ယေရမိ ၄:၁-၃၁
၄ ယေဟောဝါက “အို အစ္စရေး၊ မင်းသာ ပြန်လာမယ်ဆိုရင်၊ငါ့ဆီ ပြန်လာမယ်ဆိုရင်၊ရွံမုန်းဖွယ်ရုပ်တုတွေကို ငါ့ရှေ့ကနေ ဖယ်ရှားမယ်ဆိုရင် ဝရမ်းပြေးဘဝရောက်မှာ မဟုတ်ဘူး။+
၂ ‘အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကိုတိုင်တည်ပြီး ပြောမယ်’ ဆိုပြီး အမှန်တရား၊တရားမျှတမှု၊ ဖြောင့်မတ်မှုနဲ့အညီ သစ္စာဆိုမယ်ဆိုရင် လူမျိုးတွေ ကောင်းချီးခံစားရလိမ့်မယ်။
ဘုရားသခင်ကြောင့် ဝါကြွားကြလိမ့်မယ်” လို့ပြောတယ်။+
၃ ယုဒလူတွေနဲ့ ဂျေရုဆလင်မြို့ကို ယေဟောဝါပြောတယ်–
“မြေကို ထွန်ယက်ပါ။
ဆူးပင်တွေကြားမှာပဲ မျိုးကြဲမနေနဲ့။+
၄ ယုဒလူတို့၊ ဂျေရုဆလင်မြို့သူမြို့သားတို့၊ငါယေဟောဝါအတွက် စိတ်နှလုံးကို စင်ကြယ်စေကြပါ။*+
ဒီလိုမှမဟုတ်ရင် မင်းတို့ရဲ့ အကျင့်ဆိုးတွေကြောင့် ငါ့ဒေါသဟာ မီးလိုတောက်လောင်မယ်။
ဒေါသမီး လောင်ကျွမ်းပြီး ငြိမ်းသတ်မယ့်သူရှိမှာ မဟုတ်ဘူး” လို့ပြောတယ်။+
၅ ယုဒပြည်မှာ ကြေညာကြပါ။
ဂျေရုဆလင်မြို့မှာ ကြွေးကြော်ကြပါ။
တစ်ပြည်လုံးမှာ တံပိုးမှုတ်ကြပါ။+
“အတူစုဝေးပြီး ခံတပ်မြို့တွေထဲ ပြေးဝင်ကြစို့။+
၆ ဇိအုန်မြို့ဆီ ညွှန်ပြတဲ့တိုင်ကို စိုက်ထူကြပါ။
ခိုနားရာကို ရှာကြ။ ငြိမ်ငြိမ်လေး ရပ်မနေကြနဲ့” လို့အော်ပြောလိုက်ပါ။
ပြိုလဲမှုဘေးဆိုးကြီးကို မြောက်အရပ်ကနေ ငါခေါ်လာပြီ။+
၇ ရန်သူဟာ ချုံထဲကနေ ခြင်္သေ့လို တက်လာပြီ။+
လူမျိုးတွေကိုဖျက်ဆီးသူ ထွက်လာပြီ။+
မင်းရဲ့တိုင်းပြည်ကို ထိတ်လန့်စရာကောင်းတဲ့ပြည် ဖြစ်စေဖို့ သူ့နေရာကနေ ထွက်လာပြီ။
မင်းရဲ့မြို့တွေ ပျက်စီးသွားလိမ့်မယ်။ နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+
၈ ဒါကြောင့် အထည်ကြမ်း ဝတ်ကြပါ။+
ညည်းတွားငိုကြွေးပြီး မြည်တမ်းကြပါ။
ယေဟောဝါက အမျက်တော်ကို ငါတို့ဆီကနေ ရုပ်သိမ်းမှာ မဟုတ်ဘူး။
၉ “အဲဒီနေ့မှာ ရှင်ဘုရင်ရော မင်းညီမင်းသားတွေပါ သတ္တိပျောက်ကုန်မယ်။+
ပုရောဟိတ်တွေ ကြောက်လန့်ပြီး ပရောဖက်တွေ မှင်တက်သွားမယ်”+ လို့ ယေဟောဝါပြောတယ်။
