ ဗာဗုလုန် မင်းညီမင်းသားတွေဖြစ်တဲ့ သံဂါ နေဂဲရှရေဇာ၊ ရာဗသာရိတ်* နေဗောစာသခိမ်၊ ရာမဂ်* နေဂဲရှရေဇာနဲ့ ကျန်တဲ့မင်းညီမင်းသားတွေ မြို့ထဲဝင်လာပြီး အလယ်တံခါးမှာ ထိုင်ကြတယ်။+
၄ ယုဒဘုရင်ဇေဒကိနဲ့ စစ်သည်တွေက သူတို့ကို မြင်တဲ့အခါ ညဘက်မှာ ဘုရင့်ဥယျာဉ်လမ်းနားမှာရှိတဲ့ မြို့ရိုးနှစ်ခုကြား တံခါးကနေ မြို့ပြင်ကိုထွက်ပြီး အရာဗာချိုင့်ဝှမ်းလမ်းအတိုင်း+ ဆက်ပြေးကြတယ်။+
၅ ဒါပေမဲ့ ခါလဒဲစစ်တပ်က လိုက်လာပြီး ယေရိခေါကန္တာရလွင်ပြင်မှာ ဇေဒကိကို ဖမ်းမိသွားတယ်။+ ဇေဒကိကို ဟာမတ်နယ်မြေ၊+ ရိဗလမြို့မှာရှိတဲ့+ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီ ဖမ်းခေါ်လာတယ်။ အဲဒီမှာ ဇေဒကိကို စီရင်ချက်ချတယ်။
၆ ရိဗလမြို့မှာ ဗာဗုလုန်ဘုရင်က ဇေဒကိရှေ့မှာတင် သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ ယုဒမှူးမတ်တွေကိုလည်း ကွပ်မျက်လိုက်တယ်။+
၇ ဇေဒကိရဲ့မျက်စိကို ဖောက်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+
၈ ခါလဒဲလူတွေက နန်းတော်နဲ့ လူနေအိမ်တွေကို မီးရှို့ပြီး+ ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုချပစ်တယ်။+
၉ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ မြို့ထဲမှာကျန်တဲ့သူတွေ၊ သူ့ဆီ အညံ့ခံပူးပေါင်းတဲ့သူတွေ၊ ကျန်တဲ့သူတွေကို ဗာဗုလုန်ဆီ ဖမ်းခေါ်သွားတယ်။
၁၀ ဒါပေမဲ့ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က ဆင်းရဲမွဲတေနေသူတချို့ကိုတော့ ယုဒပြည်မှာ ချန်ရစ်ခဲ့တယ်။ အဲဒီနေ့မှာပဲ သူတို့ကို စပျစ်ခြံတွေ၊ လယ်တွေပေးပြီး အလုပ်လုပ်ခိုင်းတယ်။*+
၁၁ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်ကို၊
၁၂ “ယေရမိကို ခေါ်ပြီး ကြည့်ရှုစောင့်ရှောက်ထားလိုက်။ ဘာအန္တရာယ်မှ မပေးနဲ့။ သူတောင်းဆိုသမျှ ဖြည့်ဆည်းပေးလိုက်”+ ဆိုပြီး မိန့်မှာတယ်။
၁၃ ဒါကြောင့် ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်၊ ရာဗသာရိတ် နေဗုရှာဇဗန်၊ ရာမဂ် နေဂဲရှရေဇာနဲ့ ဗာဗုလုန်အရာရှိတွေက လူလွှတ်ပြီး၊
၁၄ ယေရမိကို အစောင့်ရင်ပြင်ကနေ ခေါ်ထုတ်တယ်။+ အဲဒီနောက် ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီမှာ+ အပ်ပြီး ဂေဒလိရဲ့အိမ်ကို ခေါ်သွားခိုင်းတယ်။ ဒါကြောင့် ယေရမိက ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ရတယ်။
၁၅ အစောင့်ရင်ပြင်မှာ အချုပ်ခံနေရတုန်း+ ယေရမိကို ယေဟောဝါ ပြောတယ်–
၁၆ “အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ကို+ မင်းပြောရမှာက ‘“ဒီမြို့ကို ကောင်းမှုမပြုဘဲ ဘေးဆိုးကျရောက်စေမယ်လို့ ငါပြောခဲ့တဲ့အတိုင်း ဖြစ်လာအောင် ငါလုပ်မယ်။ အဲဒီအချိန်ကျရင် အဲဒီအတိုင်း ဖြစ်လာတာကို မင်းမြင်ရလိမ့်မယ်” လို့ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။’
၁၇ “‘ဒါပေမဲ့ အဲဒီနေ့မှာ မင်းကို ငါကယ်တင်မယ်။ မင်းကြောက်နေတဲ့ လူတွေလက်ထဲ ရောက်သွားမှာ မဟုတ်ဘူး’ လို့ ယေဟောဝါ ပြောတယ်။
၁၈ “‘မင်းကို ငါကျိန်းသေ လွတ်မြောက်စေမယ်။ မင်းက ဓားဘေးနဲ့ ကျဆုံးရမှာ မဟုတ်ဘူး။ ငါ့ကို ယုံကြည်ကိုးစားတဲ့အတွက်+ မင်းရဲ့အသက်ကို တိုက်ရာပါဥစ္စာလို ရလိမ့်မယ်’*+ လို့ ယေဟောဝါ ပြောတယ်။”