၁၀ အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော်တို့ရဲ့ လည်မျိုမှာ ဓားထောက်နေတာတောင် ကိုယ်တော်က ‘ငြိမ်သက်ခြင်း ရှိလိမ့်မယ်’ တဲ့။+ ဒါဟာ ဒီလူတွေနဲ့ ဂျေရုဆလင်ကို လုံးဝလှည့်စားနေတာပဲ” လို့ပြောတယ်။+
၁၁ အဲဒီအချိန်မှာ ဒီလူတွေနဲ့ ဂျေရုဆလင်မြို့ကို ပြောရမှာက–
“သဲကန္တာရမှာရှိတဲ့ တောင်ကတုံးတွေကနေ လေပူတွေဟာ ငါ့လူမျိုးသမီးပျိုကို တိုက်ချသွားလိမ့်တယ်။
စပါးကိုလှေ့ပြီး သန့်စင်စေဖို့ တိုက်တဲ့လေတွေတော့ မဟုတ်ဘူး။
၁၂ ငါ့အမိန့်ကြောင့် အဲဒီနေရာတွေကနေ လေပြင်းတွေ တိုက်ခတ်နေတယ်။
အခု သူတို့အပေါ် တရား စီရင်ချက်တွေကို ငါကြေညာမယ်။
၁၃ ကြည့်ပါ။ ရန်သူဟာ မိုးတိမ်လို လာတော့မယ်။
သူ့မြင်းရထားတွေဟာ လေပြင်းမုန်တိုင်းလိုပဲ။+
သူ့မြင်းတွေဟာ လင်းယုန်တွေထက် ပိုမြန်တယ်။+
ငါတို့ ဖျက်ဆီးခံရပြီမို့ အဖြစ်ဆိုးလိုက်တာ။
၁၄ အို ဂျေရုဆလင်၊ ကယ်တင်ခံရဖို့ မင်းရဲ့စိတ်နှလုံးကို မကောင်းမှုကင်းစင်အောင် ဆေးကြောလိုက်ပါ။+
ဆိုးညစ်တာတွေကို ဘယ်အချိန်အထိ တွေးနေမှာလဲ။
၁၅ အသံတစ်သံက ဒန်မြို့ကနေ သတင်းပေးနေတယ်။+
ဧဖရိမ်တောင်တန်းဒေသကနေ ဘေးဒုက္ခကို ကြွေးကြော်နေတယ်။
၁၆ ဒါကို လူမျိုးတွေကို ပြောပြပါ။
ဂျေရုဆလင်ကို ကြွေးကြော်ပါ။”
“ကင်းစောင့်တွေ ဝေးလံတဲ့ပြည်ကနေ လာနေတယ်။
ယုဒရဲ့မြို့တွေကိုတိုက်ဖို့ အော်ဟစ်ကြလိမ့်မယ်။
၁၇ ဂျေရုဆလင်က ငါ့ကိုပုန်ကန်ခဲ့တယ်။+
ဒါကြောင့် သူတို့က ဂျေရုဆလင် ကိုတိုက်ဖို့ လယ်စောင့်တွေလို အဘက်ဘက်ကနေ လာကြတယ်”+ ဆိုပြီး ယေဟောဝါပြောတယ်။
၁၈ “မင်းရဲ့လမ်းစဉ်နဲ့ လုပ်ရပ်တွေအတိုင်း ပြန်ခံရမယ်။+
မင်းကြုံရတဲ့ဘေးဆိုးဟာ ခါးသီးလိုက်တာ။
ပုန်ကန်မှုဟာ မင်းရဲ့စိတ်နှလုံးအထိ စိမ့်ဝင်နေပြီ။”
၁၉ ရင်နာလိုက်တာ၊ ရင်နာလိုက်တာ။
ရင်ထဲမှာ တဆစ်ဆစ် နာကျင်နေတယ်။
ရင်တွေ တဒိန်းဒိန်း ခုန်နေတယ်။
တံပိုးမှုတ်သံ၊စစ်တိုက်ဖို့ အချက်ပေးသံ* ကြားနေရလို့+ ကျွန်တော် နှုတ်ဆိတ်မနေနိုင်ဘူး။
၂၀ ဘေးဒုက္ခတစ်ခုပြီးတစ်ခု ဖြစ်နေပြီဆိုတဲ့ သတင်းရတယ်။
တစ်တိုင်းပြည်လုံး ဖျက်ဆီးခံရပြီ။
တဲတွေ ရုတ်တရက် ဖျက်ဆီးခံရပြီ။
ရွက်ထည်တွေလည်း တစ်ခဏအတွင်း ဖျက်ဆီးခံရပြီ။+
၂၁ ဇိအုန်မြို့ဆီ ညွှန်ပြတဲ့တိုင်ကို ဘယ်အချိန်ထိ မြင်နေရဦးမှာလဲ။
တံပိုးမှုတ်သံကို ဘယ်အချိန်ထိ ကြားနေရဦးမှာလဲ။+
၂၂ “ငါ့လူတွေက မိုက်မဲတယ်။+
ငါ့ကို အရေးမလုပ်ကြဘူး။
သိနားလည်မှုမရှိတဲ့ သားမိုက်တွေပဲ။
သူတို့က မကောင်းတာလုပ်ဖို့ဆိုရင် တော်လိုက်ကြတာ။
ကောင်းတာကိုတော့ မလုပ်တတ်ကြဘူး။”
၂၃ ကမ္ဘာမြေကို ငါကြည့်လိုက်တော့ ဟာလာဟင်းလင်းနဲ့ လူသူကင်းမဲ့နေတယ်။+
ကောင်းကင်ကို ကြည့်တော့လည်း ဘာအလင်းမှ မတွေ့ဘူး။+
၂၄ တောင်တန်းတွေကို ကြည့်လိုက်တော့ တုန်လှုပ်နေကြတယ်။
တောင်ကုန်းတွေလည်း လှုပ်ခါနေတယ်။+
၂၅ ငါကြည့်လိုက်တဲ့အခါ လူတစ်ယောက်မှ မတွေ့ဘူး။
မိုးကောင်းကင်ငှက်တွေလည်း ပျံသန်းကုန်ပြီ။+
၂၆ ငါကြည့်လိုက်တဲ့အခါ သစ်သီးခြံဟာ တောကန္တာရ ဖြစ်နေတယ်။
မြို့အားလုံး ပြိုပျက်ကုန်ပြီ။+
ဒါဟာ ယေဟောဝါကြောင့်၊အမျက်တော်မီးကြောင့်ပဲ။
၂၇ ယေဟောဝါ ပြောတာက– “တစ်ပြည်လုံး လူသူကင်းမဲ့သွားမယ်။+
ငါ အကုန်အစင်တော့ မဖျက်ဆီးဘူး။
၂၈ ဒါကြောင့် ကမ္ဘာမြေ ညည်းတွားငိုကြွေးရလိမ့်မယ်။+
မိုးကောင်းကင် မှောင်မိုက်သွားမယ်။+
ငါပြောပြီးပြီ။ ဆုံးဖြတ်ပြီးပြီ။
စိတ်ပြောင်းလဲမှာ၊ နောက်ဆုတ်မှာ မဟုတ်ဘူး။+
၂၉ မြင်းစီးသူရဲတွေ၊ လေးသမားတွေရဲ့အသံကြောင့်
တစ်မြို့လုံး ထွက်ပြေးကုန်ပြီ။+
တောအုပ်တွေထဲ ဝင်ပြီး ကျောက်ဆောင်တွေပေါ် တက်သွားကြပြီ။+
မြို့တိုင်း လူသူဆိတ်ညံရာ ဖြစ်ကုန်ပြီ။
နေထိုင်သူတစ်ယောက်မှ မရှိတော့ဘူး။”
၃၀ အခု မင်းက ဖျက်ဆီးခံရပြီမို့ ဘာဆက်လုပ်မလဲ။
ကြက်သွေးရောင်အဝတ်ကို မင်း ဝတ်ခဲ့ဖူးတယ်။
ရွှေလက်ဝတ်တန်ဆာတွေ ဆင်မြန်းခဲ့ဖူးတယ်။
မျက်လုံးကို အနက်ရောင် ခြယ်သခဲ့ဖူးတယ်။
အဲဒီလိုအလှပြင်နေလည်း အလကားပဲ။+
ရာဂစိတ်နဲ့ တပ်မက်နေသူတွေ မင်းကို ပစ်ပယ်သွားကြပြီ။
အခု မင်းကိုသတ်ဖို့ လိုက်ရှာနေကြပြီ။+
၃၁ ဖျားနာနေတဲ့ မိန်းမရဲ့ ညည်းသံ၊သားဦးမွေးလို့ ဝေဒနာခံစားနေရတဲ့အသံမျိုး ငါကြားတယ်။
ဇိအုန်သမီးပျို အသက်လုရှူနေရတဲ့ အသံပဲ။
သူက လက်ဖြန့်ပြီး+ “ငါ့အဖြစ်ဆိုးလိုက်တာ။
လူသတ်သမားတွေကြောင့် ငါမောဟိုက်နေပြီ” လို့ပြောနေတယ်။